စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်တပ်၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်း သံဃာတော်အချို့အပါအဝင် လူ ၁၂ ဦးဝန်းကျင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုမှာ မြောင်မြို့၏ အနောက်ဘက် ဆွဲလဲအိုကျေးရွာ၌ ယနေ့နံနက် (ဩဂုတ်လ ၂၁ ရက်) ၉ နာရီ ဝန်းကျင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘုန်းကြီးကျောင်း၌ တစ်ပတ်ကြာ တရားစခန်းကျင်းပနေချိန်ဖြစ်ပြီး မြောင်မြို့နယ်တဝန်းရှိ ကျေးရွာများမှ ယောဂီများ လာရောက်စုဝေးနေကြချိန်တွင် ယခုလို တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
တိုက်ခိုက်ခံခဲ့ရသည့် ဘုန်းကြီးကျောင်းနေရာကို ရှာဖွေကယ်ဆယ်ရေးလုပ်နေဆဲဖြစ်ပြီး သေဆုံးသူဦးရေမှာ ၂၀ အထိ မြင့်တက်နိုင်သည်ဟု ရှာဖွေကယ်ဆယ်ရေးတွင်ပါဝင်သည့် ဒေသခံ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အရာရှိ ကိုဖိုးစီက Myanmar Now ကို ကနဦးပြောထားသည်။ အခြားသော သတင်းရင်းမြစ်များက သံဃာတော်များအပါအဝင် သေဆုံးသူ ၁၂ ဦးဟု နောက်ပိုင်းအတည်ပြုသည်။
“ကျွန်တော်တို့တွေ့တာက တပိုင်းပေါ့။ နောက်ထပ်ဆိုရင် သေဆုံးတွေလည်းရှိနေတာဆိုတော့ အတည်ပြုလို့တော့ မရသေးဘူး။ ကာယကံရှင်တွေကလည်း လိုက်ရှာနေကြတာရှိတယ်။ ရုတ်တရက်ဆိုတော့လည်း ပြန့်ကျဲသွား တာတွေကို ဆွဲဆွဲထုတ်နေရတယ်။ နေရာတွေက အသီးသီးဖြစ်နေတော့ လိုက်ပြီးတော့ ကြည့်နေတုန်းပဲရှိသေး တယ်။ ခန့်မှန်းခြေတော့ ၂၀ လောက်ရှိတယ်။ အမျိုးသား အလောင်းတွေ များတယ်”ဟု ကိုဖိုးစီက ပြောသည်။
Myanmar Now က ကြည့်ရှုခဲ့ရသော ဓာတ်ပုံများတွင် သံဃာတော်တစ်ပါးအပါအဝင် သေဆုံးသူများ၏ ရုပ်အလောင်းများကို စောင်များဖြင့်ပတ်၍ ဇရပ်တစ်ခုထဲ အတန်းလိုက်စီချထားသည်ကို တွေ့ရသည်။ ဒေသခံတို့ကလည်း ရုပ်အလောင်းအချို့အား ထရပ်ကားပေါ် တင်နေကြသည်ကို တွေ့ရသည်။

ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ စစ်ကိုင်းတိုင်း မြောင်မြို့နယ်သည် တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် နယ်မြေဖြစ်ပြီး စစ်တပ်အတွက်ရော တော်လှန်ရေးအဖွဲ့များအတွက်ပါ ထောက်ပို့နှင့် ဆက်သွယ်ရေးအတွက် ဗျူဟာမြောက်အရေးပါသည့် ဒေသဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက် ညတွင်လည်း မြောင်မြို့နယ်အတွင်းမှာပင်ရှိသည့် ကျေးရွာတစ်ရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာ လုပ်အားပေးဆရာတစ်ဦးအပါအဝင် လူနှစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့သည်။
ဆွဲလဲအိုရွာ ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ Myanmar Now က စစ်တပ် ပြောရေးဆိုခွင့် ရှိသူများကို မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ ရှာဖွေ ကယ်ဆယ်ရေးများ မပြီးဆုံးသေးသဖြင့် သေဆုံးသူ ဦးရေမှာ ဆက်လက်မြင့်တက်ဖွယ်ရှိသည်။



