ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း စစ်တပ်က အာဏာမစွန့်သရွေ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် လက်နက်ကိုင်တိုက်ပွဲနှင့် နိုင်ငံရေးတိုက်ပွဲ ဆက်ရှိနေမည်ဖြစ်ကြောင်း ယနေ့(ဩဂုတ်လ ၁၉ ရက်) တွင် ထုတ်ဖော်ပြောဆိုသည်။
အရပ်သားအရေခြုံ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အုပ်ချုပ်မှု ရက် ၁၀၀ အတွင်း KNU အုပ်ချုပ်မှုနယ်မြေ၌ လုပ်ဆောင်ထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်းကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ KNU (ဗဟို)ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက စစ်တပ်နှင့် ဆွေးနွေးရေးလုပ်သင့်ကြောင်း တိုက်တွန်း ပြောဆိုချက်များ ထွက်ပေါ်လာပြီးနောက် စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ထိုင်း- မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ၎င်းတို့ သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာစစ်တပ်သည် တနိုင်ငံလုံးကို အပေါ်စီးက ဆက်ဆံ၍ အာဏာရှင်အဖြစ်ရပ်တည်နေကြောင်း၊ စစ်တပ် အာဏာမစွန့်သ၍ လက်နက်ကိုင်တိုက်ပွဲနှင့် နိုင်ငံရေးတိုက်ပွဲ ဆက်ရှိနေရမည်ဟု KNU ခေါင်းဆောင်ပိုင်းများ ဆွေးနွေးထားကြောင်း KNU (ဗဟို)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲတွင် မြန်မာစစ်တပ်အနေနှင့် ပါဝင်လိုပါက စစ်တန်းလျားပြန်ရမည်ဟု ၎င်းက ဆိုသည်။
“စစ်တပ်က စစ်တန်းလျားကိုပြန်။ သို့သော်လည်း ဒီထဲမှာနိုင်ငံကို ကောင်းစေချင်တဲ့ စစ်တပ် အရာရှိတွေက ပါချင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးချင်တယ်ဆိုရင် အကြံပြုဆွေးနွေးလို့ရပါတယ်ဆိုတဲ့ အနေအထား၊ တံခါးဖွင့်ထားတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ “အားလုံး ပါဝင်ရေးဆိုတဲ့နေရာမှာ စစ်တပ်ကလည်း တနေ့တချိန်မှာ သူလည်းပါရမယ်။ သူပြုမူကျင့်ဆောင်ခဲ့တဲ့ လုပ်ခဲ့တဲ့ အရာအားလုံးကို ပြန်လည်ခဝါချပြီး နောင်တ တရားရပြီး ဒီဆွေးနွေးပွဲမှာ ပါချင်ပါလို့ရတယ်။ နိုင်ငံဖက်ဒရယ်ဒီမိုကရေစီထူထောင်တဲ့ တနေ့တချိန် ဆွေးနွေးပွဲတွေမှာ သူ့အနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲလိုတဲ့ ဆန္ဒရှိရင် ပါဝင်ခွင့်ရှိတယ်”ဟု KNU (ဗဟို)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Mr. Sihasak Phuangketkeow သည်လည်း ထိုင်းနိုင်ငံအနေနှင့် ဆွေးနွေးရေးအတွက် ကြားဝင်ညှိနှိုင်းပေးသူ (facilitator) အဖြစ် ပါဝင်ကာ အနာဂတ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး နေရာပေးရန်အသင့်ရှိသည်ဟု Reuters သတင်းဌာနကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်တွင် ပြောထားသည်။
စစ်ခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်ဖြင့် လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ထိုကာလကို ယခုလကုန် အထိ တိုးမြှင့်ထားသည်။
ထိုအတောအတွင်း “ဝ” တပ် (UWSA)၊ ရှမ်းတပ် (SSPP)၊ တအာင်းတပ် (TNLA)၊ မိုင်းလား (NDAA) တို့ အပါအဝင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များသည် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ထားကြသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သော KNU၊ ကချင်တပ် (KIA)၊ အာရက္ခတပ်တော် (AA) အပါအဝင် ကရင်နီတပ်မတော် (KA) ၊ ချင်းအမျိုးသားတပ်ဦး (CNF) စသော စစ်တပ်နှင့်တိုက်ပွဲဖြစ်နေ သည့် လက်နက်ကိုင်တပ်ဖွဲ့အများအပြားက ဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိပေ။
ထိုသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ်နေသော်လည်း KNU နယ်မြေ အတွင်း စစ်တပ်၏ စစ်ကြောင်းထိုးမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေကြောင်း သိရသည်။
KNU ၏ တပ်မဟာ (၁)၊ တပ်မဟာ (၅)၊ တပ်မဟာ (၄)နှင့် တပ်မဟာ(၆) အစရှိသော နယ်မြေ လေးခုတွင် အဓိက ထိုးစစ်များ ပြုလုပ်နေကြောင်း KNU ဘက်က ဆိုသည်။
“ကျွန်တော်တို့ရဲ့ ကော်သူးလေဒေသ ခရိုင် ခုနစ်ခုထဲမှာတော့ ထိုးစစ်က ရှိနေတယ်။ ဘယ်နေရာတွေမှာ ပိုပြီး ပြင်းထန်သလဲဆိုရင် သူတို့ရဲ့ နယ်စပ်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးကို ပထမဦးစားပေးလုပ်တယ်လို့ ယူဆတယ်။ သူတို့ရဲ့ အမာခံခြေကုပ်စခန်းရှိတဲ့ ကော်သူးလေမြောက်ပိုင်း ဖာပွန်၊ တပ်မဟာ (၁) ဘက်မှာလည်း ထိုးစစ်တွေပြင်းထန်ခဲ့တယ်။ တပ်မဟာ(၆) နဲ့ တပ်မဟာ(၄) ဘက်မှာလည်း ထိုးစစ်တွေရှိတယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။
KNU သည် မြန်မာနိုင်ငံတောင်ပိုင်းတွင် ကော်သူးလေအုပ်ချုပ်ရေးနယ်မြေအဖြစ် သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်- ထားဝယ်ခရိုင်၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင် ဆိုသည့် ခရိုင် ခုနစ်ခုသတ်မှတ်၍ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။
အဆိုပါခရိုင်များသည် စစ်တပ်အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်တွင်ရှိသော ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းနယ်မြေတို့ရှိ ဒေသများဖြစ်သည်။ ခရိုင်တစ်ခုစီတွင် တပ်မဟာတစ်ခုဖွဲ့၍ စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်မှုများ လုပ်နေသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ အုပ်ချုပ်ရေးကာလအတွင်း နိုင်ငံစီးပွားရေးပြန်လည် ဦးမော့လာရန် အပါအဝင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုနှင့် ထိတွေ့ဆက်ဆံမှုများ၊ ပညာရေးနှင့် လူမှုစီးပွား ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကတိများပေးခဲ့သော်လည်း ၎င်းတို့အုပ်ချုပ်မှုနယ်မြေ၌ တိုက်ခိုက်မှုများ ဆက်လုပ်နေကြောင်း KNU ဘက်က ဆိုသည်။
မြန်မာစစ်တပ်သည် ဧပြီလ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း KNU ၏ ခရိုင် ခုနစ်ခု၌ လေကြောင်း တိုက်ခိုက်မှု ၂၂၈ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁၂၉ ကြိမ်၊ ဒရုန်းပစ်ခတ်မှု ၁၀၃ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂ ခု ပြုလုပ်ခဲ့ကြောင်း KNU ၏ လူ့အခွင့်အရေးကော်မတီနှင့် သုတေသနကော်မတီက ယနေ့(ဩဂုတ်လ ၁၉ ရက်)တွင် ထုတ်ပြန်ထားသည်။
ထိုအတောအတွင်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၄၄ ဦးသေဆုံး၊ နေအိမ် ၃၉၀ ထိခိုက်ပျက်စီးပြီး စာသင်ကျောင်း ကိုးကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၀ ခုနှင့် ဆေးရုံ ငါးခု ထိခိုက်ပျက်စီးမှုများ ပါဝင်သည်။
KNU ၏ ပြောဆိုချက်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးမျိုးအောင်ထံ Myanmar Now က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ၎င်းခရီးသွားနေသဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကက(ပြည်) ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းရန်ပြောသည်။ ၎င်းထံမှ ကက (ပြည်) ကို ဆက်သွယ်ရမည့် အဆက်အသွယ်တောင်းသော်လည်း မရခဲ့ပေ။



