ကမ္ဘာကျော် ကျောက်စိမ်း ထွက်ရှိရာ ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း မိုးရွာသွန်းမှုများကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အသက်နှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ လူငါးထောင်ခန့် ရေဘေးသင့်ခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၁၈ ရက်ညမှစတင်၍ မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့အတွင်း ဖြတ်သန်းစီးဆင်းသည့် ဥရုချောင်းရေ တက်လာပြီး မြို့အရှေ့ဘက် လုံးခင်းကျေးရွာအုပ်စုနှင့် ဖားကန့်မြို့ပေါ်ရပ်ကွက်များအတွင်း ရေစတင်ဝင်ရောက်ခဲ့ကာ ၁၀ ပေခန့်အထိ မြင့်တက်ခဲ့သည်။
နောက်တစ်နေ့ (ဇူလိုင်လ ၁၉ ရက်) အထိ မိုးရွာသွန်းမှုကြောင့် ရေဆက်တက်ခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နံနက်တွင်မူ မိုးဆက်ရွာနေသော်လည်း ငါးပေခန့်အထိ ရေကျသွားသည်၊ ယနေ့ နံနက်တွင် ရေအတော်ကျသွားပြီဟု မြို့ခံများနှင့် ကယ်ဆယ်ရေးသမားများထံက သိရသည်။
ယမန်နေ့ (ဇူလိုင်လ ၂၀ ) ညနေတွင် အသက် နှစ်နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးရုပ်အလောင်း ရေစီးနှင့် မျောပါလာသည်ကို ဆယ်ယူရခဲ့သည်ဟု ရေဘေးကယ်ဆယ်ရေးလုပ်နေသူ အမျိုးသားတစ်ဦးထံက သိရသည်။
“ကလေးက ရေစီးအတိုင်း မျောပါလာပြီးမှ ငှက်ပျောတောရပ်ကွက်က ဘိုတဲစုနားက ခြံဝင်းထဲမှာ လာတင်နေတာပေါ့။ မိဘတွေကတော့ မသိရသေးဘူး။ သူတို့မိဘတွေက ဘယ်ရောက်နေမှန်းမသိလို့ လိုက်ရှာနေကြတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကလေးမိဘများနှင့် အဆက်အသွယ် မရသေးသည့်အတွက် ယနေ့ နံနက်ပိုင်းအထိ ကလေး အလောင်းကို တွေ့ရှိခဲ့သည့် ခြံဝင်းအတွင်း နေအိမ်တွင်သာ ထားရှိသည်ဟု သိရသည်။

ရေနစ်မြုပ်ခဲ့သည့် ဖားကန့်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ ရေဘေးသင့်သူများအတွက် လတ်တလောတွင် ကယ်ဆယ်ရေးစခန်း သီးသန့်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ကုန်းမြင့်များတွင်ရှိသည့် ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့တွင် အဆင်ပြေသလို နေရာချထားပေးနေရသည်ဟု အထက်ပါ ကယ်ဆယ်ရေးသမားက ပြောသည်။
ဖားကန့်မြို့ပေါ်ရှိ နေအိမ် သုံးလုံး ရေစီးထဲ မျောပါပြိုကျခဲ့ကာ မော်တော်ကား၊ ဆိုင်ကယ်နှင့် အိမ်သုံး စက်ပစ္စည်းများလည်း ရေနစ်မြုပ်ခဲ့သည်ဟု ကယ်ဆယ်ရေးသမားများထံက သိရသည်။
လက်ရှိတွင် ရေတဖြည်းဖြည်းကျနေသော်လည်း အချို့နေရာများ၌ ရေဆက်ကြီးနေဆဲဖြစ်သည့် အတွက် သတိထားကြရန် ဖားကန့်ဒေသခံ အချင်းချင်းနှိုးဆော်နေကြသည်။
ရေကျနေသော်လည်း မိုးဆက်လက်ရွာနေလျှင် ရေပြန်တက်နိုင်သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်ဟု အထက်ပါ ကယ်ဆယ်ရေးသမား အမျိုးသားက ပြောသည်။
သောက်ရေနှင့် ထမင်းဘူး ၅၀၀၀ ခန့်ကို ရေဘေးသင့်သူများအတွက် ယမန်နေ့မှစတင်၍ ပေးဝေနေပြီး ထပ်တိုးလာနိုင်သည့် ရေဘေးသင့်သူများအတွက်လည်း အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။
သဘာဝပတ်ဝန်းကျင် ယိုယွင်းနေသည့် ကျောက်စိမ်းမြို့တော်
ကျောက်စိမ်းနှင့် ရွှေကဲ့သို့သော သယံဇာတတူးဖော်များကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေသည့် ဖားကန့်တွင် မိုးတွင်းကာလရောက်တိုင်း ရေကြီးရေလျှံမှုဖြစ်ပေါ်လေ့ရှိသော်လည်း ယခုအကြိမ်ဖြစ်ပွားသည့် ရေကြီးရေလျှံမှုမှာ ယခင်နှစ်များထက် ပိုမိုဆိုးဝါးခဲ့သည်ဟု ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဆုံးရှုံးမှုက အရမ်းများပါတယ်၊ ရေကလည်း စိုးရိမ်ရေအမှတ်ကျော်လွန်သွားပါတယ်။ အရင်အခေါက် ရေကြီးတာတွေထက် အခုအခေါက်က ပိုဆိုးပါတယ်” ဟု ဖားကန့်မြို့ခံ အမျိုးသားက ဆိုသည်။
ဇူလိုင်လဆန်းက ဥရုချောင်းရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နေရာအချို့ ရေနစ်မြုပ်ခဲ့သလို ပြီးခဲ့သည့် ဇွန်လကလည်း ဖားကန့်မြို့တွင် မိုးရွာသွန်းမှုများပြားသောကြောင့် ရေကြီးပြီး မြေပြိုကာ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့သေးသည်။
သယံဇာတနယ်ဖြစ်သည့် ဖားကန့်တွင် ကျောက်စိမ်းတူးဖော်မှုမှုနောက်ဆက်တွဲ လူလုပ်သဘာဝဘေးများကြောင့် ဒေသခံများ နှစ်စဉ်သေဆုံးလေ့ရှိသလို စစ်ဘေးကြောင့်လည်း မကြာခဏ သေဆုံးကြရသည်။
ကျောက်စိမ်းသယံဇာတမှ ရရှိနိုင်သည့် အခွန်အခများကြောင့် ဖားကန့်မြို့ကို ထိန်းချုပ်နိုင်ရန် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့က အပြန်အလှန်ကြိုးစားနေကြပြီး မြို့အနီး တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသည်။ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လေ့ရှိသည်။
စစ်တပ်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တွင် မုတ်သုံလေအားကောင်းခြင်း၊ လေထု မငြိမ်သက်ခြင်းများကြောင့် လာမည့် ဇူလိုင်လ ၂၈ ရက်အထိ ကချင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးကြီးမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။





