အာဏာသိမ်းစစ်တပ်က ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ အရပ်သားပစ်မှတ်များကို လက်နက်ကြီး၊ လေယာဉ်ဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့စဉ် အသက် ငါးနှစ်အရွယ်ကလေးနှင့် ကျောင်းထိုင်ဆရာတော်တစ်ပါးတို့ သေဆုံးခဲ့ကြသည်။
ကရင်ပြည်နယ် ဖာပွန်မြို့အနောက်ဘက် ဖောထရွာဘုန်းကြီးကျောင်းကို ယင်းနေ့ နံနက် ၈ နာရီတွင် စစ်လေယာဉ်တစ်စီးက ဗုံး လေးလုံးကြဲချသွားစဉ် ကျောင်းထိုင်ဘုန်းကြီးမှာ ဗုံးစထိမှန်မှုကြောင့် ပျံလွန်တော်မူသွားကြောင်း ဖာပွန်မြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“မနက် ၈ နာရီလောက်ဆိုတော့ ဘုန်းကြီးက သူ့ကျောင်းမှာပဲ ရှိနေတဲ့အချိန်ဖြစ်သွားတာ။ ဒီတခွင်မှာ လေယာဉ်ကတော့ လာနေကြပဲလေ။ သူကလည်း ဗုံးကြဲမယ်မထင်လို့နေမှာပေါ့။ လေယာဉ်တွေကတော့ တပ်မဟာ (၁) နဲ့ (၅) တကြောကိုတော့ ဖြတ်နေတာပဲ။ ဒီမနက်လည်း နှစ်ခေါက် ၊ သုံးခေါက်သွားနေတယ်” ဟု ဆိုသည်။
ဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သစ်သားအဆောက်အအုံတစ်လုံး ပြိုပျက်သွားကြောင်း သိရသည်။
ထို့နောက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့ ဇီးပြောင်းကျေးရွာ အမှတ် (၅) ဘောလုံးကွင်းအနီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ငါးနှစ်သားတစ်ဦး သေဆုံးကာ ကလေးများအပါအဝင် ၁၂ ဦး ဒဏ်ရာရကြောင်း KNU နှင့် ပူးတွဲစစ်ရေးလှုပ်ရှားနေသည့်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် နီးစပ်သည့်သတင်းရင်းမြစ်အချို့ထံက သိရသည်။
လက်နက်ကြီး ကျသော ရွာသည် စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကျိုက်ထိုမြို့မြောက်ဘက် ၁၅ မိုင် အကွာ၊ သိမ်ဇရပ်မြို့၏ အရှေ့ဘက် ငါးမိုင်အကွာတွင် တည်ရှိသည်။ ရွာအမှတ် (၁) မှ ရွာအမှတ် (၆) အထိရှိပြီး ကျိုက်ထိုမြို့မြောက်ဘက် ၁၅ မိုင်အကွာတွင်မြောက်မှ တောင်သို့ အတန်းလိုက် တည်ရှိသည်။
နေ့လယ်ခင်းအချိန်ဖြစ်၍ ကလေးများ ဘောလုံးကစားနေချိန် ဘောလုံးကွင်းအနီး နေအိမ်တစ်လုံးအပေါ်ကို လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး အသက် ငါးနှစ်အရွယ် ယောကျာ်းလေး တစ်ဦး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ဦး ကလည်း ပြောသည်။
မောင်ချစ်လင်းအောင် (၅ နှစ်) မောင်ဇင်ဖြိုးပိုင် (၁၀ နှစ်)၊ စောခွန်ဆန်း (၁၆ နှစ်) ၊ ၁၇ နှစ် အရွယ်များ ဖြစ်သော မောင်မင်းသက်ပိုင် နှင့် မောင်ရှိုင်းလင်းထက်၊ မောင်သူရိန်ထွန်း (၁၈ နှစ်) ၊ ၁၉ နှစ်အရွယ်များ ဖြစ်သော မောင်နေလင်းအောင် နှင့် မောင်ဘိုအာကာ၊ မနှင်းယုထွေး (၃၁ နှစ်) ၊ မအိ (၃၀ နှစ်)၊ ကိုထွန်းလင်းဦး (၃၆ နှစ်)၊ ကိုသန့်ဇင်ဦး(၃၁ နှစ်) တို့ ဒဏ်ရာရကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ဇီးပြောင်းရွာ အမှတ် (၅) တွင် လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသော ကလေး။ (ဓာတ်ပုံ- ပေးပို့)
ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားကြောင်း၊ သိမ်ဇရပ်မြို့အခြေစိုက် စစ်တပ်၏ အမှတ် (၃၁၀) အမြောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုကြသည်။
စစ်တပ်၏တိုက်ခိုက်မှု ခံရသောနေရာများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) သတ်မှတ်ထားသည့် စိုးမိုးနယ်မြေဖြစ်သော တပ်မဟာ (၁) သထုံခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်အတွင်း ပါဝင်နေသည်။
KNU သည် မြန်မာပြည်တောင်ပိုင်း အခြေစိုက် စစ်တပ်ကို လက်နက်ကိုင်တိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်တပ် ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ သုံးဖွဲ့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တွင်လည်း ပါဝင်ထားသည်။
စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။
တော်လှန်ရေးတပ်စိုးမိုးနယ်မြေရှိ အရပ်သားနေရာများအား စစ်တပ်က တိုက်ခိုက်နေခြင်းသည် တော်လှန်ရေးတပ်များ ဆွေးနွေးရေး လမ်းကြောင်းပေါ် တက်လာရန် ဖိအားပေးနေခြင်းဖြစ်နိုင်ကြောင်း PDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးက ယူဆသည်။
“အခုက မင်းအောင်လှိုင်က ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်နေပြီး ဆွေးနွေးရေးအတွက် တံခါး ဖွင့်ထားတယ်လို့ အသံလွှင့်နေတယ်။ ဒါပေမဲ့ စစ်တပ်ကို ခုခံတွန်းလှန်နေတဲ့အဖွဲ့တွေဖြစ်တဲ့ SCEFနဲ့ AA တို့ အဓိက ရှိနေတယ်။ အဲဒီလိုအဖွဲ့တွေရဲ့ နယ်မြေက ပြည်သူတွေအပါအဝင် ဘာသာရေး အဆောက်အုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ခြိမ်းခြောက်တာပေါ့။ မင်းတို့ဘက်က ဆုံးရှုံးမှုတွေ ကြီးလာလိမ့်မယ်ဆိုတာမျိုးပေါ့။ စစ်ဆက်တိုက်မလား။ လာဆွေးနွေးမလားဆိုတာကို မိုက်ကြေးခွဲပြီး လုပ်နေတာလို့ထင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
KNU ဗဟို လူ့အခွင့်အရေးကော်မတီနှင့် သုတေသနကော်မတီ၏ အချက်အလက်များအရ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အုပ်ချုပ်မှုရက် ၁၀၀ အတွင်း KNU နယ်မြေများ၌ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ ဦး သေဆုံးကာ နေအိမ် ၃၉၀ ထိခိုက်ပျက်စီးပြီး စာသင်ကျောင်း ကိုးကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၀ ခုနှင့် ဆေးရုံ ငါးခု ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု သိရသည်။
ကရင်၊ မွန်နှင့် ထားဝယ်ဒေသ အခြေအနေများကို ဖော်ပြနေသည့် Rehmonnya – Human Rights Foundation of MonLandအဖွဲ့၏ ယခုလ ရက်သတ္တပတ်နှစ်ပတ်အတွင်း စစ်တပ်ကြောင့် ကိုးဦး ဖမ်းဆီးခံရပြီး၊ ခုနစ်ဦး ထိန်းသိမ်းခံထားရသည့်အပြင် ၁၃ ဦး ဒဏ်ရာရ၊ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်က ဖော်ပြထားသည်။
ထိုအထဲတွင် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ မြဝတီ-ဝေါလေ ကားလမ်းရှိ ဘုန်းကြီးကျောင်းတစ်ခုကို လေကြောင်းမှ ပစ်ခတ်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်ကာ အရပ်သား နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ပါရှိသည်။
စစ်တပ်က စစ်ရေးပစ်မှတ်များသာမက အရပ်သား ပစ်မှတ်များကိုလည်း လက်နက်ကြီး၊ လေကြောင်း ဖြင့် တိုက်ခိုက်နေရာ နိုင်ငံအနှံ့ သေဆုံးထိခိုက်သူ အများအပြား ရှိနေသည်။
ယမန်နေ့တစ်ရက်အတွင်း ညနေ ၆ နာရီခန့်က စစ်ကိုင်းတိုင်း မြောင်မြို့နယ် လှေတင်ဦးကျေးရွာ၌လည်း အရပ်သားများ အသုံးပြုသည့် စတားလင့် အင်တာနက်ဆိုင် ဗုံးကြဲခံရပြီး နှစ်ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာ ရခဲ့ကြောင်း ဒေသတွင်းသတင်းများ ဖော်ပြနေသည့် မြေလတ်အသံသတင်းဌာနတွင် ဖော်ပြ ထားသည်။
ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့ကုန်းကျေးရွာဆေးရုံကို ဩဂုတ်လ ၁၈ ရက် ညနေ ၄ နာရီခန့်က ဗုံးကြဲခံရပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း ဆေးရုံနှင့် ဆေးပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို နေရာအနီးတွင် ဗန်းမော်စစ်ရှောင်အများအပြား ခိုလှုံနေကြကြောင်း ကချင်သတင်းများ ဖော်ပြနေသည့် The 74 Media ကလည်း ဖော်ပြထားသည်။



