မကွေးတိုင်း မြိုင်မြို့နယ်တွင် မီးရှို့ခံထားရသည့် ရုပ်အလောင်းများထပ်မံတွေ့ရှိခဲ့ရပြီးနောက် စစ်တပ် စစ်ကြောင်းထိုးနေသည့် နှစ်လကျော်အတွင်း သတ်ဖြတ်ခံရသည့် အရပ်သားဦးရေ နှစ်ဒါဇင်ကျော် ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လမှစတင်၍ ပခုက္ကူ၊ မြိုင်နှင့် ပေါက် မြို့နယ်သုံးခုကို ရွာစဉ့်လှည့်ပြီး အရပ်သားများကို သတ်ဖြတ်မှုများဆက်တိုက်လုပ်နေသည့် စစ်တပ်စစ်ကြောင်းတွင် တပ်ဖွဲ့ဝင်အင်အား ၆၀၀ နီးပါး ပါဝင်သည်ဟုလည်း ဒေသခံများနှင့်အကူအညီပေးရေး လုပ်သားများက ခန့်မှန်းကြသည်။
စစ်တပ်စစ်ကြောင်းဝင်ခဲ့သည့် မြိုင်မြို့နယ် ကွန်လပ်ရွာတွင် မီးရှို့သတ်ဖြတ်ခံထားရသည့်ရုပ်အလောင်း အပါအဝင် ရုပ်အလောင်း နှစ်ခု၊ ဘောတုံကျေးရွာတွင် မီးရှို့ခံထားရသည့် ရုပ်အလောင်း ငါးခုနှင့် သံချောင်းရွာတွင် သက်ကြီးပိုင်းအမျိုးသား ရုပ်အလောင်း တစ်ခု စုစုပေါင်း ရုပ်အလောင်းရှစ်ခုကို ဒေသခံများက ရှာဖွေတွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။
သံချောင်းရွာတွင် ရှာဖွေတွေ့ရှိခဲ့သည့် သက်ကြီးပိုင်းအရွယ် အမျိုးသားတွင် ဖူးရောင်နေသည့် နှိပ်စက်ညှဉ်းပန်းဒဏ်ရာများ တွေ့ရှိရကြောင်း အခြေအနေသိရှိသည့် မြိုင်မြို့နယ်မှ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“သံချောင်းရွာက သတ်ခံရတဲ့အမျိုးသားရဲ့ဘေးမှာ ငရုတ်ကျည်ပွေ့ရှိတယ်။ ငရုတ်ကျည်ပွေ့နဲ့ထုနှက်ပြီး တော့သတ်တယ်လို့ ယူဆရတယ်။ စစ်ကြောင်းနဲ့မိတာကတော့ အဓိကတော့ ပြေးမလွတ်ကြတာ။ ပြေးမလွတ်ရင်းနဲ့ မိတာ”ဟု အထက်ပါ ဒေသခံကပြောသည်။

ရုပ်အလောင်းအများအပြား မီးရှို့ခံထားရသည့် ဘောတုံရွာမှာ ယခင်က စစ်တပ်စစ်ကြောင်း မကြာခဏ ဝင်လေ့ရှိသည့်ကျေးရွာမဟုတ်ပေ။ မြိုင်မြို့အနောက်ဘက် ခုနစ်မိုင်ခန့်အကွာရှိ ဘောတုံရွာမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်တွင် မြိုင်မြို့နယ်ကို ပထမဆုံး စစ်ကြောင်းထိုးစဉ်က စစ်ကြောင်း ဝင်ခဲ့ပြီးနောက် ငါးနှစ်ကျော်အကြာ ဒုတိယတစ်ခေါက် ပြန်လည် စစ်ကြောင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
ကြိုတင်ရှောင်တိမ်းရန် အချိန်ရသော်လည်း ရွာကို စစ်ကြောင်းဝင်လေ့ဝင်ထမရှိသဖြင့် အချို့မှာ မရှောင်တိမ်းဘဲ ဆက်လက်နေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဆရာထွေးက ဆိုသည်။
ဘောတုံရွာတွင် ဖမ်းဆီးခံခဲ့ရသည့်ပြည်သူများကို သတ်ဖြတ်ပြီး စစ်တပ်တပ်စွဲခဲ့ရာနေရာများ အနီးဝန်းကျင်များတွင် မီးရှို့ထားခဲ့ခြင်းဖြစ်ကြောင်း ရှာဖွေကူညီကယ်ဆယ်ရေးအတွက် မြေပြင်ရောက်ရှိခဲ့သည့် အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း – မြိုင်မှ တာဝန်ရှိသူ ဆရာထွေးက ပြောသည်။
“အိမ်ဘေးပတ်ချာလည်တွေမှာ ရှို့ထားတာ၊ နှစ်လောင်းတစ်စု၊ နှစ်လောင်းတစ်စု၊ အဲ့ဒါမျိုးရှို့တာ။ တစ်လောင်းကတော့ ဘောတုံရွာရဲ့တောင်ဆုံးလမ်းမြှောင်က ထင်းပုံပေါ်ကို တင်ရှို့ခဲ့တာ။ အများစုကတော့ သူတို့စခန်းချတဲ့အိမ်နားပတ်ဝန်းကျင်တွေမှာပဲ သတ်ဖြတ်ပြီးတော့ အိမ်အသုံးအဆောင် ပစ္စည်းတွေ၊ တာယာတွေ၊ ပရိဘောဂပစ္စည်းတွေနဲ့ ရှို့တာတွေကိုတွေ့ရတယ်”ဟု ဆရာထွေးက ဆိုသည်။
ဇွန်လကုန်ပိုင်းက မြိုင်မြို့နယ်အတွင်း စစ်ကြောင်းဝင်စဉ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာတို့မှ အရပ်သား ခြောက်ဦး၊ ထို့နောက် စစ်ကြောင်းဆက်လက်ဝင်ခဲ့သည့် ပေါက်မြို့နယ်တွင် ထောက်ရှာပင်ရွာမှ ငါးဦး၊ စစ်ကြောင်းတကျော့ပြန်ဝင်လာသည့် မြိုင်မြို့နယ်တွင် ဇူလိုင်လ ဒုတိယပတ် အထိ ကန်နက်၊ မြင်ကိုးသစ်၊ ကိုင်းတောမစသည့်ကျေးရွာတို့မှ ငါးဦး သတ်ဖြတ်ခံခဲ့ရသည်။
ဇူလိုင်လ ၂၂ ရက် နံနက်ကလည်း သင်းမရွာတွင်တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်သဖြင့် ဝက်ဖိုးရွာ ဒေသခံ နှစ်ဦးထိမှန်သေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှရရှိသည့် အချက်အလက်များအရ ပေါက်နှင့်မြိုင်နယ်ထဲ နှစ်လတာအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးသည့်အရပ်သား ၂၆ ဦးအထိရှိလာပြီဖြစ်သည်။
ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူများ၏ အဆိုအရ နယ်မြေရှင်းလင်းရေးဝင်နေသည့် စစ်ကြောင်း၏ လက်ချက်ဖြင့် နှိပ်စက်သတ်ဖြတ်ခံရသူများတွင် အများစုမှာ အမျိုးသားများဖြစ်ပြီး အသက် ၅၀ နှင့် ၆၀ ကြား သက်ကြီးပိုင်းအရွယ်အများစု ပါဝင်သည်။
“တချို့ကြတော့လည်း ငါကဘာမှမလုပ်တာ ငါရှောင်စရာမလိုဘူးဆိုတဲ့အတွေးမျိုးရှိတာ။ တချို့ကျတော့လည်း ငါအသက်ပဲကြီးနေပြီ၊ ငါ့ကိုတော့ ဘာမှမလုပ်လောက်ပါဘူးဆိုပြီးတော့လည်း အတွေးရှိတယ်။ တချို့ကြတော့လည်း ရှောင်တော့ရှောင်တယ်၊ မလွတ်မကျွတ်တွေ ရှောင်မိတာမျိုးတွေလည်း ရှိတယ်။ အဲ့ဒီလိုမျိုးတွေကြားထဲမှာ ဒီအသက်အပိုင်းခြားတွေပါသွားတာ”ဟု မြိုင်မြို့နယ်မှ ဒေသခံက ဆို သည်။
အင်အား ငါးရာထက်မနည်းပါဝင်ပြီး စစ်ကြောင်းထိုးချိန် အတောင်ပံဖြန့်သည့်ပုံစံ ဖြန့်ခွဲ ထိုးစစ်ဆင်လေ့ရှိသည့် အထက်ပါစစ်ကြောင်းနှင့် ဘေးလွတ်ရာ ရှောင်ရှားကြရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းထားသည်။
ပေါက်နှင့်မြိုင်နယ်မှ စစ်ကြောင်းများ ဘယ်လိုစတင်ခဲ့လဲ
မကွေးတိုင်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့မှာ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ စစ်ရေးအရထိစပ်နေသည့် ဆုံမှတ်တွင်ရှိပြီး တောတောင်ထူထပ်ရာ ချင်းတောင်တန်းနှင့် မကွေး၊ စစ်ကိုင်း မြေပြန့် အညာဒေသကို ဆက်သွယ်ထားပြီး တော်လှန်ရေးတပ်များအတွက် လက်နက်နှင့် ရိက္ခာအတွက် အရေးပါသည့်လမ်းကြောင်း ပေါ်တွင် ရှိသည်။
ထို့အပြင် ပေါက်နှင့်မြိုင်ရှိ ကုန်းတွင်းရေနံလုပ်ကွက်များဖြစ်သည့် ဖလံကိုင်း၊ ထောက်ရှာပင် စသည့် ရေနံမှော်များကို တော်လှန်ရေးအင်အားစုများကထိန်းချုပ်ထားရာ တော်လှန်ရေးတပ်များအတွက် အခွန်ဘဏ္ဍာရရှိရာနေရာလည်း ဖြစ်သည်။
မြိုင်နှင့်ပေါက်နယ်တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်များကို အဓိက ထိန်းချုပ်ထားပြီး ပြည်သူ့စစ်များနှင့် ပူးတွဲအထိုင်ချထားသည့် ကျေးရွာအချို့တွင် ခြေကုပ်ယူထားသည်။ ထိုပြည်သူ့စစ်ကျေးရွာများအနက် စစ်ရေးအရ အချက်အချာကျသည့် ပုသိမ်- မုံရွာကားလမ်းအနီးမှ သရက်ကန်ရွာ၊ ပေါက်မြို့နယ်မှ သရက်ကန်ရွာနှင့် ကုက္ကိုလ်စုပျူရွာတို့ကို မေလကုန်ပိုင်းနှင့် ဇွန်လဆန်းတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
ရေပြာရဲစခန်းနှင့် ကုက္ကိုလ်စုရွာတို့ကို လက်လွှတ်လိုက်ရခြင်းသည် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ပြည်သူ့စစ်များနှင့် စစ်တပ်ကို ထောက်ခံအားပေးသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ပေါက်ကိုယ်တော်က ဇွန်လဆန်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုသို့အရေးပါသည့် အခြေစိုက်စခန်းအချို့ကို လက်လွှတ်လိုက်ရပြီးနောက် ဇွန်လဒုတိယပတ်တွင် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ ထွက်လာသော အင်အား ရာနှင့်ချီပါဝင်သည့်စစ်ကြောင်း အစပြုပြီး စတင်မွှေနှောက်တော့သည်။
“ သူ လာခဲ့တဲ့လမ်းကြောင်းကနေ စပြောသွားရင် ပုံမှန်လာရိုးလာစဉ်ပေါ့လေ၊ ပခုက္ကူကနေ ကမ္မ။ ကမ္မကနေမှ မြိုင်နယ်ထဲကို ဝင်တယ်။ မြိုင်နယ်ထဲကနေ ပခုက္ကူမြို့နယ်ထဲကိုပြန်ဝင်သွားပြန်ရော၊ ပခုက္ကူမြို့နယ်ထဲကနေမှ ပေါက်နယ်ထဲက ထောက်ရှာပင်တို့ကိုဝင်တယ်။ လူတွေသတ်ခဲ့တယ်။ ပြီးတော့မှ မြိုင်နယ်ထဲကို ဝင်လာတယ် ။ ဝင်္ကပါလှည့်တဲ့ပုံစံမျိုးလုပ်တာ”ဟု မြိုင်နယ်မှ ဒေသခံက ပြောသည်။
စစ်တပ်စစ်ကြောင်းများမှာ အနောက်မြောက်ဘက်ရှိ ရေနံမှော်များအထိ ဆက်လက်ထိုးစစ်ဆင်နိုင်ခြေရှိကြောင်း ဒေသခံတို့က သုံးသပ်သည်။ လက်ရှိတွင် သင်းမရွာထဲ ရှိနေသောစစ်တပ်က မီးရှို့ဖျက်ဆီးမှုများလုပ်နေပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကို မသိရသေးဟု အထက်ပါဒေသခံက ဆိုသည်။
မြိုင်မြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၁၄ ရွာထက်မနည်းမှ ဒေသခံ ထောင်နှင့်ချီစစ်ဘေးရှောင်နေရပြီး နှစ်လနီးပါးကြာမြင့်လာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့်အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များရှိနေကြောင်း စစ်ရှောင်အရေး ကူညီနေသူများက ဆိုသည်။
မိုးရာသီဖြစ်သည့်အတွက် စစ်ဘေးရှောင်နေရသည့်နေရာများတွင် နေရာထိုင်ခင်း ပိုမိုခက်ခဲလာပြီး သွားလာရေးနှင့် အကူအညီပို့ဆောင်ရေးအတွက် အခက်အခဲရှိနေကြောင်း အညာဒေသ စစ်ရေးနှင့်လူသားချင်းစာနာမှုအခြေအနေများကို စောင့်ကြည့်လေ့လာနေသူတစ်ဦးကလည်း ဆိုသည်။
“ဒီရက်ပိုင်း မိုးနည်းနည်းဝင်လာတာကြောင့် မိုးကာ၊ တာပေါ်လင်၊ စောင်နဲ့ ယာယီအမိုးအကာ။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက်အစားအစာနဲ့အခြေခံအသုံးအဆောင်၊ ဆက်တိုက်ရွှေ့ပြောင်းနေရတာတွေကြောင့် သတင်းအချက်အလက်နဲ့ လုံခြုံရေးသတိပေးစနစ် (လိုအပ်နေတာ)ပါ”ဟု ထိုအမျိုးသားက ဆက်ပြောသည်။
ဇူလိုင်လဒုတိယပတ်ကထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးအဖွဲ့ (UNOCHA) အစီရင်ခံစာအရ နိုင်ငံတဝန်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိပြီး အများစုမှာ အကြိမ်ကြိမ်ထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်သည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားသည့် တိုက်ပွဲများနှင့်ပစ်ခတ်မှုများကြောင့် လူဦးရေတစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည်။
မကွေးတိုင်းမြောက်ပိုင်း မြိုင်နှင့်ပေါက်နယ်တွင်သာမက ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တို့ပါဝင်သည့် ယောဒေသတွင်လည်း စစ်တပ်က စစ်ရေးလှုပ်ရှားမှုများအရှိန်မြှင့်လုပ်ဆောင်နေသည်။ ပေါက်နှင့် မြိုင်နယ် အနောက်ဘက် ဂန့်ဂေါမြို့နယ်၊ ကျောမြို့ လက်နက်စက်ရုံ (ကပစ ၂၃) မှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ခု လှုပ်ရှားနေသည်။
ထို့အပြင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နှင့် မင်းတပ်ကို နယ်မြေပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် မကွေးတိုင်း၊ ယောဒေ၊ ဆောမြို့နယ်မှတဆင့် စစ်ကြောင်းနှစ်ခုဖြင့် မေလကတည်းက ထိုးဖောက်စစ်ဆင်နေသည်။ ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာနေသည့် ချင်းပြည်တောင်ပိုင်း ထိုးစစ်ကို ယခုလ ဒုတိယပတ်တွင် မကွေးတိုင်းမှတဆင့် စစ်ကူအင်အားဖြည့်တင်းရန် ပြင်ဆင်နေသည်။
ပေါက်နှင့်မြိုင် ဒေသမှာ မကွေးမြောက်ပိုင်း၊ ယောဒေသ နှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းကို ချိတ်ဆက်ထားသဖြင့် ဆက်သွယ်ရေးအရ အချက်အချာကျသဖြင့် စစ်တပ်က ရေရှည်ထိန်းချုပ်နိုင်ပါက သွားလာရေးနှင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးတွင် ပိုမိုတင်းကျပ်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။
“ ဒီတကြော အခုစစ်ကြောင်းတွေ ထိုးကာနီးမတိုင်ခင်မှာကို ပခုက္ကူဘက်ကနေ ကုန်ပစ္စည်း ဆေးဝါး၊ အစားသောက်ကအစ စတင်ဖြတ်တောက်လာတာရှိပါတယ်။ နောက်တစ်ခုက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်ဒေသတွေဆီ သွားလာတဲ့ လမ်းကြောင်းတွေမှာ လုံခြုံရေးအခြေအနေ ပိုမိုတင်းကျပ်လာနိုင်ပါတယ်။ အရပ်သားတွေ ထပ်မံတိမ်းရှောင်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ပိုများလာနိုင်ပါတယ်”ဟု စစ်ရေးနှင့်လူသားချင်း စာနာမှုအခြေအနေများကို စောင့်ကြည့်လေ့လာနေသူတစ်ဦးက မှတ်ချက်ပြုသည်။
စစ်တပ်ဘက်က အင်အားအလုံးအရင်းသုံးပြီးစစ်ကြောင်းထိုးနေသော်လည်း လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာဒေသဖြစ်သည့်အတွက် စစ်တပ်အနေနှင့် ထိန်းချုပ်ရန်မလွယ်ကူဟု တော်လှန်ရေးအင်အားစုများက မှတ်ချက်ပြုသည်။
“သူတို့စစ်ကြောင်းသွားတဲ့နေရာလေးပဲ စစ်ကြောင်းရှိတာ။ ကျန်တဲ့နေရာတွေက ပုံမှန်ပဲ။ စစ်ကြောင်း လာလို့ ဝရုန်းသုန်းကားရှောင်ရတာကလွဲလို့ သူတို့အနေနဲ့လွှမ်းမိုးနိုင်တယ်လို့ ပြောလို့မရဘူး” ဟု ဆရာထွေးက ပြောသည်။



