အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ကြီးနား- ဖားကန့်လမ်းတွင် ခရီးသွားလူငယ် ၁ ဦးကို ပြည်သူ့စစ်အဖွဲ့က ပစ်သတ်

အင်းတော်ကြီးဒေသမှ မြစ်ကြီးနားသို့ လာသည့် ကိုဝိုင်းဇော်သည် လဝါးရွာစစ်ဆေးရေးဂိတ်ရှိ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် အချင်းများပြီးနောက် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ လဝါးရွာတွင် တပ်စွဲထားသည့် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့က ဇူလိုင်လ ၁၅ ရက်တွင် ခရီးသွားပြည်သူတစ်ဦးကို ကြည်ကြည်ဖြူဖြူ အစစ်အဆေးမခံသည့် အကြောင်းပြချက်ဖြင့် ပစ်သတ်လိုက်သည်ဟု ဒေသခံများနှင့် KIA သတင်းရင်းမြစ်တို့က ပြောသည်။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှ လူငယ်တစ်ဦး အလုပ်ကိစ္စဖြင့် မြစ်ကြီးနားမြို့သို့သွားရန် လဝါးရွာကို ဖြတ်သန်းစဉ် အဆိုပါရွာတွင် တပ်စွဲထားသည့် မင်းဇေသန့် ပြည်သူ့စစ်ဟု ဒေသခံများခေါ်ကြသည့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါလူငယ်ကို ပြည်သူ့စစ်အဖွဲ့က စစ်ဆေးစဉ် အပြန်အလှန်အချင်းများရာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပစ်သတ်လိုက်ခြင်းဖြစ်သော်လည်း ထိုအမျိုးသားသည် အစစ်အဆေးမခံဘဲ ထွက်ပြေးသောကြောင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းထုတ်လွှင့်ထားကြောင်း အထက်ပါ အမျိုးသားက ပြောသည်။ 

“လဝါး မင်းဇေသန့်ဂိတ်မှာပစ်သတ်လိုက်တာ၊ အင်းတော်ကြီးညောင်ပင်ရွာက လူငယ်လေး၊ စစ်ဆေးရင်း စကားများလို့ ပစ်သတ်လိုက်တာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

သေဆုံးသူလူငယ်မှာ ညောင်ပင်ရွာမှ ဦးဇော်မင်း၏ သားဖြစ်သူ အသက် ၂၂ အရွယ် ကိုဝိုင်းဇော်ဖြစ်သည်ဟု အင်းတော်ကြီးဒေသရှိ ကချင်လွတ်လပ်ရေးတပ် KIA သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ ကိုဝိုင်းဇော်သည် အင်းတော်ကြီးအိုင်အတွင်း စီးဝင်သည့် တနိုင်းမြစ်၏ လက်တက်ချောင်း တစ်ခုအတိုင်း လဝါးရွာနှင့် ၁၂ မိုင်အကွာ ကထန်ယန်အထိ စက်လှေစီးပြီး လာရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူက (အင်းတော်ကြီးအရှေ့ဘက်ကမ်း) ချောင်းဝ စက်လှေဆိပ်ကနေပြီး စက်လှေနဲ့ (လာပြီးတော့မှ) ကထန်ယန်မှာဆင်း၊ ပြီးမှ ကထန်ယန်ကနေ မြစ်ကြီးနားကိုတက်တာပေါ့။ အဲဒီမှာ လဝါးဂိတ်အရောက်မှာ စစ်ဆေးတာကို စစ်ဆေးမခံလို့ ဆိုပြီး ပစ်သတ်လိုက်တာ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသူသည် တော်လှန်ရေးတပ်ဖွဲ့ဝင်မဟုတ်ဘဲ သာမန်အရပ်သားတစ်ဦးသာဖြစ်ပြီး အလုပ်ကိစ္စအတွက် မြစ်ကြီးနားမြို့သို့ သွားရောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရှဒူဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို Myanmar Now က ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။ 

လဝါးရွာမှာ မြစ်ကြီးနားမြို့ အနောက်ဘက် မိုင် ၅၀ ခန့်အကွာ တနိုင်း-လီဒို လမ်းမကြီးပေါ်တွင်ရှိပြီး ဖားကန့်၊ တနိုင်း၊ မိုးကောင်း၊ မြစ်ကြီးနားမြို့တို့သို့ အလွယ်တကူ သွားရောက်နိုင်သည့် လမ်းဆုံဖြစ်သည်။ ထိုရွာတွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များ အင်အားအများအပြားဖြင့် တပ်စွဲထားသည်။

အာဏာသိမ်းစစ်တပ်နှင့် မဟာမိတ်ပြုထားသည့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့မှာ ဖားကန့်မြို့ ရှဒူဇွပ်ရွာတွင် အခြေစိုက်ပြီး ဖားကန့်- တနိုင်းဒေသများ၌ အားကောင်းသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

အင်းတော်ကြီးဒေသအရှေ့ဘက် နမ့်မွန်းရွာကို စစ်တပ်က လမ်းပိတ်ထားသည့်အတွက် အင်းတော်ကြီး ဒေသခံများမှာ မြစ်ကြီးနားသို့သွားရန် လဝါးရွာကို မဖြစ်မနေဖြတ်သန်းနေကြရသည်။ ထိုရွာတွင် ဂိတ်စခန်းဖွင့်ထားသည့် ရှဒူဇွပ် ပြည်သူ့စစ်အဖွဲ့မှာ ခရီးသွားများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းများ အမြဲတမ်းပြုလုပ်နေသည့် အဖွဲ့ဖြစ်ကြောင်း အထက်ပါ ဒေသခံအမျိုးသားနှင့် ခရီးသွားအချို့ကပြောသည်။

အင်းတော်ကြီးဒေသတွင် စစ်တပ်နှင့် ရှမ်းနီ SNA ပူးပေါင်းတပ်က တစ်ဖက်၊ ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်များက တစ်ဖက် မကြာခဏ တိုက်ပွဲများဖြစ်ပွားတတ်သည်။ ယနေ့နံနက် ၃ နာရီခန့်မှစတင်၍ အင်းတော်ကြီး အနောက်ခြမ်း လုံးတုံရွာအနီးတွင် KIA ထိုးစစ်ကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသအပြင် ဗန်းမော်နှင့် ရွှေကူမြို့တို့တွင်လည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲနေသည်။

၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် နွေဦးတော်လှန်ရေး ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ် မဘိမ်းမြို့နှင့် ကချင်ပြည်နယ်ရှိ မြို့ပေါင်း ၁၄ မြို့တို့ကို သိမ်းပိုက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button