မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်သည် ၎င်းတို့နိုင်ငံ၏ မြေရှားနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများကို ဦးဆောင်၍ ယခုသီတင်းပတ်အတွင်း မန္တလေးကုန်သည်စက်မှုအသင်းရုံးတွင် ပြည်တွင်းလုပ်ငန်းရှင် များနှင့်တွေ့ဆုံကာ အိန္ဒိယ-မြန်မာသတ္တုတူးဖော်ရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်တစ်ခု ကျင်းပခဲ့ကြောင်း မန္တလေးမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးက ယမန်နေ့ (ဇူလိုင်လ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။
အိန္ဒိယအစိုးရပိုင်စီပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Indian Rare Earth Limited (IREL) အပါအဝင် သတ္တုတူးဖော်ရေးကုမ္ပဏီ ခြောက်ခုသည် ရန်ကုန်နှင့် မန္တလေးမှသတ္တုတူးဖော်ရေးလုပ်ငန်းရှင်များ၊ တိုင်းနှင့်ပြည်နယ်များမှ ကုန်သည်များနှင့်တွေ့ဆုံခဲ့ပြီး မြေရှားနှင့် သတ္တုတူးဖော်ရေး ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်နိုင်ရန် ဇူလိုင်လ ၂၂ ရက်နှင့် ၂၃ ရက် နှစ်ရက်တာ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ထိုဖိုရမ်ကို စစ်အာဏာရှင်အစိုးရ၏ မန္တလေးတိုင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင် တက်ရောက်ခဲ့သည်။
သတ္တုတူးဖော်ရေးအတွက် မူဝါဒချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားသက်ဆိုင်သူများ အချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးပါကြောင်း ထိုထုတ်ပြန်ချက်က ဆိုသည်။
ယင်းသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုအများဆုံးထုတ်လုပ်သည့် နိုင်ငံများအနက် တစ်ခုဖြစ်သော မြန်မာနိုင်ငံမှ မြေရှားသတ္တုများရရှိရန် အိန္ဒိယဘက်က ခြေလှမ်းပိုစိပ်လာခြင်းကို ပြနေသည်။
သတ္တုတူးဖော်ရေးဟု အမည်တပ်ထားသော်လည်း အိန္ဒိယဘက်က မြန်မာတွင် မြေရှားတူးဖော်နိုင်ရန် အဓိက ချိတ်ဆက်လိုခြင်းဖြစ်ကြောင်း မန္တလေးကုန်သည်စက်မှုအသင်း (MRCCI) နှင့်နီးစပ်မှုရှိသည့် အမည်မဖော်လိုသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကိုပြောသည်။
“သူတို့က အဓိက Target (ပစ်မှတ်) ကတော့ Rare Earth (မြေရှားသတ္တု) ကို အချိတ်အဆက်လေးနဲ့ သွားချင်တာပေါ့။ အဲ့ဒီတော့ ဒီဘက်ကလည်း မန္တလေးတိုင်းမှာ အဲ့ဒါတွေမရှိဘူး။ တကယ်တမ်းကျတော့ အဲ့ဒါတွေက ကချင်တို့၊ ရှမ်းမြောက်တို့မှာရှိတာ။ အဲ့ဒီက ကုမ္ပဏီတွေကို အကုန်မဖိတ်နိုင်တော့ ချိတ်ဆက်ဖို့တော့ခဲယဉ်းတာပေါ့။ သူတို့ကတော့ ချိတ်ဆက်ချင်တာပေါ့” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရှိ မြေရှားသတ္တုသိုက်များကို အိန္ဒိယက လက်လှမ်းမီရန် မျှော်လင့်ချက်တစ်ခုရှိနေပြီး ထိုမျှော်လင့်ချက်ကို အကောင်အထည်ဖော်ရန် အဆက်အသွယ်ရှာသည့် သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နယ်စပ်ရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မြေရှားသတ္တုသိုက်များကို တရုတ်က အဓိကလည်ပတ်လုပ်ကိုင်နေ၍ အိန္ဒိယကုမ္ပဏီများဝင်တိုးရန်ခက်ကြောင်း စစ်တပ်ထိန်းချုပ်နယ်မြေ၌ မြေရှားသတ္တုစူးစမ်းရှာဖွေခြင်း၊ လုပ်ကိုင်ခွင့်လျှောက်ထားခြင်းတို့ကို စစ်အာဏာရှင်အစိုးရက မည်သို့ စဉ်းစားမည်ကို မသိရကြောင်း ၎င်းက ဆိုသည်။
“ဒါက (အခုဖိုရမ်က) သူတို့ Information(သတင်းအချက်အလက်) လောက်ပဲရမှာပဲလေ။ တကယ် လက်တွေ့ချိတ်ဆက်နိုင်မှုကတော့ မရှိသလောက်ပဲ” ဟု သူက မှတ်ချက်ပေးသည်။
ယခုနှစ် မေလကုန်၊ ဇွန်လဆန်းကသွားရောက်ခဲ့သည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာ မိုဒီနှင့်တွေ့ဆုံ၍ မြေရှားသတ္တုနှင့် စီမံကိန်းများအတွက် သဘောတူညီခဲ့ကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းစစ်တပ်ကိုတော်လှန်တိုက်ခိုက်၍ တရုတ်နှင့် မြန်မာနယ်စပ်ရှိ ကချင်ပြည်နယ်အတွင်းရှိ မြေရှားသတ္တုတွင်းကို ထိန်းချုပ်ထားသော ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မြေရှားသတ္တုရရန် အိန္ဒိယက ညှိနှိုင်းနေကြောင်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
အာဏာသိမ်းစစ်ကော်မရှင် ဩဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ခဲ့သည့် ကချင်အထူးဒေသ(၁) နယ်မြေရှိ ပန်ဝါပြည်သူ့စစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အပြီးသတ်တိုက်ခိုက်ပြီး မြေရှားသတ္တုသိုက်များတည်ရှိရာ ချီဖွေ၊ ပန်ဝါနှင့် ဆော့လော်ဒေသများကို KIA က အုပ်ချုပ်နေသည်။
ထိုသို့သိမ်းပိုက်ပြီးနောက် မြေရှားလုပ်ကွက်သစ်များ တူးဖော်ခွင့်ပြုထားကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။
အင်အားကြီးလက်နက်ကိုင်တပ်တစ်ခုဖြစ်သည့် ဝတပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားသည့် ရှမ်းပြည်အရှေ့ပိုင်းဒေသများတွင်လည်း မြေရှားလုပ်ကွက်များပိုမိုကျယ်ပြန့်လာကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
ကချင်ပြည်နယ်တွင်အများဆုံးထွက်ရှိသော မြေရှားသတ္တုသည် လျှပ်စစ်ကား (EV)၊ လေစွမ်းအင်သုံး တာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသည့် ဒြပ်စင်တစ်ခုဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နည်းပညာကုန်ပစ္စည်းထုတ် နိုင်ငံများ၏ သည်းခြေကြိုက်ဖြစ်လာသည်။
မြေရှားသတ္တုသည် တောင်များကို ဒေါင်လိုက်နှင့် အလျားလိုက် အပေါက်များဖောက်၍ သတ္တုရိုင်းများ စစ်ထုတ်နိုင်သည့် နိုက်ထရစ်အက်ဆစ်နှင့် ဓာတုပစ္စည်းရည်များ လောင်းထည့်ပြီး ပေ ၃၀ ဝန်းကျင် ကျင်းကြီးများထဲတွင် အနည်ထိုင်သန့်စင် ထုတ်လုပ်ကြရကြောင်း သိရသည်။
ထိုမြေရှားသတ္တုလုပ်ငန်းများမှ စွန့်ပစ်ရေများသည် မိုးရေနှင့်အတူ ချောင်းနှင့် မြစ်များအတွင်းစီးဝင်၍ ရေညစ်ညမ်းခြင်း၊ မြေဆီလွှာပျက်စီးခြင်းစသည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေကြောင်း သယံဇာတ တူးဖော်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာသူများကဆိုသည်။



