ရခိုင်ပြည်နယ် ဂွနှင့် မောင်တောမြို့နယ်တို့တွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ဒေသခံ ၁၄ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ယနေ့ (သြဂုတ်လ ၂၁ ရက်) နံနက် ၅ နာရီခန့်က ဂွမြို့၏မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ညောင်ချောင်း ကျေးရွာကို ဗုံးနှစ်ကြိမ် ကြဲချခဲ့ရာ အသက် ၇၆ နှစ်အရွယ် ဦးတင်ရွှေနှင့် စစ်ဘေးရှောင် သုံးဦးတို့ ဒဏ်ရာရရှိသွားခြင်းဟု ဒေသခံတစ်ဦးကပြောသည်။
“လူနာတွေကို ဆေးရုံကိုအရေးပေါ်ပို့လိုက်ရတယ်။ အသက်အန္တရာယ်တော့ သိပ်စိုးရိမ်စရာ မရှိ၊ တိုက်ပွဲနဲ့ စစ်ပွဲနဲ့မဆိုင်တဲ့အရပ်သားတွေအပေါ် တိုက်ခိုက်မှုကတော့ လူသားမဆန်တာပေါ့ “ဟု ၎င်းက ဆိုသည်။
ဂွမြို့နယ်သည် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့်မြို့နယ်ဖြစ်ပြီး AA သိမ်းပိုက်ထားသည့် မြို့နယ်များကို အလားတူ ဗုံးကြဲမှုများမကြာခဏရှိနေသည်။
ရခိုင်တောင်ပိုင်း ဒေသများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်နေသည့် စစ်တပ်သည် ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ကိုပါ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
သြဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်ကလည်း ပြ့ည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ကို နှစ်ရက်ဆက် ဗုံးကြဲမှုကြောင့် ဇီးကိုင်းရွာမှ အသက် ၄၈ နှစ်အရွယ် ဒေါ်မေသန်းနု နဖူး၌ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက် နံနက် ၆ နာရီခန့်ကလည်း သံတွဲမြို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် အမှတ်(၈) ရပ်ကွက်နေ ဦးမင်းနောင် (၅၀ နှစ်) နှင့် သမီး ရွှန်းလဲ့ရွှေရည် (၁၄ နှစ်) တို့ သေဆုံးခဲ့ကာ အရပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ သြဂုတ်လ ၁၃ ရက်ညကလည်း သံတွဲမြို့ပေါ် ဗုံးကြဲမှုအတွင်း အသက် ခုနစ်နှစ်အရွယ်ကလေး အပါအဝင် မိသားစုဝင် ရှစ်ဦး သေဆုံးသွားသည်။
၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့၊ ရွာတို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသောကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုတို့မှာ တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိသည်ဟု AA က ဆိုသည်။
ရခိုင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုခပ်စိပ်စိပ် ဖြစ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ AA ပြောခွင့်ရ ဦးခိုင်သုခအား Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
လေကြောင်းဖြင့် ရခိုင်လူထုကို အကြောက်တရား ပေးနေမှုသည် စစ်တပ်အပေါ်ကို ပိုမိုနာကြည်းမှုသာ ဖြစ်လာနိုင်ကြောင်း ရခိုင်သတင်းဌာန DMG မီဒီယာ၏ အယ်ဒီတာချုပ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ကိုအောင်မင်းဦးကပြောသည်။
“ ဒေသခံ ရခိုင်ပြည်သူတွေကို အကြောက်တရား ဝင်သွားအောင် လုပ်နေတာတွေရှိတယ်။ နည်းဗျူဟာ အရ မှားနေတာပေါ့နော်။ ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ များလာတော့ ရခိုင်ပြည်သူတွေက စစ်အုပ်စုကို ပိုပြီး နာကြည်းမှုတွေ ရှိလာတယ်။ အကြောက်တရား တွေနဲ့မဟုတ်ဘဲ သူတို့နာကြည်းမှုတွေ ပိုများလာတယ်” ဟု သူက ဆိုသည်။

အင်းဒင်ရွာ စစ်ကျန်လက်နက်ပေါက်ကွဲမှု
ယမန်နေ့(သြဂုတ် ၂၀)၊ နံနက် ၁၁ နာရီခန့် တွင်လည်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားစဥ်က စစ်ကျန်လက်နက်ဖြစ်သည့် ဗုံးသီးတစ်လုံးကို ကောက်ယူဆော့ကစားရာမှ လူငယ် ၁၀ ဦး ဒဏ်ရာရရှိသွားသည်ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
“ဒဏ်ရာပြင်းထန်ကြတဲ့သူတွေ ပါတယ်။ ခြေလက်ဆုံးရှုံးမှုတော့ မရှိပါ။ ဆေးကုသဖို့ ပို့ဆောင်ထားကြတယ်” ဟု ၎င်းကဆိုသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်သူများ၏ အမည်နှင့်အသက်အရွယ်၊ ဒဏ်ရာရရှိမှုအခြေအနေများအား အသေးစိတ်မသိရသေးပေ။
မောင်တောမြို့တောင်ဘက် မိုင် ၃၀ ကျော်အကွာ အင်းဒင်ရွာသည် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ စစ်တပ်၏ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသည့်ကျေးရွာဖြစ်ပြီး လက်နက်ကြီး ပေါက်ကွဲသော အင်းဒင် (ရခိုင်ရွာ) နှင့်ကပ်လျက်ဖြစ်သည်။
ရခိုင်တွင် လေကြောင်းအန္တရာယ်ကြောင့်အပြင် မိုင်းပေါက်ကွဲမှု၊ စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် ဒေသခံများ မကြာခဏ သေဆုံးဒဏ်ရာရရှိမှုများရှိနေသည်။
လက်ရှိတွင် စစ်တပ်က အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများကို နယ်မြေထိစပ်နေသည့် ဧရာဝတီ၊ အမ်း- ပဒါန်းလမ်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်တို့ဘက်မှ ထိုးဖောက်ရန် ကြိုးစားနေကြောင်း ၎င်းက ဆက်ပြောသည်။
AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ၏ အချက်အလက်များအရ ယခုလ ၁၁ ရက်အတွင်း စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၆ ဦးရှိသည်ဟု သိရသည်။
ထို့ကြောင့် ဇူလိုင်လမှ ဩဂုတ်လ ၁၄ ရက်အထိ ရခိုင်ဒေသ၌ သေဆုံးသူ ၄၀ ဦး ထက်မနည်းနှင့် ဒဏ်ရာရသူ ၁၀၂ ဦး ရှိနေသည်ကို တွေ့ရပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။




