အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စိုက်/မွေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ရုရှားလုပ်ငန်းရှင်များကို စစ်ခေါင်းဆောင် ဖိတ်ခေါ်

စစ်တပ်၏ သွင်းကုန်ကန့်သတ်မှုများကြောင့် ပြည်တွင်း၌ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှာ သယ်ယူပို့ဆောင်ရေး၊ အစာနှင့် မြေဩဇာဝယ်ယူရေး ကုန်ကျစရိတ် ကြီးမြင့်နေပြီး လုပ်သား ရှားပါးမှုပါ ဖြစ်ပေါ်နေချိန် ပြည်ပလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် စစ်ခေါင်းဆောင်က မက်လုံးပေး ဖိတ်ခေါ်နေသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ရှိသည့် လိုအပ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း ရုရှားလုပ်ငန်းရှင်များကို လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ 

ရုရှားနိုင်ငံကို ရောက်ရှိနေသည့် ဦးမင်းအောင်လှိုင်က ဩဂုတ်လ ၁၉ ရက် မော်စကိုမြို့၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် ရုရှား- မြန်မာ စီးပွားရေးဖိုရမ်တွင် ထိုသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ကြက်၊ ဝက်၊ နွား မွေးမြူရေးအပြင် လယ်ယာအခြေခံ ထုတ်လုပ်ခြင်း၊ စားသုံးဆီ၊ စားသောက်ကုန်၊ ရေထွက်ကုန်ပြုပြင်ခြင်းနှင့်  တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှု စက်ရုံများတည်ထောင်ခြင်း စသည့် လုပ်ငန်းများတွင် လာရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် လုပ်သားအင်အား အများပြားရှိပြီး၊ စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိကာ ကောင်းမွန်သည့်‌ မြေဆီလွှာ၊ မျှတသည့် ရာသီဥတုကို ပိုင်ဆိုင်ထား၍ စိုက်ပျိုးရေး၊ မွေးမြူရေး ဖြစ်ထွန်းသည့် နိုင်ငံဖြစ်ကြောင်း၊ ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထား၍ ရေချို၊ ရေငန်မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း ဦးမင်းအောင်လှိုင်က ပြောခဲ့သည်။

ထိုသို့ရင်းနှီးမြှုပ်နှံပြီး ရရှိလာမည့် မွေးမြူရေးထုတ်ကုန်များကို ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့နိုင်ကြောင်း မက်လုံးပေး ပြောဆိုခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် စိုက်ပျိုးရေးသုံး စက်ယန္တရားများ၊ မျိုးစေ့ထုတ်လုပ်မှုနည်းပညာနှင့် စိုက်ပျိုးရေး သုသေတနလုပ်ငန်းများကိုလည်းဖိတ်ခေါ်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာဏာသိမ်းစစ်ခေါင်းဆောင်က ရုရှားများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း မက်လုံးပေး ပြောဆိုနေသော်လည်း လူဦးရေ ၅၅ ဒသမ ၂သန်း ရှိသော မြန်မာနိုင်ငံ၌ အခြေခံစားသောက်ကုန်စည်များ ဖူလုံမှုမရှိဘဲ ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်နေသည်။ 

ထိုသို့ ဖိတ်ခေါ်နေသော်လည်း အခြေခံလိုအပ်ချက်ဖြစ်သော နိုင်ငံတည်ငြိမ်ရေးနှင့် မွေးမြူရေးကဏ္ဍများ တွင် အခြေခံလိုအပ်ချက်များရှိမှသာ အဆင်ပြေနိုင်မည်ဟု မြန်မာလုပ်ငန်းရှင်အချို့က ထောက်ပြ ကြသည်။ 

“မွေးမြူရေးက စိန်ခေါ်မှုတွေ များပါတယ်။ အချို့ကတော့ မွေးမြူရေးနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတ မရှိတာ၊ အဆောက်အအုံ စနစ်မကျတာတွေ၊ အစာကျွေးတဲ့နည်းစနစ် မှားတာတွေ၊ ဇီဝလုံခြုံမှု မှားတာတွေ၊ ရောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ကျွမ်းကျင်စွာ နားလည်သဘောမပေါက်တာတွေ၊ အခုက မွေးမြူရေးချေးငွေ မရရှိတာတွေ၊ ဈေးကွက်တည်ငြိမ်မှု မရှိတာတွေ။ အစာ၊ ဆေးဝါးတွေ၊ သွင်းကုန်တွေ တအားဈေးကြီးတာတွေကြောင့် ဒီနိုင်ငံကသူတွေက ဒီ(မွေးမြူရေး)ဟာကို လုပ်ချင်ပေမယ့် ကိုးရိုးကားရားတွေ ဖြစ်ကုန်တာပေါ့”ဟု ကြက်မွေးမြူရေးလုပ်ကိုင်နေသည့် လုပ်ငန်းရှင် အမျိုးသားတစ်ဦး က ဆိုသည်။

ယခင်က  ရန်ကုန်မြို့ပေါ်မှ နယ်မြို့တစ်မြို့သို့  ကြက်အကောင်တစ်ရာကျော် ပို့ခစရိတ်သည် ကျပ် လေး ငါးထောင်သာရှိပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ကြက်အကောင်တစ်ရာကျော် ပို့ခ ကျပ်သုံးသောင်းမှ လေးသောင်းအထိ တောင်းနေသည့် ခေတ်ဖြစ်နေကြောင်း  ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ကြက်မွေးမြူရေးနှင့် ဆက်စပ်သည့် ကြက်စာအပါအဝင် လိုအပ်ချက်အမြောက်အမြား ဖြစ်ပေါ်နေရခြင်းမှာ  စစ်တပ်၏ သွင်းကုန် ကန့်သတ်မှု၊  သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်မှု၊ အစာဝယ်ယူရေး ကုန်ကျစရိတ် များပြားခြင်းတို့ကြောင့် ဖြစ်သည်။ 

ထို့အပြင် မြန်မာနိုင်ငံရှိ ဥစားကြက်မွေးမြူရေးလုပ်ငန်းများအတွက် ကြက်သားပေါက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိသလို  တိရစ္ဆာန်ဆေးဝါးမှာလည်း လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင် သေးသည်။ ကြက်စာလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပြည်ပမှ တင်သွင်းနေရသည်ဟု ကြက်ဥဖြန့်ဖြူး ရောင်းချနေသည့် လုပ်ငန်းရှင်များထံက သိရသည်။ 

ထို့ကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန် တက်လာပြီး ထုတ်လုပ်မှုလျော့နည်းလာ ခြင်းကြောင့် ကြက်ဥတစ်လုံးလျှင် မြို့ပေါ်၌ ကျပ် ၆၀၀/၆၅၀/၇၀၀ ဝန်းကျင်မှ ပဋိပက္ခဒေသအချို့တွင် ၁၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိနေသည်။

“ (မေလ) စျေးတက်ပြီးတည်းက ကြက်ဥတစ်လုံး ၆၀၀၊ ၆၅၀ ဝန်းကျင်ပဲ။ တောကြက်ဥကတော့ တစ်လုံးကို ၁၀၀၀/၁၂၀၀ ဝန်းကျင်” ဟု ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။  

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် တနိုင်ငံလုံးရှိ လူငယ်များ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် သွားသောကြောင့် လုပ်ကိုင်သူနည်းပါးသွားသလို၊ ဓာတ်‌မြေဩဇာနှင့် သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်လာခြင်းတို့ကြောင့် မွေးမြူရေးနှင့် စိုက်ပျိုးရေးများတွင် လုပ်ကိုင်သူ နည်းပါးလာကြကြောင်း ထိုလုပ်ငန်းလုပ်ကိုင်သူအချို့က ဆိုကြသည်။

“လယ်ယာလုပ်သားရှားလို့ စပါးရိတ်မယ်ဆိုရင် ငှားစရာလူမရှိဘူး။ ရွာတွေမှာလည်း လူငယ်လူရွယ် ယောကျာ်းသားတွေက မရှိကြတော့ဘူး” ဟု ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ တောင်သူအမျိုးသားတစ်ဦးက ဆိုသည်။

ဆန်စပါးအသင်းချုပ်အဖွဲ့ကမူ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲကို အာရှနှင့် ဥရောပဈေးကွက်သို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် အကြီးဆုံးဝယ်လက်ဖြစ်ကာ ထိုနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သိန်းကျော်ဝယ်ယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်းစစ်ပွဲအခြေအနေများတည်ငြိမ်သွားမှသာ ပြည်ပရင်းနှီးမြုပ်နှံမှုများ လာရောက်နိုင်မည်ဟု ယူဆကြောင်း ပဲခူးတိုင်းမှ ဆန်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ လာရောက်ပါက ဓာတ်မြေဩဇာ၊ စက်သုံးဆီအပါအဝင် နည်းပညာစသော အခက်အခဲများ ပြေလည်သွားနိုင်ရန် အဆိုပါ ဆန်လုပ်ငန်းရှင်က မျှော်လင့်နေသည်။

“အခုက ဖိတ်ခေါ်တဲ့အဆင့်ဆိုတော့၊ လာမလာဆိုတာက ပြောလို့မရသေးပါဘူး။ တကယ်လို့ လာမယ်ဆိုရင်တော့ စိုက်ပျိုးရေး၊ မွေးမြူရေးမှာ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့တော့ ရှိပါတယ်”ဟု ထိုသူက ဆိုသည်။ 

ယခုနှစ် မေလအတွင်း စစ်တပ်၏ သွင်းကုန်ကန့်သတ်မှုနှင့်အတူ ပြည်ပမှတင်သွင်းသည့် မွေးမြူရေး လုပ်ငန်းသုံး သွင်းကုန်များကို တင်သွင်းခွင့်လျှော့ချလိုက်၍ ကြက်ပေါက်၊ ကြက်စာနှင့် တိရစ္ဆာန်ဆေးဝါးများ ဈေးကွက်ထဲတွင် ပစ္စည်းရှားပါးကာဈေးတက်လာပြီး ကြက်ဥဈေးနှုန်းထိုးတက်ခဲ့သည်။

ထို့နောက် ဦးမင်းအောင်လှိုင် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအပါအဝင် အာဏာသိမ်းစစ်တပ်၏ ခေါင်းဆောင်များက  စိုက်ပျိုးမွေးမြူရေးများကို သွားရောက်စစ်ဆေးကြည့်ရှုကာ ထိုလုပ်ငန်းများ အကောင်အထည်ဖော်နေကြောင်း သတင်းများ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေပြီး လူဦးရေ ၁၂ ဒသမ ၄ သန်းသည် ဆာလောင်မွတ်သိပ်မှုဒဏ် ရင်ဆိုင်နေရသလို လူဦးရေ လေးသန်းဝန်းကျင်သည် နေရပ်စွန့်ခွာတိမ်းရှောင် နေရဆဲဖြစ်သည်။ ယင်းအပြင် လက်ရှိမြင့်မားနေသည့် စားနပ်ရိက္ခာနှင့် စက်သုံးဆီဈေးနှုန်းများ ကျဆင်းသွားခြင်း မရှိဘဲ ဆက်လက်မြင့်တက်နေပါက ထပ်တိုး လူဦးရေ ငါး သန်းအထိ စားနပ်ရိက္ခာ မလုံလောက်မှု အခြေအနေ ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ယမန်နေ့ (ဩဂုတ်လ ၂၀ ရက် )တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles