မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက်များ မတိုးတက်မချင်း နိုင်ငံရေးကိုယ်စားပြု ကိုယ်စားလှယ်များ အာဆီယံ ထိပ်သီးဆွေးနွေးပွဲများသို့ တက်ခွင့်မရှိဟု ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံး လက်ထောက်အတွင်းရေးမှူး မစ္စတာ Dominic Xavier Imperial (ဒိုမီနစ် ဇေးဗီးယား အင်ပီရီယယ်) က ပြောဆိုလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ယနေ့(ဇူလိုင်လ ၂၀ရက်) စတင်ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီပြုလုပ်သော အကြိုသတင်းစာရှင်းလင်းပွဲတွင် မစ္စတာ Imperial က ပြောသွားခြင်းဖြစ်သည်။
“ဘုံသဘောတူညီချက် ၅ ချက်ကိုပဲ ပြန်ညွှန်းပြောရမှာပါ။ ခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုကို ပြောင်းလဲဖို့ ဆုံးဖြတ်ချက် မချမချင်း၊ နိုင်ငံရေးမပါတဲ့ လက်ရှိ ကိုယ်စားပြုမှုအတိုင်းပဲ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
ယခုကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့လည်း နိုင်ငံရေးအရ ကိုယ်စားမပြုသည့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်သာ တက်ရောက်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားသည်။
အစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်ဆွေးနွေးပွဲလည်း ကျင်းပရန်ရှိပြီး ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ခွင့်မရှိဟုလည်း မစ္စတာ Imperial က ဆိုသည်။
“မတက်ပါဘူး သီးသန့် ထပ်တိုးဆွေးနွေးပွဲရဲ့ ပုံစံက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသာ ပါဝင်မယ့် သီးသန့်အစည်းအဝေး ဖြစ်ပါတယ်” ဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို Imperial က ပြန်လည် ဖြေကြားသည်။
အာဆီယံသည် ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲထားပြီး မြန်မာအာဏာပိုင်များ (စစ်အုပ်စု)နှင့် သာမကဘဲ အခြားသက်ဆိုင်သူများအားလုံးနှင့်လည်း ထိတွေ့ဆက်ဆံသွားမည်ဟုလည်း Imperial က ဆိုသည်။
“အရေးကြီးတာက မြန်မာအာဏာပိုင်တွေနဲ့ တင်မကဘဲ မြန်မာ့အရေး သက်ဆိုင်သူများအားလုံးနဲ့ ငြိမ်းချမ်းစွာ ဆက်လက်ထိတွေ့ဆက်ဆံနေဖို့ပါပဲ။ ဒါကြောင့် ဒီဆွေးနွေးမှု သို့မဟုတ် ဆုံးဖြတ်ချက်တွေမှာ ဘုံတူညီဆန္ဒ ၅ ချက်ကို ဆက်လက်လိုက်နာသွားမှာ ဖြစ်ပါတယ်” Imperial က ပြောသည်။
ဘုံတူညီဆန္ဒ ၅ ချက်နှင့် ပတ်သက်၍ စစ်ဗိုလ်ဟောင်းများကြီးစိုးသည့် လွှတ်တော်တွင် ဇွန်လ တတိယပတ်အတွင်း အဆိုတင်သွင်း ဆွေးနွေးခဲ့သေးသည်။
အာဆီယံ ဘုံသဘောတူညီချက်များသည် “မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏အခြေခံမူများနှင့် ကွဲလွဲနေသည်”ဟု အဆိုရှင် ဒေါက်တာ နန္ဒာလှမြင့်က စစ်တပ်လွှတ်တော်တွင် ဆွေးနွေးသည်။
ထိုဘုံသဘောတူညီချက်များသည် “အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို မူကြမ်းကြိုတင်ချပြပြီး သဘောတူညီချက်ရယူပြီးမှ ထုတ်ပြန်ခဲ့သည့် အာဆီယံ၏ ထုတ်ပြန်ချက်မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် နောက်ဆက်တွဲအနေဖြင့် ထုတ်ပြန်ခဲ့ခြင်း” ဖြစ်သည်ဟု လွှတ်တော်အတွင်း ဒေါက်တာ နန္ဒာလှမြင့်က ဆွေးနွေးခဲ့သည်။
သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သမ္မတ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေး ဝန်ကြီးဖြစ်သူ ဦးရဲထွဋ်ကမူ ”အာဆီယံတူညီဆန္ဒ (၅) ချက်ကို အားလုံး သဘောတူတယ်လို့ ဖော်ပြထားတာဖြစ်တဲ့ အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ညှိနှိုင်းသဘောတူညီချက်မပါဘဲ နောက်ဆက်တွဲအဖြစ် ထည့်သွင်းတယ် ဆိုတဲ့အချက်ကို လက်ခံဖို့ အတော်ခက်ပါတယ်” ဟု သူ၏ Facebook တွင် ရေးသားသည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရန်၊ သက်ဆိုင်သူအားလုံးနှင့် အာဆီယံ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးနိုင်ရန် စသည့်အချက်များပါဝင်သည်။
ထိုသဘောတူညီချက်များကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး နှစ်ရက်အကြာတွင် ထုတ်ပြန်သည့် စစ်အုပ်စု၏ ကြေညာချက်တွင် “အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ အာဆီယံ ဥက္ကဋ္ဌ ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည့်အချက်အလက်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်” ဟု ဖော်ပြခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် အာဆီယံခေါင်းဆောင်များ၏ အကြံပြုချက်များကို အလေးထား စဉ်းစားပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပြီး အာဆီယံ ဘုံသဘောတူညီချက်ကို ကန့်ကွက်ခြင်း သို့မဟုတ် သဘောမတူကြောင်း ဖော်ပြချက် မပါရှိပေ။
ထိုသဘောတူညီချက်များ ငါးနှစ်ကျော်ကြာသည့်တိုင် တိုးတက်မှုမရှိခြင်းကြောင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဆက်ဆက်က စစ်ခေါင်းဆောင်နှင့် စစ်အုပ်စုဝန်ကြီးများကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က မြန်မာ့အရေးအလွတ်သဘော ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ကျင်းပခဲ့ရာ အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအပြင် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေလည်း တက်ရောက်ခဲ့သည်။
စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးကို ထိုအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုခဲ့သည်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက Special Advisory Council for Myanmar – SAC-M) အပြင်းအထန် ဝေဖန်သည်။ ထိုလုပ်ရပ်သည် “စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ပိုမိုအားပေးရာ ရောက်စေလိမ့်မည်” ဟု SAC-M ၏ ဇူလိုင်လ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



