အာရက္ခတပ်တော် (AA) ထံ၌ စစ်ပညာသင်ကြားကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့သိမ်း စစ်ဆင်ရေးတွင် AA နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည့် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံး တပ်တော် (SF/SAF) သည် ယခုအခါ မြေလတ်စစ်ဒေသနှင့် အညာစစ်ဒေသတို့တွင် တိုက်ပွဲများ ဖော်ဆောင်နေသည်။
ယခုနှစ်ဆန်းပိုင်းက စတင်ခဲ့သည့် စစ်တပ်၏ ထိုးစစ်ကို အချို့စစ်ဆင်ရေးနယ်မြေများတွင် ဟန့်တားနိုင်ရုံတင်မကဘဲ တန်ပြန်ထိုးစစ်ဆင်ကာ အသာစီးယူနိုင်သည့် အခြေအနေကောင်းများကိုပါ ဖန်တီးလာနိုင်သည်ဟု SF/SAF စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက ဆိုသည်။
စစ်တပ်က ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့အနီးအထိ တော်လှန်ရေးတပ်များ ရောက်မလာစေရန်နှင့် ၎င်းတို့ အရှက်တကွဲ လက်လွှတ်ခဲ့ရသော အမ်းအခြေစိုက် နပခ ကို ပြန်လည်စိုးမိုးနိုင်ရန် ကြိုးပမ်းနေသည်ဟု SAF က ဆိုသည်။
ထို့ကြောင့် ရခိုင်ရိုးမ အနောက်ဘက်မှနေ၍ ပဲခူးတိုင်းနှင့် မကွေးတိုင်းဘက်လာသော လမ်းနှစ်သွယ်နှင့် ပုသိမ်-မုံရွာ လမ်းဘေးဝဲယာတစ်လျှောက် နှစ်ဖက်လုံးက စိုးမိုးနိုင်ရေးကြိုးပမ်းနေသဖြင့် စစ်ရေးပြင်းထန်နေသည်။
ထိုလမ်းသုံးသွယ်မှာ AA ထိန်းချုပ်ထားသော ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းရွာကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်း၊ တောင်ကုတ်- ပန်းတောင်းလမ်းမှတဆင့် ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်အတွင်း လမ်းတစ်လျှောက်၊ အလားတူ တော်လှန်ရေးအင်အားစုများ အတော်များများ ခြေကုပ်ယူထားသည့် ပုသိမ်-မုံရွာလမ်းတို့ ဖြစ်ကြသည်။
ထို့အပြင် စစ်တပ်က လူလှိုင်းစစ်ဆင်ရေးပုံစံဖြင့် နည်းဗျူဟာပြောင်းကာ တစ်နိုင်ငံလုံးအနှံ့ ထိုးစစ် ဆင်လာနိုင်သည်ကို တွေ့ရကြောင်း SAF ဘက်က ဆိုသည်။
အစိုးရသစ်ဖွဲ့ပြီးနောက် စစ်တပ်၏ လူလှိုင်းစစ်ဆင်ရေးနှင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မြေလတ် စစ်ဒေသတွင် ဖော်ဆောင်နေသည့်တိုက်ပွဲများအခြေအနေ၊ အညာဒေသစစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ရင်ဆိုင်ရသည့် အခက်အခဲများ၊ ကျောင်းသား လက်ရုံးတပ်တော် (SAF)၏ ရေရှည်ရည်မှန်းချက်တို့ကို SAF ၏ စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာကို Myanmar Now က မေးမြန်းထားသည်။
မေး။ ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကနေ သမ္မတရာထူးရယူ ပြီးနောက် တစ်ပြည်လုံး အတိုင်းအတာနဲ့ ထိုးစစ်ဆင်နေတာတွေ့ရတယ်။ အဓိကကတော့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသတွေကိုပေါ့။ ကိုမင်းလတ်ဥက္ကာတို့ အခြေစိုက်တဲ့ ဒေသမှာရော စစ်တပ်က ထိုးစစ်ဆင်နေတာရှိပါသလား။
ဖြေ။ ။ အဓိကကတော့ အမ်း-ပဒါန်းလမ်းဘေးဝန်းကျင်တွေကို သူတို့ဘက်က အင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာ ရှိတယ်။ အမ်း-ပဒါန်းလမ်း အရှေ့ခြမ်းပေါ့၊ ကျွန်တော်တို့က ပုသိမ်-မုံရွာလမ်းရဲ့ အနောက်ဘက်ခြမ်းမှာဆိုတော့ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်။
လက်ရှိတော့ အမ်း-ပဒါန်းလမ်း အဓိက စိုးမိုးရေးကိစ္စကို သူတို့က ပိုပြီးတော့ အာရုံစိုက်လာတယ်။ နောက်တစ်ခုက ပုသိမ်-မုံရွာလမ်း အရှေ့ဘက်ခြမ်းကို တော်လှန်ရေးအင်အားစုတွေ ဝင်မလာနိုင်အောင် အာရုံစိုက်တယ်ပေါ့။ အခုအဲဒီအခင်းအကျင်းမှာ သူတပြန်ကိုယ်တပြန်ပဲ။ သူတို့လည်း တချို့နေရာတွေမှာ တပ်စွဲပြီးတော့ အခု အထိုင်ချတာ ရှိတယ်။ ကျွန်တော်တို့လည်း အရှေ့ကို တိုးတိုးပြီး ခြေကုပ်ယူတာမျိုးတွေ ရှိတယ်။
ပြောက်ကျားတိုက်ပွဲတွေကတော့ လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး ကြိုကြား ကြိုကြား ဖြစ်တာမျိုးတွေ ရှိလာတယ်။ သူတို့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ဒီဘက် (ပုသိမ်-မုံရွာလမ်း) အနောက်ခြမ်း တစ်ခုလုံး စိုးမိုးရေးကိစ္စက အခုချိန်ထိတော့ အောင်အောင်မြင်မြင် မလုပ်နိုင်သေးဘူး။
ဒီဘက် မင်းလှ၊ ပဒါန်း၊ ငဖဲ ဝန်းကျင်တွေကိုလည်း အင်အား ၅၀၀၊ ၆၀၀ နဲ့၊ ပုသိမ်-မုံရွာလမ်း အရှေ့ဘက်ခြမ်းကိုလည်း အင်အား ၁၅၀၊ ၂၀၀ ဒါမျိုးနဲ့ သူတို့ ထိုးတာပေါ့။ မင်းတုန်းစစ်မျက်နှာကတော့ အင်အား ၁၀၀၀ ဝန်းကျင်လောက်ထိ သုံးပြီးတော့ ထိုးတာ။

မေး။ ။ ဒီ စစ်ကြောင်းတွေက ဘယ်ကို အဓိက ဦးတည်ပြီး ထိုးစစ်ဆင်ချင်တာလဲ။ သူတို့ရဲ့ စစ်ရေးရည်မှန်းချက်ချက်ကကော ဘာလို့ ခန့်မှန်းလဲ။
ဖြေ။ ။ အဓိက ရည်ရွယ်ရင်းကတော့ နတ်ရေကန် (ပန်းတောင်း-တောင်ကုတ် လမ်းပေါ်ရှိ စစ်တပ်အခိုင်အမာစခန်း) ထိုးစစ်ကို ကာဖို့ပေါ့။ သူတို့ ရည်မှန်းချက်ကတော့ နယ်မြေခံတွေကနေတဆင့် (AA က သိမ်းထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့) အမ်းအထိကို ပြန်ပြီးတော့ ထိုးနိုင်ဖို့ပေါ့။
နောက်တစ်ခုကတော့ ပုသိမ်-မုံရွာလမ်းအရှေ့ဘက်ခြမ်း (ပဲခူးတိုင်းအနောက်ပိုင်း)ကို တော်လှန်ရေးအင်အားစုတွေ ထိုးဖောက်ဝင်ရောက်လာမယ့် ကိစ္စကို တားချင်ပုံ ရပါတယ်။ ကျွန်တော်တို့ မြင်တာကတော့ အဲဒါလည်း ဒုတိယရည်မှန်းချက်ပေါ့။ ဒါကတော့ ဒီ နတ်ရေကန် ဝန်းကျင်မှာဖြစ်တဲ့ စစ်မျက်နှာပေါ့။
အမ်း-ပဒါန်းလမ်းနဲ့ မင်းဘူး-ပဒါန်းလမ်းပေါ်မှာ ဖြစ်တဲ့ ဒီ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အဲဒီလို ခန့်မှန်းတယ်။ မင်းတုန်းစစ်မျက်နှာကတော့ ပိုပြီးတော့ ရှုပ်ထွေးတယ်။ သူတို့က ရခိုင်ပြည်နယ်ထဲကို ဝင်တဲ့ ကုန်စည်စီးဆင်းမှုကို ပိတ်ချင်တာ နံပါတ်တစ်အချက် ပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်ထဲကို ဝင်တဲ့အထိကို ရည်မှန်းလားလို့ မေးလို့ရှိရင်လည်းပဲ သူတို့ ရရင်တော့ ဝင်မယ်ဆိုတဲ့ ဟာမျိုး စီမံချက်တော့ ရှိပုံရတယ်။ အင်အားက ထောင်ချီ ရှိတယ်ဆိုတဲ့ အခါကျတော့လေ။
မေး ။ ။ အခု စစ်တပ်ကမြစ်ခြေ၊ ဆိပ်ဖြူ၊ မင်းတုန်းနဲ့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွေမှာ ထောင်နဲ့ချီတဲ့ စစ်အင်အားတွေနဲ့ ထိုးစစ်ဆင်နေတာ တွေ့ရပါတယ်။ အဓိက စစ်ရေး ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ အဓိကရည်မှန်းချက်ကတော့ တော်လှန်ရေးအင်အားစုတွေလက်ထဲကနေ နယ်မြေ စိုးမိုးမှုကို ပြန်ယူဖို့ပေါ့။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးလှုပ်ရှားကြတဲ့ ဝန်းကျင်တွေမှာ ရွေးကောက်ပွဲ မလုပ်နိုင်(ခဲ့)ဘူး။ မလုပ်နိုင်တဲ့ အခင်းအကျင်းက သူတို့ရဲ့ နယ်မြေစိုးမိုးမှု မရှိဘူးဆိုတာကို ပြတာပေါ့။
အခုကျတော့ ရှမ်းမြောက်မှာလည်းပဲ ထိုးစစ်က ကိုယ့်ဘက်က ရပ်သွားတယ်။ ပြီးတော့ တခြားနေရာတွေမှာလည်းပဲ သူတို့ ထိန်းထားနိုင်တဲ့ အခင်းအကျင်း အင်အားရှိလာတယ်။ ဆိုတဲ့အခါမှာ မြေပြန့်ဒေသမှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနေရာတွေကို ပြန်ယူနိုင်ဖို့ ကြိုးစားလာတာလို့ ကျွန်တော်တို့ကတော့ ခန့်မှန်းတယ်။
မြေပြန့်ဒေသကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ရည်စူးတာလည်း ဖြစ်သလို နောက်တစ်ချက်က အာရက္ခတပ်တော် စိုးမိုးထားတဲ့ နေရာတွေ၊ ပြီးတော့ ဒီဘက်မှာဆိုရင် CB (Chin Brotherhood) တပ်က စိုးမိုးထားတဲ့ နေရာတွေ၊ ချင်းမြောက်မှာ ဆိုလို့ရှိရင်လည်း CC (Chinland Council) အောက်မှာ ရှိနေတဲ့ တပ်ဖွဲ့တွေ [CNF/CNA] ထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်ပြီးစိုးမိုးနိုင်ဖို့ ကြိုးစားတာ။ အဓိကကတော့ နယ်မြေစိုးမိုးမှုကို ပြန်ယူနိုင်ဖို့ ဒီ အစိုးရလက်ထက်မှာ ကြိုးစားတယ်လို့ပဲ ကျွန်တော်တို့ ထင်ပါတယ်။

မေး ။ ။ လက်ရှိ မြေပြင်အခြေအနေကကော။ စစ်တပ်က သူတို့ ရည်မှန်းချက်ပြည့်တဲ့အထိ ထိုးစစ်ဆင်နိုင်တယ်လို့ ယူဆလား။
ဖြေ ။ ။ စစ်ခွင်တွေအနေနဲ့ပြောရရင် ဟိုးအပေါ်ဆုံးကဆို ထီးချိုင့်၊ ကသာ၊ ကကြီးသုံးလုံးခရိုင်။ ကကြီးသုံးလုံးခရိုင်ရဲ့ ခွင်တွေမှာ သူတို့ တော်တော်လေး ပြန်စိုးမိုးသွားနိုင်တာမျိုး ရှိတယ်။ ဟို အရင်တုန်းက ကျွန်တော်တို့ ဒီ ကားလမ်းတွေမှာ ကားမောင်းပြီး ထောက်ပို့လုပ်လို့ရတဲ့ နေရာတွေဆိုလို့ရှိရင် စစ်တပ်က ပြန်ရသွားတာမျိုး ရှိတယ်။
ပြီးတော့ အလယ်ပိုင်းမှာ မုံရွာ၊ ရေဦး၊ ကလေးဝ လမ်းပိုင်းတို့၊ ခါမ်းပါတ်တို့မှာလည်းပဲ သူတို့ တစိတ်တပိုင်းအားဖြင့် စိုးမိုးသွားနိုင်တာမျိုး ရှိတယ်။ ဥပမာအားဖြင့် ချင်းတွင်းမြစ်ကို အဓိက ထိန်းချုပ်နိုင်ဖို့ ချင်းတွင်းမြစ်ကူးတဲ့ ကိစ္စ၊ တော်လှန်ရေးအင်အားစုတွေ ချင်းတွင်းမြစ် အနောက်ခြမ်းနဲ့ အရှေ့ခြမ်း အချိတ်အဆက်မိမိ လှုပ်ရှားနိုင်တဲ့ ကိစ္စတွေကိုလည်း သူတို့ဘက်က ပြန်ပြီးတော့ ထိန်းချုပ်သွားနိုင်တဲ့ အခင်းအကျင်းမျိုးအထိ ရှိတယ်။
ဒီဘက် မင်းတပ်၊ ဆော ဆိုလို့ရှိရင် ဂန့်ဂေါခရိုင်နဲ့ ချင်းအစပ်။ အဓိက ချိတ်ဆက်ဆောင်ရွက်မှုတွေ အားကောင်းခဲ့တဲ့နေရာတွေ ဆိုရင်လည်း အတိုင်းအတာတစ်ခုအထိ သူတို့ ပြန်ပြီး လွှမ်းမိုးသွားနိုင်တယ်ဆိုတဲ့ အခင်းအကျင်း ရှိတယ်။
မင်းတုန်း ဆိုလို့ရှိရင်လည်းပဲ … ကုန်စည်စီးဆင်းမှုဆိုတဲ့ ကိစ္စက ကျွန်တော်တို့ အများကြီး စဉ်းစားလို့ မရတော့ဘူး။ သူတို့ရဲ့ တပ်တွေ အဓိက လှုပ်ရှားတဲ့ ခွင်ကတော့ စစ်မျက်နှာ ဖြစ်သွားတာပေါ့။ စစ်ဆင်ရေးခွင် ဖြစ်သွားတယ်။ သူတို့ ထင်ထားသလိုမျိုး တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားစိုးမိုးတဲ့ ဒေသတွေကို အလုံးစုံ အပြည့်အဝ ထိန်းချုပ်သွားနိုင်တယ်ဆိုတဲ့ အခင်းအကျင်းတော့ မရောက်သွားဘူးပေါ့။ ဒါပေမဲ့ ပိုပြီးတော့ (တော်လှန်ရေးဘက်က) Supply (ထောက်ပို့) နေရာတွေ၊ Lines of communication (ဆက်သွယ်ရေး) လုပ်တဲ့ နေရာတွေ၊ Supply chain နေရာတွေကိုတော့ အနှောင့်အယှက် ပြုသွားနိုင်တဲ့ အထိကတော့ လက်ရှိအချိန်မှာ ဖြစ်နေတယ်။
သို့သော် သူတို့အဓိက ရည်မှန်းထားသလို (တော်လှန်ရေး) အင်အားစုတွေ အကုန်လုံးကို အရင်တုန်းကလိုမျိုး လူထုနဲ့ ဝေးတဲ့နေရာ၊ ပြီးတော့ ဟို Supply ခက်ခဲတဲ့ နေရာတွေ ရောက်တဲ့အထိ သာလွန်အင်အားနဲ့ တွန်းထုတ်သွားနိုင်တဲ့ အထိတော့ လက်ရှိမှာမရောက်ဘူး။ … စစ်ကိုင်းအထက်ပိုင်း စစ်ဆင်ရေး ဆိုလို့ရှိရင်လည်းပဲ သူတို့က မြို့တွေထဲကို ရောက်သွားတာဖြစ်ပေမယ့် ကိုယ့်ရဲ့ တော်လှန်ရေးအင်အားစုတွေက မြို့ထဲမှာ ခြံခတ်ထားပြီးတော့ ပြောက်ကျားအနေနဲ့ ပတ်ပတ်လည်မှာ ပြန်ရှိထားနိုင်တဲ့ အားသာချက် တွေရှိတယ်။
ထိုနည်းလည်းကောင်းပဲ ဒီဘက် မင်းတပ်ခွင်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး မုံရွာ၊ … မြိုင်၊ ပခုက္ကူခရိုင်ခွင် … မြစ်ခြေခွင် ဆိုလို့ရှိရင်လည်းပဲ သူတို့ တချို့သော ရည်မှန်းချက်တွေ၊ ဥပမာ ရိက္ခာပို့တာတို့၊ လူပို့တာတို့၊ တပ်စခန်းတွေထဲမှာတော့ အခိုင်အမာ ပြန်ရှိသွားတာ တချို့ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားကွင်း (ခွင်) အပြည့်အဝကြီး ကျုံ့သွားအောင်တော့ သူတို့ မလုပ်နိုင်ဘူး။
မေး ။ ။ အာဏာသိမ်းပြီး ငါးနှစ်အတွင်းမှာ စစ်တပ်က အင်အားသုံးတာ ဒါက အပြင်းထန်ဆုံးနဲ့ အင်အား အကြီးဆုံးလို့ ထင်လား။
ဖြေ။ ။ အဲဒါကတော့ မြင်သာပါတယ်။ ဒီ ခြောက်နှစ်တာ ဝန်းကျင်မှာ ရန်သူက ထိုးစစ်တွေလုပ်တယ်ဆိုတဲ့ အခြေအနေမှာ ကျွန်တော်တို့ အစောပိုင်းကြုံဖူးတဲ့ ထိုးစစ်တွေဆိုရင် အလွန်ဆုံးရှိတယ်ဆိုရင် တစ်ဗျူဟာနဲ့ အဓိကအားဖြင့် ထိုးကြတယ်။ ဒါမှမဟုတ် လိုအပ်တယ်ဆိုလို့ရှိရင်တော့ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ ထိုးတယ်။ ဒါပေမဲ့ အဲဒီထိုးနိုင်တဲ့နေရာတွေက အများကြီးမရှိဘူး။ ဥပမာ – အစောပိုင်း ကရင်နီ၊ ကရင်၊ ကချင်ကို ၁၀၀၀ ဝန်းကျင်နဲ့ ထိုးတယ်။ စစ်ကိုင်းတိုင်း ရှိမယ်။ ဒါပေမဲ့ အခုကျတော့ စစ်ကိုင်းတိုင်းထဲကိုလည်းပဲ အင်အား ၁၅၀၀၊ ၂၀၀၀ ဝန်းကျင်လောက် အထိကို စစ်ကြောင်းတွေအများကြီး ဖြန့်ပြီးတော့ ထိုးတာတွေလည်း မြင်ရတယ်။
လူလှိုင်းစစ်ဆင်ရေး ဆိုတဲ့ကိစ္စက တကယ်ပေါ့။ နယ်မြေစိုးမိုးရေးပဲဖြစ်ဖြစ်၊ နယ်မြေရှင်းလင်းရေးပဲ ဖြစ်ဖြစ် အရင်ကဆို ဒီကောင်တွေ ဝင်လာပြီဆိုရင် လူ ၁၀၀ ခပ်ပျော့ပျော့နဲ့ပဲ ရှင်းလင်းရေး လုပ်နိုင်တာ။ ဒါပေမဲ့ အခုနောက်ပိုင်းဆိုရင် စစ်ဆင်ရေးတစ်ခု ဝင်လာပြီဆို အနည်းဆုံးတော့ အင်အား ၃၀၀ လောက်ကို ရှိတယ်။ စစ်ကြောင်းက သုံးကြောင်းလောက် အနည်းဆုံး ခွဲလိုက်တယ်၊ စစ်ကြောင်းတစ်ကြောင်းစီမှာ ၁၀၀ စီနဲ့ စစ်ကြောင်း သုံးကြောင်းလောက် ခွဲပြီးတော့ ရှင်းလင်းရေး လုပ်တယ်ပေါ့။
အဲဒါဆိုရင်လည်းပဲ တကယ့်ကို မဟာဗျူဟာမြောက်ကာကွယ်တာတို့ ထိုးစစ်ဆင်တာတို့ မဟုတ်ဘူးနော်။ နယ်မြေရှင်းလင်းရေးအတွက်ကိုပဲ လှုပ်ရှားတဲ့ စစ်ကြောင်း။ အဲဒါတောင်မှပဲ ဒီလောက်ထိ ရှိတယ်။ ခုနတုန်းကပြောတဲ့ မဟာဗျူဟာမြောက် ထိုးရမယ်ဆိုတဲ့ ကုန်သွယ်ရေး စခန်းတွေ၊ တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ မြို့တွေကို ထိုးပြီဆိုလို့ရှိရင်တော့ အင်အားကို ၁၀၀၀၊ ၂၀၀၀ လောက် ဝန်းကျင်အထိကို စုပြီး ပြန်ထိုးတာ။ အဲဒါမျိုးတွေကတော့ တော်တော်လေး သိသိသာသာ ပြောင်းလဲလာတဲ့ စစ်တပ်ရဲ့ နည်းနာ နည်းဗျူဟာပိုင်းပေါ့။
ဖြေ ။ ။ သူတို့စုဆောင်းထားသမျှ ပြည်သူ့စစ်မှုထမ်းအင်အားတွေ အကုန်လုံးကို ထုတ်သုံးပြီးတော့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တာဆိုတော့ အဲဒီလို စစ်ဆင်ရေးမျိုးကို စစ်တပ်က ရေရှည်မှာ ဘယ်လောက်အထိ ဆက်လုပ်နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ။ ကျွန်တော်တို့ သိသလောက် အခု စစ်မှုထမ်းခေါ်တာက အပတ်စဉ် ၂၆ ရောက်ပြီ။ ဒါ အခုလက်ရှိ စစ်မြေပြင်မှာ နောက်ဆုံး Update တွေ့ရသမျှအထိကတော့ အပတ်စဉ် ၂၃၊ ၂၄။ အဲဒီ ဝန်းကျင်လူတွေ အထိတော့ အသစ်တွေ့ရတယ်။
ဆိုတော့ နောက်ထပ် အပတ်စဉ် ဘယ်နှခုလောက် အထိကို လူအင်အား ရနိုင်မလဲဆိုတဲ့ ကိစ္စကတော့ ကျွန်တော်ကတော့ သံသယရှိတယ်။ ကျွန်တော်တို့ လေ့လာဖြစ်သလောက် စစ်မှုထမ်းဆိုလို့ရှိရင် Social standing အားနည်းတဲ့ လူတွေ၊ ရွာထဲမှာပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာပဲဖြစ်ဖြစ် ဥပမာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရ အားနည်းတဲ့လူတွေကို ဆွဲပြီးတော့ ထည့်တာများတယ်။ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ၊ ပသစတွေကို မေးတဲ့အခါကျလို့ရှိရင် သူတို့က ဆေးမှုနဲ့ ထောင်ကျတဲ့လူတွေ၊ ပြီးရင် ရွာထဲမှာ မူးယစ်နေလို့ဖမ်းခံရသူတွေများတယ်။ ဒါ အစောပိုင်းပေါ့ ။ အပတ်စဉ် ၁၊ ၂၊ ၃ အဲဒီဝန်းကျင်တွေမှာ အဲဒီလိုလူတွေ အများစု တွေ့ရတယ်။
နောက်ပိုင်း (အပတ်စဉ်) ၂၀ ကျော် လာတဲ့ အချိန်မှာကျတော့၊ တွေ့ရတဲ့လူက လူလတ်တန်းစားတွေ ပါလာတယ်။ … ဥပမာ လမ်းပေါ်မှာ အလုပ်သွားနေရင်းပဲ (ပေါ်တာအဆွဲခံရပြီး) စစ်မှုထမ်းရသူတွေ။ သူတို့မှာ အလုပ်အကိုင် ခြေခြေမြစ်မြစ်ရှိတယ်၊ မိသားစု ခြေခြေမြစ်မြစ်ရှိတယ်။ အဲဒီလိုလူတွေ ပါလာတယ်။ အဲဒီလောက်အထိကို ရောက်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီလိုမျိုး Upper middle class ကြီးကို ရောက်လာရင်တော့ စစ်တပ်အတွက် ပြဿနာအကြီးအကျယ်ရှိတယ်လို့ ကျွန်တော်တို့ ထင်တယ်။
မေး။ ။ စစ်တပ်ရဲ့ ဒီလောက်ပြင်းထန်တဲ့ ထိုးစစ်ကို ဒီတော်လှန်ရေး အင်အားစုတွေက ရင်ဆိုင်နိုင်တယ်။ ပြီးတော့ အခု လတ်တလောဆို မြင်ရတာ မြို့တွေရွာတွေ တချို့တောင် ပြန်သိမ်းနိုင်တယ်။ ဒါဟာ စစ်ရေးအရ မျှော်လင့်ချက် ရှိတာလား။
ဖြေ ။ ။ စစ်ရေးသက်သက်ပဲ ပြောမယ်ဆိုလို့ရှိရင်တော့ အဲဒီလို မျှော်လင့်ချက် ရှိပါတယ်။ … နည်းပညာအားဖြင့်မှာ ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ ကျွန်တော် မေးရသလောက်၊ စကားပြောရသလောက်၊ အလုပ်တွဲလုပ်ရသလောက်ဆိုလို့ရှိရင် အင်အားစုအသီးသီးမှာ အဲဒီနည်းပညာ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို ပိုပြီးတော့ လုပ်လာကြတယ်။

ပြီးတော့ နောက်တစ်ခုက ခြောက်နှစ် ဝန်းကျင်လောက်ကြာတဲ့အချိန်မှာ ဒီ Quality ကျန်လာတယ်။ ကျွန်တော်တို့ ဒါ စစ်ပါးဝလာပြီးတော့ တိုက်ရည်ခိုက်ရည် ပြည့်လာတာပေါ့။
ကျန်တဲ့ တခြား ပြဿနာတွေလည်း ရှိတာပေါ့ဗျာ။ အရင်တုန်းကလိုမျိုးတော့ ကိုယ့်ဘက်က အင်အားအများကြီးတော့ ရှိကောင်းမှရှိမယ်ပေါ့။ ဒါပေမဲ့ တိုက်ရည်ခိုက်ရည်မှာ ကောင်းတယ်လို့ ပြောလို့ရတဲ့လူတွေ ကျန်ခဲ့တယ်။ တပ်တွေက ကျစ်လျစ်ပြီးတော့ မာလာတယ်။ ဒါကတော့ ‘တစ်’ အချက်ပေါ့။ ဒုတိယတစ်ချက် နည်းပညာကိစ္စ၊ အားလုံးက နည်းပညာကိစ္စကို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြတယ်။ လုပ်လာကြတဲ့အခါ တဖန်ပြန်ပြီးတော့ နည်းပညာကဏ္ဍမှာ ပြန်အားပါလာတာမျိုးလည်း ရှိလာတယ်ပေါ့။
စစ်ရေးအားဖြင့်မှာ တချို့နေရာတွေမှာ (သူတို့) ထိုးစစ်ကို ရိုက်ချိုးလိုက်ပြီးတော့ ကိုယ့်ဘက်က တန်ပြန်ထိုးစစ် လုပ်နိုင်တဲ့အထိကို အခြေအနေကောင်းတွေ ဖန်တီးလာနိုင်တဲ့ နေရာတွေလည်း ရှိလာတယ်။ အဲဒီအခါကျတော့ စစ်ဆင်ရေးအားဖြင့် အရင်တုန်းကတော့ ၄၀-၆၀ အခင်းအကျင်း။ အဲဒီကနေပြီးတော့ ၆၀-၄၀ အခင်းအကျင်းအထိကိုတော့ ပြန်တက်သွားနိုင်တာမျိုး ရှိတယ်။ အခုလက်ရှိ မြေပြင် သတင်းအချက်အလက်တွေအားဖြင့် လတ်တလော အဲဒီလိုမျိုးတော့ ကျွန်တော်တို့ မှန်းတယ်။
သို့သော် ပြဿနာက နိုင်ငံရေးပြဿနာ။ နိုင်ငံရေးမှာ လူထုကို ပြန်ပြီးတော့ စစ်ကိုင်းခွင်ပဲဖြစ်ဖြစ်၊ မကွေးခွင်ပဲဖြစ်ဖြစ် အညာဒေသနဲ့ အဓိကလှုပ်ရှားတဲ့ ဒေသတွေမှာ ဖြစ်နေတဲ့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ကိစ္စတွေ၊ အခွန်နဲ့ဆိုင်တဲ့ကိစ္စတွေ၊ အဲဒီနိုင်ငံရေးကိစ္စတွေကို မဖြေရှင်းဘဲနဲ့တော့ ကျွန်တော်တို့က အဲဒီလို အလုံးစုံကြီး (မဟုတ်တောင်) ခုနတုန်းကပြောတဲ့ ၆၀-၄၀ အခြေအနေ ရောက်သွားရင်တောင်မှ အဲဒီ ၆၀-၄၀ ကနေ ဥပမာ ၈၀-၂၀ အထိကို ရောက်နိုင်ဖို့အထိက အဲဒီပြဿနာကို ဖြေရှင်းဖို့လိုတယ်။ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်တယ် ဆိုလို့ရှိရင်တော့ ၈၀-၂၀ အထိ ကျွန်တော်တို့ တက်သွားနိုင်တယ်။ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ၆၀-၄၀ လောက်အထိပဲ ကျွန်တော်တို့ ရလိမ့်မယ် ထင်တယ်။



