ချင်းပြည်နယ်အတွင်း လက်လွှတ်ထားရသောနယ်မြေ အများစုကို ပြန်လည်သိမ်းပိုက်နိုင်ရန် ထိုးစစ် ဆင်နေသည့် စစ်တပ်က ပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ပြီဟု ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်)တွင် ထုတ်ပြန်သည်။
အိန္ဒိယနှင့်ထိစပ်နေသည့် ထန်တလန်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများနှင့် စစ်တပ်က တစ်ဝက်စီ ထိန်းချုပ်ထားခဲ့ရာ ယခင်လအတွင်း စစ်တပ်က အင်အားထပ်ဖြည့်၍ အပြီးသတ်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
ထန်တလန်မြို့ နေရာအများစုတွင် ရိုက်ကူးထားသည့်ဓာတ်ပုံများကိုလည်း စစ်တပ်ဘက်က ထုတ်ပြန်ခဲ့ပြီး မြို့တွင်းအပျက်အစီးများစွာ တွေ့မြင်ရသည်။
ယခုနှစ် ဇွန်လ ဒုတိယပတ်မှစ၍ ထန်တလန်မြို့ရှိ ရဲစခန်း၊ အမှတ် (၃) မူလတန်းကျောင်း၊ အမှတ် (၁) အထက်တန်းကျောင်း၊ ပြည်သူ့ဆေးရုံ၊ မီးသတ်ရုံးနှင့် ဟိုတယ်ဇုန်တို့အား စစ်တပ်က ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် မြို့ကို အပြီးသတ်ပြန်သိမ်းနိုင်ရန် စစ်တပ်က ပြည်နယ်မြို့တော် ဟားခါးမြို့မှတဆင့် မိုင် ၂၀ ကျော်အကွာ ထန်တလန်သို့ အင်အား ၂၀၀ ကျော်ကို ဇွန်လပထမပတ်အတွင်း မြေပြင်စစ်ကြောင်းထိုးကာ ပို့ဆောင်ခဲ့သည်။
ဟားခါးမြို့မှစစ်ကူအင်အားအပြင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့သုံးကာ အပြင်းအထန်ထိုးစစ် ဆင်ခံရသဖြင့် ဟားခါး- ထန်တလန် လမ်းပိုင်း နေရာအချို့မှ ဆုတ်ခွာပေးခဲ့ရကြောင်း CDF ထန်တလန် ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ဇွန်လအတွင်းက ပြောထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှုများ ပြင်းထန်ရာ ချင်းပြည်နယ် ဟားခါးခရိုင်ထဲမှ ထန်တလန်မြို့ကို ၂၀၂၁ နှစ်ကုန်ကတည်းက စစ်တပ်က အပြင်းအထန်တိုက်ခိုက်ခဲ့သဖြင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားခဲ့သည်။ လူဦးရေ တစ်သောင်းကျော် နေထိုင်သည့် ထန်တလန်မြို့၌ မြို့နေလူထု အားလုံး ထိုစဉ်ကတည်းက စွန့်ခွာထွက်ပြေးခဲ့ကြရသည်။
ပြည်နယ်မြို့တော်နှင့် အလှမ်းမဝေးဘဲ စစ်ရေးအရ အချက်အချာကျသည့် ထန်တလန်မြို့ကို စိုးမိုးထိန်းချုပ်နိုင်ရန် စစ်တပ်နှင့်တော်လှန်ရေးအင်အားစုများ အပြိုင်အဆိုင်ကြိုးစားခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည်။
တော်လှန်ရေးအင်အားစုများက ၂၀၂၃ ဖေဖော်ဝါရီလတွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလတွင် စစ်တပ်က ပြန်လည်ဝင်ရောက်ခဲ့သည်။ ထို့နောက် ၂၀၂၄ ဇူလိုင်လတွင် ဒုတိယအကြိမ်မြောက်အဖြစ် ချင်းတော်လှန်ရေးတပ်များက ပြန်လည်တိုက်ခိုက်ရာတွင် မြို့ပေါ်ရှိ နေရာအချို့ကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် မြို့ကိုတစ်ဝက်စီ ထိန်းချုပ်ထားနိုင်ရာမှ စစ်တပ်က မြို့ကို အပြီးသတ်ပြန်ရသွားသည်ဟု ယူဆရသည်။
ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်ကြောင်း စစ်တပ်ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ချင်းပြည်ကောင်စီ (CC) ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိူင်ဂျွန်ကီးက ယခင်ကတည်းက စစ်တပ်သည် နေရာအများစုတွင် ရှိပြီး ဖြစ်သလို ၎င်းတို့လည်း ဆက်ရှိနေကြောင်း တုံ့ပြန်သည်။
“ထန်တလန်ကို ခုမှ အလုံးစုံသိမ်းတာမဟုတ်ပါဘူး။ အရင်တည်းက ရဲစခန်းတွေ တပ်စခန်းတွေမှာ (စစ်တပ်က) ရှိပြီးသား ။ အခုမှ ဝင်လာပြီးတိုကိပြီးသိမ်းတာမဟုတ်ပါဘူး။ အရင်ကတည်းကရှိပြီးသားကို နယ်မြေရှင်းလင်းရေးတွေမလုပ်သေးတာ တစ်ခုပဲ။ အခုမှ ရှင်းလင်းရေးတွေလုပ်ပြီးမှ အလုံးစုံ ပြန်ထိန်းချုပ်နိုင်တယိဆိုတာ ထုတ်ပြန်တာပေါ့။ သူတို့ကျွန်တော်တို့ကို အလူးအလဲ တိုက်ခိုက်ပြီးမှ တိုက်ပွဲတွေဖြစ်ပြီးမှ သိမ်းတာတော့မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ထန်တလန်မြို့ပေါ်တွင် စစ်တပ်ရှိနေသလို တော်လှန်ရေးအင်အားစုများလည်း ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“စကစတွေလည်း ရှိသလို ကျွန်တော်တို့လည်း ရှိနေသေးပါတယ်” ချင်းပြည်ကောင်စီ (CC) ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထန်တလန်မြို့ပေါ်ရှိ မူလရှိပြီးသား စစ်ကောင်စီအင်အားနှင့် ဇွန်လအတွင်းဖြည့်တင်းခဲ့သည့် စစ်ကူ အင်အားပူးပေါင်းမှုတို့ကြောင့် တစ်လကျော်အတွင်းမှာပင် ပြန်လည်ထိန်းချုပ်နိုင်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။
“ချင်းတော်လှန်ရေးတပ်တွေက အပြည့်အဝ ရာနှုန်းပြည့် ထိန်းချုပ်နိုင်တဲ့အနေအထားမျိုးမရှိဘူး။ ဟားခါး- ထန်တလန်လမ်းကြောင်းကို ဖြတ်တောက်ထားရတဲ့ အတွက် ထန်တလန်ကို စစ်တပ်ဘက်က လက်လွှတ်ထားရသလိုဖြစ်တာ။ အဲ့ဒါကြောင့်မလို့လည်း အခု တစ်လကျော်အတွင်းမှာ ပြန်ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ရသွားတဲ့အနေထားမျိုးလို့ပြောလို့ရတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

ထန်တလန် ဘယ်လိုပြာကျခဲ့သလဲ
စစ်တပ် အာဏာသိမ်းပြီးနောက် လပိုင်းအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ထန်တလန်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီး မြို့နေလူထု တစ်သောင်းဝန်းကျင်မှာ အိန္ဒိယ နယ်စပ် မီဇိုရမ်ပြည်နယ်နှင့် နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်ရပြီး ပထမဆုံးမြို့လုံးကျွတ်စစ်ဘေးရှောင်တိမ်းရသည့် မြို့ဖြစ်သည်။ စစ်တပ်၏ အကြိမ်ကြိမ်မီးရှို့မှုကြောင့် မြို့ပေါ်ရှိ ဘုရားကျောင်းများ၊ လူနေအိမ်များ အပါအဝင် ရာနှင့်ချီသည့် အဆောက်အုံများပြာကျခဲ့ရသည်။
မြို့တွင်းဧရိယာ သုံးပုံနှစ်ပုံခန့်မီးလောင်ပျက်စီးခဲ့ရသည့်အတွက် ဒေသခံ ပြည်သူများ နေရပ်ပြန်လည် အခြေချရန် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များစွာ လိုအပ်နေပြီး ဒေသခံများ မြို့တွင်း ပြန်ဝင်နိုင်ရန် အခက်အဲများ ရှိနေသေးကြောင်း ချင်းရေးရာအဖွဲ့ (Institute of Chin Affairs)၏ အုပ်ချုပ်ရေးနှင့် သတင်းအချက်အလက်တာဝန်ခံ ဆလိုင်းဗန်ဆွေးဆန်ကပြောသည်။
ချင်းရေးရာအဖွဲ့သည် စစ်ရေး၊နိုင်ငံရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ပဋိပက္ခများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ပြီး အစီရင်ခံစာများ ထုတ်ပြန်နေသည့် သုတေသနနှင့် မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သည်။
“မြို့ရဲ့သုံးပုံနှစ်ပုံလောက်ကတော့ မီးထဲပါသွားပြီး အကုန်လုံးပျက်စီးသွားတဲ့အနေအထားဆိုတော့ ပြည်သူတွေ ပြန်သွားမယ်ဆိုရင်လည်း အခြေခံအဆောက်အဦတွေကအစ အကုန်လုံး ပြန်လည် တည်ဆောက်ရမှာ အများကြီးရှိသေးတယ်။ ဆိုတော့ စစ်တပ်ဘက်ကရော မြို့ပြ ပြန်လည် လည်ပတ်နိုင်ဖို့ ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲ။ မြို့ထဲပြန်လာတဲ့ ပြည်သူတွေအတွက် လုံခြုံမှုဘယ်လောက် ပေးနိုင်လဲ ဆိုတာမျိုးရှိတယ်။ အခုလောလောဆယ်တော့ ပြည်သူတွေမြို့ထဲပြန်ဝင်ဖို့ခက်မယ့်အနေထားမျိုး ရှိပါသေးတယ်”ဟု ချင်းရေးရာအဖွဲ့မှ ဆလိုင်းဗန်ဆွေးဆန်ကပြောသည်။
အိန္ဒိယနိုင်ငံတွင် နှစ်နှင့်ချီစစ်ဘေးရှောင်တိမ်းနေရသည့် ထန်တလန်ဒေသခံတစ်ဦးကလည်း လက်ရှိအချိန် အိမ်ပြန်ခရီးမှာ ဝေဝါးနေဆဲသာဖြစ်သည်ဟုဆိုသည်။
“ သူများနိုင်ငံမှာနေရတာသိပ်အဆင်မပြေဘူးပေါ့။ (ထန်တလန်)ပြန်ဖို့ကတော့ ပြောရခက်တယ်။ ပြောလို့ မရသေးဘူး” ဟု အထက်ပါထန်တလန်ဒေသခံအမျိုးသားက ပြောသည်။

ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ကို ယခုနှစ် ဧပြီလတွင် စစ်တပ်က ပြန်သိမ်းလိုက်ပြီးနောက် တီးတိန်နှင့် ထန်တလန်တို့ကိုပါ ပြန်လည်ထိန်းချုပ်လိုက်နိုင်သဖြင့် ချင်းပြည်မြောက်ပိုင်းတွင် စစ်တပ် နယ်မြေ စိုးမိုးမှု ပိုမိုကျယ်ပြန့်လာပြီး တော်လှန်ရေး အင်အားစုများက အိန္ဒိယ- မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့နှင့် ကျီခါးမြို့တို့ကိုသာ ဆက်လက်ထိန်းချုပ်ထားနိုင်သည်။
ချင်းပြည်မြောက်ပိုင်းတွင် စစ်တပ်က နယ်မြေပြန်လည်စိုးမိုးရေး ဆက်တိုက်ထိုးစစ်ဆင်နေချိန် ချင်းပြည် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်ကိုလည်း မေလကတည်းကစ၍ အင်အားနှစ်ထောင်ကျော်ဖြင့် မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်ဘက်မှတဆင့် ထိုးဖောက် တိုက်ခိုက်နေသည်။
ယောဒေသ ကျောက်ထုမြို့မှ မင်းတပ်သို့ လည်းကောင်း၊ ဆောမြို့မှ ကန်ပက်လက်သို့လည်းကောင်း စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေသည့် စစ်တပ်ကို ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်ပူးပေါင်း တပ်များက ခုခံတိုက်ခိုက်ရာစစ်တပ် စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည်။
ထို့ကြောင့် ဇူလိုင်လ ဒုတိယပတ်တွင် မကွေးတိုင်းဘက်မှတဆင့် စစ်ကူအင်အားထပ်မံဖြည့်တင်းပြီး ထိုးစစ်အရှိန်မြှင့်ရန် ကြိုးပမ်းနေသည်။
“တောင်ပိုင်းမှာကတော့ ချင်းတော်လှန်ရေးဘက်တွေဘက်က အားရစရာရှိတဲ့အနေထားမျိုးတွေ့ရတယ်။ စစ်တပ်က ကျောက်ထုကနေ၊ ဆော – လောင်းရှည်ဘက်ကနေ စစ်အင်အားတွေ ဖြည့်တင်းနေပေမယ့် သူတို့ မင်းတပ်၊ ကန်ပက်လက် တိုက်စစ် မျက်နှာစာတွေကို အလောတကြီး မပို့ရဲသေးတာတွေကို တွေ့ရတယ်။ မင်းတပ်နဲ့ ကန်ပက်လက်မှာတော့ ချင်းတော်လှန်ရေးတပ်တွေက မြေအနေအထားအရရော၊ ရာသီဥတုအနေအထားအရ ထိုးစစ်အသွင်ရှိတဲ့ ခံစစ်အနေထားမျိုးတွေ့ရ တယ်။မင်းတပ် ကျရင်တော့ ကန်ပက်လက်ကလည်း ရေရှည်တောင့်ခံဖို့တော့ မလွယ်ဘူး။ အဲ့ဒီတော့ မင်းတပ်က အဓိကကျတဲ့ ခံစစ်နေရာပေါ့”ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
ချင်းပြည်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်ဒေသသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပလက်ဝဒေသနှင့်ရခိုင်ပြည်နယ်ထိ ထိုးဖောက်နိုင်သည့်အတွက် နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးမှာ နှစ်ဖက်လုံးအတွက်အရေးပါသည့်အခြေအနေဖြစ်သည်။ မင်းတပ်နှင့် ကန်ပက်လက်နယ်စပ်တွင် ဖြစ်နေသည့်တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) က ပါဝင်တိုက်ခိုက်နေကြောင်း ဇွန်လကုန်ပိုင်းက ထုတ်ပြန်ထားသည်။
အထိနာနေသည့် ချင်းပြည်တောင်ပိုင်းထိုးစစ်တွင် စစ်အင်က မြေပြင်အားအလုံးအရင်းသာမက လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက်လုပ်ဆောင်နေကြောင်း ဒေသခံများကဆိုသည်။
“လေကြောင်း တိုက်ခိုက်မှုတွေများလာတယ် ခဲယမ်း၊ရိက္ခာ အနေအထားအရ ချင်းတော်လှန်ရေးတပ် တွေရဲ့နောက်ဆုံးခံစစ်သည် မတူပီအထိ ဆုတ်သွားကောင်း ဆုတ်သွားရနိုင်တယ်။ မတူပီကနေ ပလက်ဝ နယ်မြေကိုတော့ စစ်တပ်က ဘယ်လိုမှ ထိုးဖောက်နိုင်မယ့် အနေထားမျိုးမရှိဘူး။ ပြောရရင်တော့ ချင်းပြည်နယ်တောင်ပိုင်း စစ်မျက်နှာကတော့ လုံတယ်လို့ ပဲ ပြောရမှာပေါ့”ဟု ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
စစ်တပ် ကြိုးကိုင်သည့် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင်သည် သမ္မတရာထူးရယူပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု အယောင်ပြကာ တစ်ဖက်တွင်လည်း စိုးမိုးနယ်မြေများပြန်ရရင် စစ်ရေးဖိအားပေးမှုများလုပ်နေသည်။
၂၀၂၆တွင် စစ်တပ်သည် မဟာဗျူဟာအရ အရေးပါသော နေရာဒေသများကို ဦးတည်သည့် ပူးပေါင်းစစ်ရေးများဖော်ဆောင်လာနိုင်ပြီး အထူးသဖြင့် ရခိုင်၊ ကချင်၊ ကရင်၊ ချင်း အပါအဝင် အဓိက ကျသည့်နယ်မြေများ၊ မဟာဗျူဟာ ဆက်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်လမ်းကြောင်းများတွင် စစ်ဆင် ရေးများ လုပ်ဆောင်လာနိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က သုံးသပ်ထားသည်။





