အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ချုပ်၏ ထိုင်းခရီးစဉ်တွင် နယ်စပ်လုံခြုံရေး၊ လက်နက်မှောင်ခိုနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း နှိမ်နင်းရန် အဓိက ဆွေးနွေး

တပ်ချုပ်ဖြစ်လာပြီးနောက်ပိုင်း မြန်မာစစ်တပ်ခေါင်းဆောင်က ထိုင်းသို့ သွားရောက်ခဲ့သည်၊ ထိုင်းအတိုက်အခံတစ်ဦးက ထိုင်းအစိုးရကို မြန်မာစစ်တပ် နိုင်ငံရေးမှထွက်ခွာရေး ဖိအားပေးရန် တိုက်တွန်းလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် စတင်တာဝန်ယူပြီး  ငါးလနီးပါးအကြာတွင် ထိုင်းနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ထိုင်းအာဏာပိုင် များနှင့် တွေ့ဆုံမှုများအတွင်း နယ်စပ်လုံခြုံရေး၊ လက်နက်မှောင်ခိုနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းကို  နှိမ်နင်းရန် အဓိက ဆွေးနွေးခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရာထူး စတင်ယူခဲ့ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဩဂုတ်လ ၁၉ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha နှင့် တွေ့ဆုံခဲ့သည်။ ယင်းမှာ အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်က အထီးကျန်ဖြစ်နေသည့် အခြေအနေမှ ရုန်းထွက်ရန်ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။

ထိုင်း- မြန်မာ စစ်ဗိုလ်ချုပ်များသည်   အကြမ်းဖက်မှု တိုက်ဖျက်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရန်နှင့် သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု စစ်အုပ်စု ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

General Ukris Boontanondhaနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများကိုလည်း စစ်အုပ်စု သမ္မတ ဦးမင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ နှိမ်နင်း နေသည်ဟု ပြောဆိုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့အပြင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၉) ကြိမ်မြောက်  ထိုင်း- မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့လည်း   တက်ရောက်ခဲ့ပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boonta-nondha နှင့် ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးမှုတွင် နှစ်ဖက်လုံးက တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် နယ်စပ်ဒေသများလုံးခြုံရေးကို အလေးပေး ပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

မြန်မာစစ်ခေါင်းဆောင်က နယ်စပ်ဒေသ တော်လှန်ရေးအဖွဲ့များထံ လက်နက်များ မရောက်ရှိစေရေးအတွက် ဆောင်ရွက်ပေးရန် ထိုင်းကို တောင်းဆိုခဲ့ပြီးဖြစ်သည်။ ကျားဖြန့် ခေါ် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းမှာ ပြီးခဲ့သော နှစ်များအတွင်း ထိုင်းမြန်မာနယ်စပ်၊ တရုတ်မြန်မာ နယ်စပ်ဒေသတွင် အကြီးအကျယ် လုပ်ကိုင်နေကြသော လုပ်ငန်းဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှောင်လွှဲ၍မရသော နယ်စပ်ပြဿနာများကို မျှဝေခံစားနေရသည့် အိမ်နီးချင်းနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ ထိုနယ်စပ်ပြဿနာများ ပြေလည်ရန် မြန်မာစစ်အာဏာရှင် နှင့် ဆက်ဆံရေး ပြန်လည်ထူထောင်လာခဲ့သည်။ 

ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်သည် ယခုလအတွင်း ဘန်ကောက်မြို့၌ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သည်။

ထိုင်းနှင့်မြန်မာသည် အိမ်နီးချင်းများဖြစ်သဖြင့် ထိုသို့တွေ့ဆုံနိုင်သော်လည်း မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီ လုပ်ငန်းစဉ် ပေါ်ပေါက်လာရန် ကူညီပေးခြင်းကသာ ပိုမိုထိရောက်သည့် နည်းဗျူဟာ ဖြစ်လိမ့်မည်ဟု ထိုင်း ပြည်သူ့ပါတီ၏ လွှတ်တော်အမတ်နှင့် ထင်ရှားသည့် စီးပွားရေးပညာရှင် ဒေါက်တာ အနုဆွန် သမ္မဂျိုင်းက Myanmar Now ကို ပြောသည်။

“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက စစ်တပ်နဲ့ ဆက်သွယ် ပြောဆိုဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ကို နိုင်ငံရေးထဲက ထွက်သွားဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ် ပေါ်ပေါက်လာအောင် ဖိအားပေးနိုင်မယ့် နည်းလမ်း ဒါမှမဟုတ် နည်းဗျူဟာကို ရှာဖွေရပါမယ်” ဟု စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်စဉ် ဆန္ဒပြခဲ့သည့် အနုဆွန် သမ္မဂျိုင်းက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကတ်ကေအိုက  ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က လက်ခံတွေ့ဆုံခြင်းသည် တရားဝင် အသိအမှတ်ပြုမှုနှင့် မသက်ဆိုင်ဘဲ လက်တွေ့အခြေအနေများအရသာ ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ပြောဆိုထားသည်။

သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ် ပိရုံ ကမူ လက်ရှိထိုင်းအစိုးရ၏လုပ်ရပ်မှာ လက်ခံနိုင်ဖွယ်ရာမရှိဟု ဆိုသည်။ 

“ထိုင်းဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့အခြေခံအသိပညာနဲ့ ရည်ရွယ်ချက် လုံးဝကင်းမဲ့နေပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း သူ့ရဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အပေါင်းအပါတွေကို လုံးဝ သစ္စာဖောက်လိုက်တာဖြစ်ပါတယ်” ဟု သူက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နှင့် ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားသည်။

ထိုင်းနိုင်ငံသို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို လာရောက်လည်ပတ်ခွင့်ပြုသည့် ဆုံးဖြတ်ချက်သည်လည်း အရှက်ရစရာလုပ်ရပ်ကို ပိုမိုဆိုးရွားသွားစေသည်ဟုလည်း SAC-M ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အရိုက်အရာကိုဆက်ခံခဲ့သည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အမေရိကန်အပါအဝင် အနောက်နိုင်ငံအများအပြား၏ ပိတ်ဆို့အရေးယူ ခံထားရသူလည်းဖြစ်သည်။ သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင်  ဆက်ခံခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles