မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများအတွက် အရင်းအနှီး ပြန်ကျေသည့်ကာလ ရောက်သည်အထိ အစုရှယ်ယာအများစုကို ရုရှားကုမ္ပဏီများက ရယူလိုသည်ဟု ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov က ပြောသည်။
ဩဂုတ် ၁၉ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ကျင်းပသည့် ရုရှား- မြန်မာ စီးပွားရေးဖိုရမ်တွင် Maxim Reshetnikov က ပြောသွားခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံအခြေစိုက် သတင်းအေဂျင်စီ Interfax ၏ သတင်းတရပ်တွင် ဖော်ပြထားသည်။
မြန်မာတွင်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းများ၏ အစုရှယ်ယာအများစုကို ရယူလိုကြောင်း ရုရှားစီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုထားပြီး ညှိနှိုင်းဆွေးနွေးနေသည်ဟု Maxim Reshetnikov က ပြောသည်။
“ဒါဟာ ရုရှားဘဏ်တွေက မြန်မာနိုင်ငံမှာရှိတဲ့ စီမံကိန်းတွေကို ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုယ်ပိုင်အရင်းအနှီးသာမက ချေးငွေ (debt financing) ကိုပါ ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်လုံး လက်ခံနိုင်မယ့် အဖြေတရပ်ကို ရှာဖွေနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု Maxim Reshetnikov က ပြောသည်။
ရုရှားကုမ္ပဏီများအား စီမံကိန်း၏ အရင်းအနှီးပြန်ကျေသည့်ကာလအထိ အစုရှယ်ယာအများစုကို ဆက်လက်ပိုင်ဆိုင်ခွင့်ရန် သဘောတူညီချက်ရခြင်းသည် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးစီမံကိန်းတွင် ရုရှားပါဝင်နိုင်ရန်အတွက်လည်း အရေးပါသည်ဟု Reshetnikov က ပြောသည်။
ရုရှားသည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေနံချက်စက်ရုံတို့ တည်ဆောက်ရန် စီစဉ်ထားသည်။
“ဒီအထူးစီးပွားရေးဇုန်ကြောင့် မြန်မာနိုင်ငံမှာ ခေတ်မီပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ရေနက်ဆိပ်ကမ်း တစ်ခု ပေါ်ပေါက်လာမှာဖြစ်သလို လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပါဝင်တဲ့ စွမ်းအင် အခြေခံအဆောက်အဦလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ အဲဒီဓာတ်အားပေးစက်ရုံရဲ့ ထုတ်လုပ်နိုင်စွမ်းကို ၆၆၀ မဂ္ဂါဝပ် အထိ လျာထားပါတယ်။
“အဲဒီနေရာမှာ ရေနံချက်စက်ရုံ တည်ဆောက်ဖို့လည်း ဘဏ္ဍာရေးအစီအစဉ်တွေ ရေးဆွဲပြီး ဆွေးနွေးနေပါတယ်။ ဒါ့အပြင် ထုတ်လုပ်ရေးနဲ့ ကုန်လှောင်ရုံဧရိယာတွေကိုလည်း အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ဆောင်ဖို့ စီစဉ်ထားပါတယ်”ဟု Reshetnikov က ပြောသည်။
ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် Italian-Thai Development Public Company Limited (ITD) နှင့် မြန်မာအစိုးရတို့ အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြသည်။ ထိုစဉ်က အထူးစီးပွားရေးဇုန်စီမံကိန်း တစ်ခုလုံး အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ကျော်မှ ၁၀ ဘီလီယံကျော်အထိ ကုန်ကျနိုင်ကြောင်း တွက်ချက်ခဲ့ကြသည်။
ထိုကုန်ကျစရိတ် ၁၀ ဘီလီယံကျော်ကို ရုရှားကုမ္ပဏီများက အရင်းစိုက်ထုတ်ပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်မည်ဆိုပါက ထိုအရင်းအနှီးကျေရန် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာနိုင်သည်။ ထို့ကြောင့် ထိုရင်းနှီးမြှုပ်နှံမှုပြန်ရရန် ရေရှည်ဖြစ်နိုင်ခြင်းကြောင့် ရုရှား ရင်းနှီးမြှုပ်နှံသူများက အစုရှယ်ယာအများစုကို ပိုင်ဆိုင်လိုကြောင်း Reshetnikov က အလေးပေးပြောခဲ့ခြင်းဖြစ်သည်။
ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် အခက်အခဲရှိသည်ဆိုကာ ITD နှင့် သဘောတူညီချက်ကို ရပ်စဲကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Reshetnikov နှင့် ယခင် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးကံဇော်တို့ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။
ရုရှား- မြန်မာ စီးပွားရေးဖိုရမ်နှင့်ပတ်သက်၍ ရုရှားမီဒီယာများက ဖော်ပြရာတွင် ရုရှားတို့ရင်းနှီးမြှုပ်နှံမည့် မြန်မာနိုင်ငံအတွင်း စီမံကိန်းကြီးများတွင် ရုရှားတို့ကုမ္ပဏီများက အစုရှယ်ယာ အများစုကို ရလိုကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov ၏ ပြောဆိုမှုကို ထပ်ခါထပ်ခါ အလေးပေးဖော်ပြခဲ့ကြသည်။
ရုရှား- မြန်မာ စီးပွားရေးဖိုရမ်သို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နာယက ဦးအောင်ကိုဝင်း၊ ဦးအေးဝင်းနှင့် အသင်းဝင်များ၊ မြန်မာ- ရုရှား နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်ဟု စစ်အုပ်စု ထိန်းချုပ်သတင်းစာများတွင် ဖော်ပြသည်။ သို့သော် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးချက်များကို စစ်အုပ်စု ထိန်းချုပ်သတင်းစာများတွင် ဖော်ပြမထားပေ။
ထို ရုရှား-မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောခဲ့သည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ရုရှားစီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် သရက်သီးအနှစ်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ရုရှားနိုင်ငံသို့ တင်ပို့နေပြီး မြန်မာ့ဆန်တင်ပို့ရန် ဆွေးနွေးနေသည်ဟု ဆိုသည်။ လတ်တလောတွင် ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်နေသည်ဟု ဆိုသည်။



