အိန္ဒိယ တရားလွှတ်တော်ချုပ်ရဲ့ တရားသူကြီးချုပ်ဖြစ်သူ ဆူရီယာ ကန့်တ် (Surya Kant) ဟာ တရားရုံး ရုံးချိန်းစစ်ဆေးမှုတစ်ခုအတွင်း အိန္ဒိယနိုင်ငံရဲ့ အလုပ်လက်မဲ့ လူငယ်တွေဟာ ပိုးဟပ်တွေ၊ ကပ်ပါးကောင်တွေလို့ ခိုင်းနှိုင်းပြောဆိုခဲ့ရာက အိန္ဒိယနိုင်ငံမှာ လူထုအုံကြွမှု ပေါ်ပေါက်လာပြီး ဆယ်စုနှစ်တစ်စုကြာ အာဏာရယူထားတဲ့ နာရန်ဒရာ မိုဒီ အစိုးရအတွက် ခေါင်းကိုက်စရာ ဖြစ်လာနေပါတယ်။
တရားသူကြီးချုပ် ဆူရီယာ ကန့်တ်ရဲ့ ပြောဆိုချက်ကို အမေရိကန်နိုင်ငံ၊ ဘော့စတွန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ အသက်၃၀ အရွယ် ကျောင်းသား အဘီဂျစ် ဒစ်ပ်ကေး (Abhijeet Dipke) က ပြန်သရော်တဲ့အနေနဲ့ “ပိုးဟပ် ပြည်သူ့ပါတီ” (Cockroach Janta Party – CJP) ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ လှုပ်ရှားမှုတစ်ခု စတင်ခဲ့ပါတယ်။ CJP ပါတီလို့ အမည်ပေးခဲ့တာဟာ ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီကို လှောင်ပြောင်ပြီး ပေးခဲ့တာဖြစ်ပါတယ်။ “ပိုးဟပ်− ပြည်သူ့ပါတီ” ဆိုတာ တစ်ကယ်တော့ တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီမဟုတ်ပါဘူး။ အွန်လိုင်း လှုပ်ရှားမှု အမည်သာ ဖြစ်ပါတယ်။
အဘီဂျစ် ဒစ်ပ်ကေးက “ပိုးဟပ်တွေ အားလုံး ပေါင်းစည်းလိုက်ရင် ဘာဖြစ်မလဲ” လို့ တွစ်တာမှာ ရေးလိုက်တဲ့အခါ အဲ့ဒီပို့စ်ကို ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိခဲပါတယ်။ “ပိုးဟပ် ပြည်သူ့ပါတီ” (Cockroach Janta Party – CJP) ဆိုပြီး Instagram မှာ အကောင့်ဖွင့်လိုက်တဲ့ အခါမှာလည်း ၁ ရက်အတွင်း Follower ၁ သန်း၊ ၄ ရက်အတွင်း ၁၀ သန်းအထိ ရှိခဲ့ပြီး လက်ရှိမှာတော့ ၂၅ သန်းကျော်အထိ ရှိလာခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေ ဖြစ်လာပြီးတဲ့နောက်မှာတော့ ဒစ်ပ်ကေးက သူဟာ သာမန်လူတစ်ဦးသာ ဖြစ်ခဲ့ပေမယ့် အခုအခါ ကမ္ဘာ့ဩဇာအကြီးမားဆုံး အစိုးရတစ်ရပ်ကို စိန်ခေါ်နိုင်တဲ့ လူထုခေါင်းဆောင် ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။
ပိုးဟပ်ပါတီ လှုပ်ရှားမှု ပေါ်ပေါက်လာတဲ့အချိန်ဟာ အိန္ဒိယနိုင်ငံရဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းပေါက်ကြားမှု အရှုပ်တော်ပုံနဲ့လည်း တိုက်ဆိုင်နေပါတယ်။
စာမေးပွဲမေးခွန်း ပေါက်ကြားသွားတဲ့အတွက် စာမေးပွဲ ရလဒ်တွေ ပယ်ဖျက်ခံရပြီး ကျောင်းသား ၂ သန်းခန့်ဟာ စာမေးပွဲကို နောက်တစ်ကြိမ် ထပ်မံ ဖြေဆိုခဲ့ကြရပြီး ကျောင်းသား ၂၀ နီးပါးဟာလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဒီလိုကြီးမားတဲ့ ဆန္ဒပြပွဲမျိုး မပေါ်ပေါက်ခဲ့ဖူးပါဘူး။ လက်ရှိအခြေအနေကို အစိုးရက အလျှော့ပေးလိုက်မယ်ဆိုရင် အရှုံးပေးတယ်လို့ အမြင်ခံရမှာဖြစ်သလို၊ လူငယ်တွေရဲ့ တောင်းဆိုချက်ကို လျစ်လျူရှုမယ်ဆိုရင်လည်း လူငယ်မဲဆန္ဒရှင်တွေကို ပိုမို ဒေါသထွက်စေမှာဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေ အခု အိန္ဒိယ ပိုးဟပ်တို့ရဲ့ အုံကြွမှုဟာ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီရဲ့ ၁၂ နှစ်တာ အုပ်ချုပ်မှုသက်တမ်းအတွင်း အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်နေပါတယ် ခင်ဗျား။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



