အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဆီယံ အထူးသံနှင့်တွေ့ဆုံမှုသည် စစ်တပ်နှင့်ဆွေးနွေးရေး မဟုတ်ဟု ဆို

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ အထူးကိုယ်စားလှယ်က မြန်မာ့အရေးအတွက် စစ်တပ်နှင့် သာမက အတိုက်အခံအင်အားစုများဖြစ်သော NUGနှင့် ၎င်း၏မဟာမိတ် လက်နက်ကိုင်လေးဖွဲ့၊ အပစ်ရပ် လက်မှတ်ထိုးထားသော လက်နက်ကိုင်နှစ်ဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) အဖွဲ့ဝင် လက်နက်ကိုင်လေးဖွဲ့တို့က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံ၏ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံမှုသည်  စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် မဟုတ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့်ပတ္တရားမြို့တို့၌ စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး၊ စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီကိုယ်စားလှယ်၊ တစ်ဖက်တွင် မြန်မာနိုင်ငံ၏ အတိုက်အခံအင်အားစုများဖြစ်သော SCEF အဖွဲ့ဝင် လက်နက်ကိုင်လေးဖွဲ့ အပါအဝင် လက်နက်ကိုင် ခြောက်ဖွဲ့တို့နှင့် အထူးကိုယ်စားလှယ် မစ္စ မာထရီဆာပီ လာဇရိုတို့ သီးခြားစီ တွေ့ဆုံခဲ့သည်။

ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) တွင် NUG နှင့်  အွန်လိုင်းမှတဆင့် Video Conference ဖြင့်တွေ့ဆုံခဲ့ပြီး NUG ဘက်မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ နိုင်ငံခြားရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းတို့ တက်ရောက်ခဲ့ကြသည်။

မြန်မာ့အရေးအတွက် ပြုလုပ်သော အာဆီယံ၏ ပတ္တရား ဘန်ကောက်ဆွေးနွေးပွဲများနှင့်ပတ်သက်၍ NUG ကို ဖိတ်ကြားထားခြင်း မရှိကြောင်း သတင်းများထွက်ပေါ်အပြီး အွန်လိုင်းမှတွေ့ဆုံမှု ပေါ်ပေါက် လာသည်။ 

အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်ရေးကြိုးပမ်းမှုများသည် ယခင်က လုပ်ခဲ့သည့် မြန်မာ့အရေးနှင့် သက်ဆိုင်သူများအား ကျယ်ကျယ်ပြန့်ပြန့် ပါစေခဲ့သော တွေ့ဆုံမှုများဖြင့် ဆက်စပ်သင့်သည်ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ထိုဆွေးနွေးပွဲတွင် ပြောခဲ့ကြောင်း သိရသည်။

“ အခုဒီတစ်ကြိမ်တွေ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့တွေ့ဆုံမှုတွေကကြတော့ အဲဒီလိုမျိုးကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့တဲ့အကြောင်းအရာ အချက်အလက်တွေအပေါ်မှာ အဆက်အစပ်မမိတာမျိုး။ သီးခြား လမ်းကြောင်း တစ်ခုပေါ့။ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နဲ့ ရရှိပြီးသား သဘောတူ ဆုံးဖြတ်ချက်တွေအပေါ်မှာ သွေဖည်သွားမှာမျိုးကို ကျွန်မတို့က ထောက်ပြတာဖြစ်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က Myanmar Now ကို ပြောသည်။ 

အာဆီယံ အထူးသံအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်များနှင့်လည်း သီးခြားစီတွေ့ဆုံပြီးဖြစ်၍ မိမိတို့၏ တူညီသည့် သဘောထားကို သိရှိပြီးဖြစ်မည်ဟု ယူဆကြောင်း NUG က ယမန်နေ့ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အားလုံး တစ်စုတစ်စည်းတည်း ဆွေးနွေးနိုင်ပါက အာဆီယံအနေနှင့် မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုတိကျစွာ နားလည်သဘောပေါက်လာနိုင်မည်ဖြစ်ကြောင်း NUG ဘက်က ဆိုသည်။

အာဆီယံက ချဉ်းကပ်လုပ်ဆောင်သည့် မြန်မာ့အရေးဆွေးနွေးပွဲများတွင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်သည် အဓိက အချက်များအဖြစ် အမြဲပါဝင်သည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စ မာထရီဆာပီ လာဇရိုကို  ဇူလိုင်လ ၁၂ ရက်က ဘန်ကောက်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- AFP)

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဆိုသည်မှာ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ ပါဝင်သော မြန်မာ့အရေးဆွေးနွေးပွဲ၌ ချမှတ်ခဲ့သော သဘောတူညီချက်များ ဖြစ်သည်။

ထိုငါးချက်မှာ(၁) အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ (၂) သက်ဆိုင်ရာအစုအဖွဲ့အားလုံးကြား အပြုသဘောဆောင်သော ဆွေးနွေးပွဲများစတင်ရန်၊ (၃) ဆွေးနွေးပွဲများ ကြားဝင်ညှိနှိုင်းပေးနိုင်ရေး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခန့်ရန်၊ (၄) လူသားချင်းစာနာမှုအကူအညီများပေးရန်နှင့် (၅) အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖွဲ့ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနှင့်ဆွေးနွေးနိုင်ရေး မြန်မာနိုင်ငံသို့လာနိုင်ရန် တို့ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်လအကြာ အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဘုံသဘောတူညီချက် ငါးရပ်ကို အာဏာသိမ်း မြန်မာစစ်တပ်က ယခုအချိန်အထိ လိုက်နာခြင်း မရှိပေ။ 

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက် ဘန်ကောက်တွေ့ဆုံပွဲ၌ စစ်တပ်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာသည်၊ ဆွေမျိုးတစ်ဦးကဲ့သို့ စောင့်ရှောက်ထားသည်ဟုသာ ၎င်းက တုံ့ပြန်ထားသည်။  စစ်တပ်သည် ၎င်းတို့ အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအပါအဝင် အခြားသူများနှင့် တွေ့ဆုံခွင့် မပေးဘဲ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ထိုစဉ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်သာ တွေ့ဆုံခွင့်ပေးခဲ့သည်။ 

ထို့အပြင် အာဆီယံက တိုက်တွန်းသော သဘောတူညီချက်ငါးရပ်သည်  မြန်မာနိုင်ငံ၏ ပကတိ အရှိတရားနှင့် မကိုက်ညီသဖြင့် လိုအပ်သလိုသုံးသပ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ၎င်းတို့လွှတ်တော်က  ဇူလိုင်လ ၉ ရက်တွင် ဆုံးဖြတ်ထားကြောင်း ဆိုသည်။

ထိုဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားနှင့် မလေးရှားမှအပ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့်  အဆင့်မြင့်အရာရှိများတက်ရောက်ခဲ့ကြသည်။ 

SCEF အဖွဲ့ဝင် လက်နက်ကိုင်လေးဖွဲ့ 

ဇူလိုင်လ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် ပတ္တရားမြို့ဆွေးနွေးပွဲ၌ SCEF အဖွဲ့ဝင် လက်နက်ကိုင်လေးဖွဲ့  ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ အခြားနှစ်ဖွဲ့မှာ စစ်တပ်နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတက်နေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြစ်ကြသည်။

KIO နှင့် CNF မှ လွဲ၍ ကျန်အဖွဲ့များမှာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေစိုက်သော လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည်။  အာဆီယံအထူးသံနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့သည်။ 

စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ဖြတ်ဖယ်ရှားပစ်ရန် ဆိုသည့် ရည်မှန်းချက်ဖြင့် SCEF ကို ယခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းထားပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များဖြင့် ဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ NUG၊ ၊ KIO ၊ KNU၊ CNF၊ KNPP တို့ပါဝင်သည်။

SCEF က ပတ္တရားဆွေးနွေးပွဲတက်ရခြင်းသည် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်ရေးကြိုးပမ်းမှုများနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် မရှိမဖြစ် လိုအပ်သောအခြေအနေများနှင့်ပတ်သက်၍ အမြင်ဖလှယ်ခြင်းသာဖြစ်ကြောင်း အချက် ခြောက်ချက်ဖြင့် ယမန်နေ့တွင်  ထုတ်ပြန်ထားသည်။

“ အထက်ပါတွေ့ဆုံဆွေးနွေးမှုများသည် SCEF နှင့် စစ်အာဏာရှင်များအကြား တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်းဟု အဓိပ္ပါယ် မကောက်ယူသင့်ပါ” ဟု ပါရှိသည်။ 

မူလက K2C ဟု လူသိများသည့် KNU ၊ KNPP၊ CNF တို့က သီးခြားစီ တွေ့ဆုံခဲ့ကြသည်ဟု သိရသော်လည်း  အမှန်တကယ်ဆွေးနွေးခဲ့သည်မှာ လေးဖွဲ့ဖြစ်ပြီး SCEF ခေါင်းစဉ်အောက်က တွေ့ဆုံခဲ့သည်ဟု ယူဆရသည်။ 

သို့ရာတွင် နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သော ဆိုရှယ်လ်ဒီမိုကရက်တစ်ပါတီ (SDP) အထွေထွေ အတွင်းရေးမှူး ကိုကျော်ကိုကို ကမူ SCEF အနေဖြင့် တွေ့ဆုံခဲ့ခြင်းမဟုတ်ဟု ၎င်းက ထင်မြင်ကြောင်း ဆိုသည်။

“ SCEF သီးသန့်တွေ့တာမဟုတ်ဘဲ အဖွဲ့တစ်ဖွဲ့ချင်းစီကို သီးသန့်တွေ့ဆုံတာဖြစ်တဲ့အတွက် ဒါဟာ အာဆီယံက SCEF ရဲ့ ဖြစ်တည်မှုအပေါ်မှာ အသိအမှတ်ပြုလက်ခံတွေ့တာမဟုတ်ဘူး။ သူက ဘုံသဘောတူညီချက် ငါးချက်ကို အသက်ပြန်သွင်းဖို့အတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဘောင် တစ်ခု ဖြစ်ပေါ်လာရေးအတွက် တွေ့ဆုံတယ်လို့ သုံးသပ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှ ပေါ်ပေါက်လာသော နွေဦးတော်လှန်ရေးအင်အားစုများ၏ မဟာမိတ်များဖြစ်သည့် ထိုတိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့နှင့် မျက်နှာစုံညီ တွေ့ဆုံခဲ့ပြီး NUG နှင့်မူ အွန်လိုင်းမှ တဆင့်သာ တွေ့ဆုံဆွေးနွေးခဲ့သည်။

“ NUG ရဲ့ ထုတ်ပြန်ချက်ကတော့ အခြားဖွဲ့တွေလို တွေ့ဆုံဆွေးနွေးတာမဟုတ်ဘဲ အွန်လိုင်းကပဲ ဆွေးနွေးတယ်ဆိုတဲ့အပေါ်မှာ မကျေလည်မှုတွေရှိနေတယ်ဆိုတာ မြင်သာတယ်။ စစ်အုပ်စုဘက်ကို အလေးသာနေတဲ့ အာဆီယံရဲ့သဘောထားကိုလည်း ခပ်ပါးပါးဝေဖန်တဲ့သဘောပေါ့။ ဒါမျိုး တွေ့ရတယ်။ တော်လှန်ရေးက ငါးနှစ်ကြာလာပေမယ့် အခုအချိန်အထိ သူတို့ တောင်းဆိုထားသလို အာဆီယံက တရားဝင်အစိုးရတစ်ရပ်အဖြစ်အသိအမှတ်မပြုသေးတဲ့ အနေအထားရှိတယ်။ ဒါကို NUG က မကျေလည်ဘူး။ သူ့ရဲ့ ထုတ်ပြန်ချက်မှာအဲဒီအရိပ်အငွေ့တွေ့ရပါတယ်”  ဟု ကိုကျော်ကိုကို က ဇူလိုင်လ ၁၅ ရက် NUG ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးသည်။

Myanmar Now က အခြေအနေများ ပိုမိုသိရှိနိုင်ရန်  SCEF ပြောရေးဆိုခွင့်ရှိသူ KNU နိုင်ငံခြားရေး ဌာန မှ စောနိမရို့ကို မေးမြန်းထားသော်လည်း ပြန်မဖြေသေးပေ။

အာဆီယံဥက္ကဋ္ဌနှင့် တွေ့ဆုံမှုသည် စစ်တပ်နှင့် ဆွေးနွေးရန် မဟုတ်ဟု ဆိုသည့် အပေါ်  ကိုကျော်ကိုကို က တွေ့ဆုံဆွေးနွေးမှုသည် အနှေးနှင့်အမြန်ဖြစ်လာမည်ဟု ယူဆကြောင်း မှတ်ချက်ပေးသည်။ 

“ ရန်သူနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်လို့ ပြစ်တင်ရှုတ်ချလို့မရအောင် ကာကွယ်ပြီးပြောတဲ့ သံတမန်နည်းနဲ့ ပြောတဲ့ စကားလုံးတွေပဲဖြစ်တယ်။ တကယ်တော့ တွေ့ဆုံဆွေးနွေးမှုဆိုတာ အခုတစ်ကြိမ်မဟုတ်လည်း နောက်တစ်ကြိမ် အနှေးနဲ့အမြန် ဖြစ်လာမယ်လို့ ကျွန်တော်ကတော့ ယူဆတယ်” 

“ စစ်လည်းတိုက်မယ်။ စကားလည်းပြောမယ်ဆိုတဲ့ အထိုင်ပေါ်ကနေ SCEF က ချဥ်းကပ်နေတာလို့ မြင်ပါတယ်” ဟု  ၎င်းက ဆက်ပြောသည်။ 

ယမန်နှစ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော မလေးရှားသည် စစ်တပ်နှင့်သာမက NUG နှင့်လည်း ဧပြီလအတွင်း အွန်လိုင်းမှတဆင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

အာဆီယံအဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုများမှ ပေါ်ပေါက်လာသော တိုက်ပွဲများ အပစ်ရပ်ရန် အလှည့်ကျအာဆီယံနိုင်ငံများက ကြိုးပမ်းခဲ့သော်လည်း မလေးရှားနိုင်ငံ အလှည့်တွင်မူ နှစ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံရန် ပိုမိုပြုလုပ်ခဲ့သည်။ 

စစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အာရက္ခတပ်တော် (AA) အပါအဝင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာမက နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့်  လက်နက်ကိုင်တပ်များကလည်း ခုခံတိုက်ခိုက်နေကြသဖြင့် ကာလရှည်ကြာ စစ်ပွဲ ဖြစ်ပွားနေသည်။ 

နိုင်ငံတဝန်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိမည်ဟု ကုလသမဂ္ဂ က ခန့်မှန်းထားပြီး အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) က ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။ 

(ဖြည့်စွက်ချက်။ ။ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် နိုင်ငံရေးလေ့လာသူ ကိုကျော်ကိုကိုတို့၏ ဖြေကြားမှုများ ကို ဇူလိုင်လ ၁၇ ရက်တွင် ထပ်မံဖြည့်စွက်ထားပါသည်။ ) 

NUG လက်အောက်ခံ MDY-PDF ၏ စစ်သင်တန်းဆင်းပွဲတစ်ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်။ (ဓာတ်ပုံ- မိုးဦး)


နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button