တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန်မြို့ရှိ အထည်ချုပ် စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမားများအနက် ၄၆ ဦးကို တရုတ်အာဏာပိုင်များက ယခုလဆန်းပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ပြန်လွတ်လာသည့် အလုပ်သမားများနှင့် အကူအညီပေးခဲ့သူများကပြောသည်။
Ruili City Xinqiang Garment Co., Ltd (ရှင်းကျန်း အထည်ချုပ် ကုမ္ပဏီလီမိတက်) တွင် အလုပ်လုပ်ခဲ့သည့် အထိန်းသိမ်းခံ မြန်မာအလုပ်သမားများကို ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး တာဝန်ရှိသူများက ရွှေလီမြို့ရှိ တရုတ်အာဏာပိုင်များနှင့်ပူးပေါင်းကာ မြန်နိုင်ငံသို့ပြန်လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားများ လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့ကြသူများကပြောသည်။
လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ နားချိန်မရှိဘဲလုပ်ရခြင်းကြောင့် စက်ရုံမှ ထွက်ပြေးရန် ကြိုးစားသည့် မြန်မာအလုပ်သမား သုံးဦးကို အပြင်းအထန် ဒဏ်ရာရသည်အထိ စက်ရုံလုံခြုံရေးများက ရိုက်နှက်ခဲ့သည်ကို မကျေနပ်၍ ဇွန်လ ၃ ရက်တွင် မြန်မာအလုပ်သမား ၅၅ ဦးတို့က အလုပ်ထွက်ခဲ့ကြသည်။
အလုပ်ထွက်လိုသည့် အလုပ်သမားများအား ရဲလက်သို့မအပ်ဘဲ နေရပ်ပြန်ခွင့် ပြုမည်ဟု စက်ရုံပိုင်ရှင်က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် စက်ရုံပိုင်ရှင်က အလုပ်သမားများအား တရုတ်ရဲလက်သို့ အပ်လိုက်သည်။
အလုပ်သမား ၅၅ ဦးထဲမှ ကိုယ်ဝန်ဆောင်နှင့် ကျန်းမာရေးမကောင်းသူ ငါးဦးမှလွဲ၍ ကျန်အလုပ်သမား အယောက် ၅၀ ကို ဇွန်လ ၄ ရက်တွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ထို အလုပ်သမားများကို ရွှေလီမြို့ပြင်ရှိ အချုပ်ထောင်တစ်ခုတွင် တစ်လကျော်ကြာ ဖမ်းဆီးထားပြီးနောက် ၄၆ ဦးကို ယခုလ ၈ ရက်နေ့တွင် ယူနန်ပြည်နယ်ရဲက မြန်မာနယ်စပ်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုမြန်မာအလုပ်သမားများကို မြန်မာအာဏာပိုင်များက လက်ခံစစ်ဆေးပြီးနောက် နေရပ်ပြန်မည့်ကားများပေါ်သို့ တင်ပေးလိုက်သည်ဟု ပြန်ရောက်လာသည့် အလုပ်သမားများက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ကို တရုတ်ရဲကဖမ်းပြီးတော့ ရွှေလီမြို့ပြင်က ထောင်ထဲမှာ ထားတာ။ အစားအသောက်တော့ ပုံမှန်ကျွေးတယ်။ ဘယ်ကနေလာတာလဲ၊ ဘာလာလုပ်လဲမေးတယ်။ တစ်လကျော်လောက် နေခဲ့ရတာ။ လုပ်ခတွေဘာတွေလည်း ရဲကနေ တဆင့် ရှင်းပေးလိုက်တယ်” ဟု အထည်ချုပ်အလုပ်သမား ကိုသက်က ပြောသည်။
ကျန် အလုပ်သမား လေးဦးနှင့် ဇွန်လလယ်ပိုင်းတွင် အဆိုပါစက်ရုံမှပင် အလုပ်ထွက်၍ ထပ်မံ ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမား အယောက် ၃၀ ၏ အခြေအနေကို မသိရဟု ပြန်လွတ်လာသည့် အလုပ်သမားများက ပြောသည်။
“(သူတို့ကို) ဘယ်ပို့လိုက်လဲတော့ မသိဘူး။ ကျွန်တော်တို့ဆီတော့ ရောက်မလာဘူး။ ကျွန်တော်တို့က ၄၆ ယောက်အုပ်စုပဲ။ ဒါလည်း တစ်နေရာစီမှာထားတာ။ ပြန်လွှတ်မှသာ စုပြီးလွှတ်ပေးတာ” ဟု မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် အလုပ်သမား နောက်တစ်ဦးက ပြောသည်။
အလုပ်သမားများအား ရိုက်နှက်ပြီး လုပ်အားခခေါင်းပုံဖြတ်သည့် Xinqiang Garment Co., Ltd အထည်ချုပ် စက်ရုံပိုင်ရှင်နှင့် လုံခြုံရေးဝန်ထမ်းအချို့ကို တရုတ်အစိုးရဘက်က ထောင်ဒဏ် ၁၅ ရက် ချမှတ်ကာ အရေးယူခဲ့သည်ဟု အလုပ်သမားများက ဆိုသော်လည်း ထိုအချက်ကို Myanmar Now က သီးခြားအတည်မပြုနိုင်ပါ။
တရုတ်အထည်ချုပ်စက်ရုံတွင် မြန်မာလုပ်သားများ လုပ်ခခေါင်းပုံဖြတ်ခံရကာ ဖမ်းဆီးခံခဲ့ရသည့် အခြေအနေနှင့်ပတ်သက်၍ Myanmar Now က ဖြစ်စဉ်စတင်ချိန်မှစပြီး ရန်ကုန်ရှိ တရုတ်သံရုံးထံသို့ အကြိမ်ကြိမ် အီးမေးလ်ပေးပို့ မေးမြန်းခဲ့သော်လည်း အကြောင်းမပြန်ခဲ့ပါ။
တရုတ်တွင် မြန်မာများကို အဖမ်းအဆီးကြမ်းနေ
အဆိုပါအထည်ချုပ်စက်ရုံမှ အလုပ်သမားပြဿနာများ ဖြစ်ပွားပြီးနောက် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို တရုတ်ရဲက တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးနေသည်ဟု ရွှေလီမြို့ရှိ မြန်မာအလုပ်သမားများက ဆိုသည်။
မူဆယ်ခရိုင်တွင် နေထိုင်သူများသည် တစ်နှစ်သက်တမ်းရှိ၊ အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရသည့် BP (Border Pass – နယ်စပ်ဖြတ်သန်းခွင့်စာအုပ်) ဖြင့်လည်းကောင်း၊ မူဆယ်ခရိုင်မှလွဲ၍ ကျန်ဒေသများတွင် နေထိုင်သည့် မြန်မာများသည် တစ်ကြိမ်သာသုံးစွဲခွင့်ရှိသည့် TBP (Temporary Border Pass – ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်) ကိုလည်းကောင်း အသုံးပြုကာ ယူနန်နယ်စပ်ကို ဖြတ်သန်းခွင့် ရရှိသည်။ ယင်းလက်မှတ်နှစ်မျိုးလုံးသည် ဆေးကုသခွင့်နှင့် အလည်အပတ်အတွက် သာဖြစ်ပြီး အလုပ်လုပ်ခွင့်မရှိပါ။
သို့သော် မြန်မာအာဏာပိုင်များကလည်း စစ်မှုထမ်းအသက်သတ်မှတ်ချက်နှင့် အကျုံးဝင်သည့် အမျိုးသား၊ အမျိုးသမီးများကို နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်မပေးသဖြင့် ခိုးပေါက်များမှ ဝင်ရောက်ကြရပြီး တရုတ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရပြန်သည်။
နေထိုင်ခွင့်လက်မှတ်မရှိ၍ ဖမ်းဆီးခံရသည့် ရာနှင့်ချီသော မြန်မာနိုင်ငံသားများကို တရုတ်အချုပ်ထောင်ထဲတွင် တွေ့ခဲ့ရသည်ဟု ပြန်လွတ်လာသည့် မြန်မာအလုပ်သမားများက ပြောပြသည်။
“လေးထပ်အဆောင်ထဲမှာ အခန်းပေါင်း ဆယ်နဲ့ချီရှိတယ်။ တစ်ခန်းကို ခုနစ်ယောက်လောက် စုထားတာ။ နေထိုင်ခွင့်မရှိလို့ အဖမ်းခံရတဲ့သူတွေ အများကြီး တွေ့ခဲ့တယ်” ဟု အချုပ်အနှောင်မှ ပြန်လွတ်လာသည့် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
စက်ရုံများမှ တိုက်ရိုက်ခေါ်စာဖြင့် လာရောက်ခဲ့လျှင်လည်း အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရနိုင်သည်ဟု ရွှေလီရှိ ဝါရင့်မြန်မာလုပ်သားများက သတိပေးထားသည်။
“စက်ရုံက တိုက်ရိုက်ခေါ်တာဆိုလည်း စာရွက်စာတမ်းတွေကို အလုပ်ရှင်က သိမ်းထားမှာ။ ကိုယ်မလုပ်နိုင်ရင် ထွက်လို့မရဘူး။ ပြီးရင် ပွဲစားခနဲ့ ခိုးပေါက်ကနေ ဝင်ရမှာ။ အဖမ်းခံရရင်လည်း မလွယ်ဘူး။ တရုတ်ထဲမှာလည်း တအား ဖမ်းနေတော့ မလာစေချင်ဘူး” ဟု ရွှေလီမြို့တွင် နှစ်နှစ်ကြာ နေထိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးက သတိပေးသည်။
တရုတ်နိုင်ငံ ရွှေလီနှင့် ကျယ်ဂေါင်မြို့များရှိ အထည်ချုပ်စက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် စက်ပစ္စည်းစက်ရုံများတွင် နှစ်စဉ် မြန်မာနိုင်ငံသား တစ်သိန်းနှင့်အထက် လာရောက်အလုပ်လုပ်ကိုင်လေ့ရှိသည်။
ထိုသို့ လုပ်ကိုင်ရာတွင် TBP လက်မှတ်ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်သူများ ရှိသကဲ့သို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်မှုများကြောင့် တရုတ်လုပ်ငန်းရှင်များ၏ လုပ်ခခေါင်းပုံဖြတ်ခံရခြင်း၊ တရုတ်ရဲတပ်ဖွဲ့များ၏ မကြာခဏ ဖမ်းဆီးခံရခြင်းတို့နှင့် ကြုံတွေ့နေကြရသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအနေဖြင့် အနည်းဆုံးနှစ်နှစ်မှ ငါးနှစ် အထိ ပြည်ဝင်ခွင့်ပိတ်ခံရမည်ဖြစ်ပြီး အမြင့်ဆုံး ယွမ် ၂၀,၀၀၀ (ကျပ်သိန်း ၁၃၀ ဝန်းကျင်) အထိ ဒဏ်ငွေ ရိုက်ခံရမည်ဟု တရုတ်အစိုးရက နယ်စပ်တွင် အသိပေး ဆိုင်းဘုတ်များထောင်ထားသည်ဟု ရွှေလီရှိမြန်မာအလုပ်သမားများက ပြောသည်။



