အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြိုင်တွင် စစ်တပ်က အရပ်သား ၄ ဦးကို ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်

မကွေးတိုင်း မြိုင်မြို့နယ်တွင် ထိုးစစ်ဆင်နေသည့် စစ်တပ်သည် ယခုသီတင်းပတ်အတွင်း အရပ်သားအမျိုးသားလေးဦးကို ဖမ်းဆီးပြီးနောက် ညှဉ်းပန်းသတ်ဖြတ်ခဲ့သည်ဟု ဒေသတွင်းမှ ကူညီကယ်ဆယ်ရေးသမားများကဆိုသည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် ထိုးစစ်ဆင်နေသည့် စစ်တပ်သည် ယခုသီတင်းပတ်အတွင်း အရပ်သားအမျိုးသားလေးဦးကို ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည်ဟု ဒေသတွင်းမှ ကူညီကယ်ဆယ်ရေးသမားများကဆိုသည်။

ကယ်ဆယ်ရေးသမားများသည် ယမန်နေ့က မြိုင်မြို့နယ်အတွင်းရှိ မြင်းကိုးသစ်နှင့်လက်ခုတ်ပင် ကျေးရွာတို့တွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အရပ်သားလေးဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူများသည် ကန်နက်ရွာခံ၊ မြင်းကိုးသစ် နှင့် ကိုင်းတောမ ကျေးရွာများမှ အရပ်သားများဖြစ်ပြီး ၎င်းတို့ကို စစ်တပ်က ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းတို့ကခန့်မှန်းကြသည်။

ဒေသတွင်း စစ်ရှောင်အရေးကူညီပေးနေသည့် အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း- မြိုင်မှ ပြောရေးဆိုခွင့်ရှိသူ ဆရာထွေးက စစ်တပ်ထွက်သွားပြီးနောက် ၎င်းတို့သည် လက်ခုတ်ပင်ရွာမြောက်ဘက်ရှိ ခြံဝင်းတစ်ခုအတွင်း မြှုပ်နှံထားသည့် အရပ်သားရုပ်အလောင်းနှစ်လောင်းကို ရှာတွေ့ခဲ့ကြောင်း၊ ၎င်းတို့သည် ရုပ်အလောင်းတွေ့သည့် ကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့်  ကန်နက်ရွာမှ အသက် ၅၀ နှင့် ၆၀ ဝန်းကျင် အရပ်သားနှစ်ဦးဖြစ်ကြောင်းပြောသည်။

“ အဲ့ဒီအလောင်းနှစ်လောင်းက လက်ပြန်ကြိုးတုပ်ထားတယ်။ လည်ပင်းမှာလှီးတယ်။ ဗိုက်တွေမှာ ထိုးတယ်။ ပေါင်တွေမှာလည်း ညိုမည်းဒဏ်ရာတွေနဲ့။ အဝတ်ဗလာဗျ။ ညှဉ်းပန်းနှိပ်စက်ပြီး ရက်ရက်စက်စက် သတ်ထားတဲ့ သဘောဗျ။ ဒါကလည်း မြှုပ်ထားတဲ့ကျင်းထဲမှာပဲ သူ့ကိုထိုးတဲ့ ဓားမြှောင်က အဲ့ထဲမှာထည့်မြှုပ်ထားတာ တွေ့ရတယ်”ဟု ၎င်းကပြောသည်။

ထို့အပြင် မြင်းကိုးသစ်ရွာမှ အသက် ၆၇ နှစ်အရွယ် အမျိုးသားနှင့် ကိုင်းတောမရွာမှ အသက် ၅၆ နှစ်အရွယ် အမျိုးသားတို့၏ ရုပ်အလောင်းများကို မြင်းကိုးသစ်ရွာအနီးတွင် ထပ်မံတွေ့ရှိခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။

“ အသက် ၅၆ နှစ်အရွယ်လူကတော့  ဦးခေါင်းကပွင့်ထွက်ပြီးတော့ တွေ့ရတယ်။ ခေါင်းကိုသေနတ်နဲ့ တေ့ပစ်ထားတာဗျ။ ၆၇ နှစ်အရွယ်လူကတော့ ရိုက်သတ်လား၊ ထိုးသတ်လားတော့ မသိဘူး။ ဦးခေါင်းပွင့်ထွက် ဒဏ်ရာတော့မဟုတ်ဘူး”ဟု ဆရာထွေးက ပြောသည်။ 

မကွေးတိုင်း မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းဝင် ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့ခဲ့သည့်ကျေးရွာများပြမြေပုံ။ 

စစ်ကြောင်းဝင်ရာလမ်းတလျှောက်တွင် ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်တောက်နေသူများလည်း ရှိနေဆဲဖြစ်သည်ဟု ဆရာထွေးကဆက်ပြောသည်။ 

အင်အားရာနှင့်ချီပါဝင်သည့် စစ်ကြောင်းသည် မကွေးတိုင်း၊ မြိုင်၊ ပေါက်နှင့် ပခုက္ကူမြို့နယ်စပ်တို့ကို လှည့်လည်စီးနင်း မီးရှို့ပြီးအရပ်သားများ ဖမ်းဆီးသတ်ဖြတ်နေသည်ဟုလည်း ဒေသခံများကဆိုသည်။

ထိုစစ်ကြောင်းသည် ဖမ်းဆီးသတ်ဖြတ်မှုများသာမက နှစ်ပတ်နီးပါးအထိုင်ချခဲ့သည့် ပေါက်မြို့နယ် ထောက်ရှာပင်ရွာ၊ မြိုင်မြို့နယ် လက်ခုတ်ပင်၊ ကိုင်းတောမ၊ ညောင်ကုန်း၊ ထန်းငယ်တောရွာတို့ကို မီးရှို့ဖျက်ဆီးမှုများကြောင့် အိမ်ခြေအများအပြား ပြာကျပျက်စီးခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန်သည်။ 

ထောက်ရှာပင်ရွာရှိ နေအိမ် ၄၇ လုံး၊ ထရန်စဖော်မာ တစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ပေါက်မြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာမှု ထောက်ထားရေးဌာနမှ ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ 

ထောက်ရှာပင်ရွာသည် ၂၀၂၂ ခုနှစ်ကစစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၂၀ နီးပါး ပြာကျခဲ့ရသည့် ကျေးရွာဖြစ်ပြီး သုံးနှစ်ကျော်အကြာတွင် တကျော့ပြန် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ 

မြိုင်မြို့နယ်၌ ဇူလိုင်လ ဒုတိယပတ်က  စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့်နေအိမ်များ။ (ဓာတ်ပုံ- ပေးပို့)

လက်ရှိတွင်စစ်တပ်စစ်ကြောင်းမှာ မြိုင်မြို့အနီး စစ်တပ်အထိုင်ချတပ်စွဲရာ တပ်မတော် အကြီးစား လက်နက်စက်ရုံ(မြိုင်) (စက်မှု-၂)အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများကဆိုသည်။ 

ကျေးရွာများထဲတွင် စစ်တပ်မရှိသော်လည်း စစ်တပ်ထောင်ခဲ့သည့် မိုင်းအန္တရာယ်ကြောင့် ပေါက်မြို့နယ်ဒေသခံများမှာ ရွာထဲပြန်မဝင်ရဲဘဲ စစ်ရှောင်နေရသည့်အပြင် မြိုင်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ တစ်သောင်းကျော်လည်း စစ်ရှောင်နေရဆဲဖြစ်ကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများက ဆိုသည်။ 

ကုန်းတွင်းရေနံမြေထွက်ရှိသော မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်သည် တော်လှန်ရေး အင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းပြီး စစ်တပ်နှင့် ပြည်သူ့စစ်အထိုင်ချထားသည့် ပျူစောထီးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်သာ စစ်တပ်က ခြေကုပ်ယူထားနိုင်သည်။ 

စစ်တပ်နှင့်ပြည်သူ့စစ်များအထိုင်ချထားသည့် မြိုင်မြို့နယ် သရက်ကန်ရွာနှင့် ပေါက်မြို့နယ် ရေပြာရဲစခန်းနှင့် ကုက္ကိုလ်စုပျူရွာတို့ကို ပြီးခဲ့သည့်လပိုင်းအတွင်း တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် စစ်ရေးတင်းမာခဲ့သည်။ ထို့အပြင် ဇွန်လ တတိယပတ်တွင် မြိုင်မြို့နယ် တွင်းမရွာအနီး စစ်တပ်ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးအင်အားစုများက FPV အသေခံဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ 

 တရုတ်ကြားဝင်မှုဖြင့် ရှမ်းမြောက်အခြေစိုက် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် အပစ်ရပ်နိုင်ခဲ့ပြီးနောက် စစ်ရေးအရခေါင်းထောင်လာသည့် စစ်တပ်သည် နိုင်ငံအလယ်ပိုင်း တော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသများတွင် ထိုးစစ်အရှိန်မြှင့်တင်ခဲ့သည်။ 

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့နှင့်ထိစပ်နေပြီး စစ်တပ်အသက်သွေးကြောဖြစ်သည့် လက်နက်စက်ရုံ တစ်ဒါဇင်ကျော်ရှိရာ မကွေးတိုင်းတွင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် ဒေသများကို စစ်တပ်ကမြေပြင်စစ်ကြောင်းများသာမက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ 

မကွေးဒေသတွင် ဇွန်လအတွင်းမြို့နယ်ပေါင်း ၁၆ မြို့နယ်တွင်စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ဘောင်ပိုမိုကျယ်ပြန့်လာကြောင်း အရပ်ဘက်အဖွဲ့ တစ်ခုဖြစ်သည့် တမာဖွံ့ဖြိုးရေးအင်စတီကျူ (Tamar Institue of Development) အဖွဲ့က ယနေ့ထုတ်ပြန်သည်။ ထိုအဖွဲ့သည် မကွေးဒေသတွင်းဖြစ်နေသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ၊ တိုက်ပွဲများနှင့် စစ်အုပ်စုကျူးလွန်သည့် ရာဇဝတ်မှုများကို ကောက်ယူပြုစုပြီး လစဉ်ထုတ်ပြန်နေသည့် အရပ်ဘက်အဖွဲ့ ဖြစ်သည်။ 

ဇူလိုင်လ ဒုတိယပတ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး အဖွဲ့ (UNOCHA) ၏ အစီရင်ခံစာအရ နိုင်ငံတဝန်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိပြီး အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများဖြစ်သည်ဟု ဆိုသည်။မကွေးတိုင်းတွင်လည်း မကြာသေးမီကဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် လူဦးရေ တစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း အစီရင်ခံစာက ဆိုသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button