အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြိုင် ရေနံမှော်အနီး ရောက်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေ

တော်လှန်ရေးအင်အားစုများ၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်လိုသည့် စစ်တပ်က  ရေနံမြေကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာရာ ရေနံမှော်နှင့် နှစ်မိုင်အကွာ ရောက်ရှိနေသဖြင့် ဒေသအခြေစိုက်အဖွဲ့ များနှင့် တိုက်ပွဲများဖြစ်နေသည်။

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မကွေးတိုင်း မြိုင်မြို့နယ်ရှိ ရေနံမြေများကို ပြန်လည်ရယူရန် သုံးလနီးပါး စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ရေနံမြေနယ်မြေအတွင်း ရောက်ရှိနေပြီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံက သိရသည်။

ပြီးခဲ့သည့် မေလလယ်မှ စတင်၍ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ အင်အားရာနှင့်ချီပါဝင်သည့် စစ်တပ်စစ်ကြောင်းသည် ပခုက္ကူ၊ မြိုင်၊ ပေါက် သုံးမြို့နယ်ဝန်းကျင်ကို စစ်ကြောင်း ထိုးခဲ့ပြီး ယခု လလယ်တွင် မြိုင်မြို့နယ် Well 2 ရေနံမှော်အနီး ကျေးရွာများအထိ ရောက်ရှိလာသည်။  

ထိုစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များနှင့် မကွေးဖက်ဒရယ်ယူနစ်တပ်များ၊ ကျောင်းသားတပ်မတော် (ABSDF)၊  ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ အညာမြေ တပ်ပေါင်းစု အပါအဝင် ဒေသအခြေစိုက်တပ်ဖွဲ့များက “အညာတမာ စစ်ဆင်ရေး” အမည်ဖြင့် ပူးပေါင်းတိုက်ခိုက်နေကြသည်။ 

စစ်တပ်ဝါဒဖြန့် မီဒီယာများက မြိုင်မြို့နယ်ရှိ ရေနံမြေကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ယနေ့ ထုတ်ပြန်နေ ကြသော်လည်း ထိုဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများကမူ  Well 2 ရေနံမြေနှင့်နှစ်မိုင်ခန့်အကွာ တောင်စုံရွာတွင်သာ စစ်တပ် ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရေနံမှော်အခြေမှာရှိတဲ့ ရွာတွေမှာပဲရှိနေသေးတာပါ။ တောင်စုံရွာထဲမှာပဲ ရှိနေသေးတာပါ။ လက်ရှိ ရန်သူ့ စစ်ကြောင်းက ရေနံမြေထဲကို ဝင်မလာနိုင်သေးပါဘူး။ ဝင်ဖို့ရာပြင်ဆင်နေတာပဲရှိတယ်။ သူတို့ ထိခိုက်တာတွေ များနေတဲ့အခါမှာ အောက်ခြေမှာရှိတဲ့ရွာတွေမှာပဲ ရောက်နေသေးတာပါ” ဟု  အညာတမာ စစ်ဆင်ရေး၏ ပြောရေးဆိုခွင့်ရှိသူ ကိုပြည့်ဖြိုးကျော်က ဆိုသည်။

“အညာဒူဘိုင်း” ဟု နာမည်ကျော်သည့် မြိုင်မြို့နယ် Well 2 ရေနံမြေ၊ ပေါက်နှင့်ပခုက္ကူမြို့နယ်စပ် သာကြီးတောင်ရေနံမြေတို့ကို  ပြီးခဲ့သည့် နှစ်ပိုင်းကတည်းက တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားခြင်း ဖြစ်သည်။  နေ့စဉ် ရေနံစည် ရာနှင့်ချီ ထွက်ရှိသည့် ရေနံမြေလုပ်ကွက်များမှ အခွန်ဘဏ္ဍာငွေရရှိသဖြင့် တော်လှန်ရေးအင်အားစုများအတွက် စစ်ရေးအရ၊ ဘဏ္ဍာရေးအရ အရေးပါသည့် ဒေသဖြစ်သည်။

“အရင်ကတော့ အစိုးရက ထိန်းချုပ်ထားတာ။ ကိုယ်ပိုင်လက်တွင်းတွေကိုတော့ ခွင့်ပြုထားတယ်။

တနိုင်တပိုင်တူးရတယ်။ ဒါပေမဲ့ မြေရှင်ဆီမှာ မြေဝယ်ရတယ်။ ရေနံပေါက်ရင် ၁၀ စည်ရရင် မြေရှင်ကို တစ်စည်ပေးရတယ် အဲလိုလုပ်ကြတာ။ တော်လှန်ရေးနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်တယ်။ အခွန်တွေကနေ ချက်ဖိုအထိ၊ လောင်စာ ထင်းအထိအခွန်ပေးရတယ်။ မြေရှင်တွေကလည်း အခွန် ပြန်ဆောင်ရတယ်”ဟု မြိုင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများ၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်လိုသည့် စစ်တပ်က ယမန်နှစ်ကလည်း ရေနံမြေဒေသကို ဦးတည်စစ်ကြောင်းထိုးမှုများရှိခဲ့သော်လည်း တော်လှန်ရေးတပ်များ၏ ခုခံမှုကြောင့် ပြန်ဆုတ်ခွာခဲ့ရသည်။ 

-မြိုင်ထိုးစစ်တွင် တွေ့ရသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-တင်စိုး-အညာမြေ)
-မြိုင်ထိုးစစ်တွင် တွေ့ရသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-တင်စိုး-အညာမြေ)

ယခုတစ်ကြိမ် စစ်တပ်ထိုးစစ်တွင်မူ မြေပြင်မှ လက်နက်၊ လူ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သလို လေကြောင်းမှလည်း အပြင်းအထန် ထိုးဖောက် တိုက်ခိုက်နေသည်။

စစ်ကြောင်းဝင်နေသည့် မေလလယ်မှ ယခုရက်ပိုင်းအထိ စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် သက်ကြီးရွယ်အိုများ၊ စစ်ဘေးရှောင်များအပါအဝင် အရပ်သားပြည်သူ နှစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။

နေအိမ်ပေါင်း ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မြိုင်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသည့် ဒေသခံများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

မြိုင်မြို့နယ်အတွင်း စစ်တပ်က အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ နှင့်ပတ်သက်၍ စစ်တပ်၏ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဆက်သွယ်သော်လည်း မရခဲ့ပါ။

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးမျိုးအောင်ထံ Myanmar Now က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ၎င်းခရီးသွားနေသဖြင့် မှတ်ချက်ပေးရန် အဆင်မပြေကြောင်း တုံ့ပြန်ထားသည်။ 

စစ်တပ်အနေဖြင့် မြိုင်ရေနံမြေဒေသကို အကြီးအကျယ်ထိုးစစ်ဆင်နေသော်လည်း တော်လှန်ရေး အားကောင်းသည့်ဒေသဖြစ်သည့်အတွက် ရေရှည်ထိန်းချုပ်နိုင်ရန်မလွယ်ကူကြောင်း တော်လှန်ရေးတပ်ဖွဲ့ များက သုံးသပ်သည်။ 

“(စစ်တပ်)က ကြာကြာတော့ မှော်ထဲမှာ အခြေမချနိုင်ဘူး။ ဘာကြောင့်ဆိုဒီဘက်ကလည်း ဂုဏ်သိက္ခာအရရယ်၊ ဝင်ငွေလမ်းအရရယ် အသေအကြေပြန်တိုက်မှာဆိုတော့ စခ (စစ်တပ်)အတွက် အခြေခံအဆောက်အဦ မရှိတဲ့အတွက် ကြာကြာနေဖို့မဖြစ်နိုင်ဘူး။ ဖျက်ဆီးမီးရှို့ပြီးရင် ပြန်ဆုတ်မှာ။ အခုတောင် သူတို့ အတော်ကို သေကြတာ”ဟု မြိုင်မြို့နယ်မှတော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ် ကြိုးကိုင်သည့်ရွေးကောက်ပွဲအလွန်တွင် စစ်ခေါင်းဆောင်က သမ္မတရာထူးရယူပြီးနောက် ငြိမ်းချမ်းရေးဖော်ဆောင်မည်ဟု ပြောထားသော်လည်း တဖက်တွင် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို စစ်ရေးအရ ဖိအားပေးထိုးစစ်ဆင်နေသည်။

မကွေးတိုင်းတွင် စစ်တပ်က မြို့များကို ခြေကုပ်ယူထားနိုင်သော်လည်း ချင်းပြည်နယ်နှင့်ထိစပ်နေသည့် ယောဒေသ၊ ရခိုင် ရိုးမတောင်ခြေနှင့်ထိစပ်နေသည့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းဒေသများနှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့နှင့်ထိစပ်နေသည့် မြို့နယ်များတွင် တော်လှန်ရေးအင်အားစုများက နယ်မြေ စိုးမိုးဖြန့်ကြက်ထားသည်။ 

အရပ်သားအရေခြုံ စစ်အာဏာရှင်အစိုးရတက်လာပြီးနောက် မကွေးတိုင်းကို စစ်ရေးအရ ဖိအားပေးလာခြင်းမှာ တော်လှန်ရေးအင်အားစုများ ဘဏ္ဍာငွေရလမ်း ဖြတ်တောက်ရန်နှင့် လက်လွှတ်ထားရသည့် ချင်းနှင့် ရခိုင်ပြည်နယ်တို့သို့ ထိုးဖောက်စစ်ဆင်ရန်ဖြစ်နိုင်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။ 

ချင်းပြည်တောင်ပိုင်းကို  မကွေးတိုင်း ယောဒေသမှတဆင့် စစ်တပ်က ထိုးဖောက်ဆင်စစ်နေသလို၊ ရခိုင်ပြည်နယ်ကိုလည်း အမ်း- ပဒါန်းလမ်းပိုင်းမှတဆင့် ထိုးဖောက်နိုင်ရန် စစ်တပ်က ကြိုးပမ်းလျက်ရှိပြီး မြိုင်၊ ပေါက်၊ ဆော၊ ဂန့်ဂေါ၊ ထီးလင်း၊ မင်းတုန်းတို့တွင် နှစ်ဖက်စစ်ရေးပြင်းထန်နေသည်။ 

လတ်တလော စစ်ရေးအရှိန်ပြင်းထန်နေသည့် မကွေးတိုင်းတွင် စစ်တပ်က အင်အားထပ်မံ ဖြည့်တင်းရန် ကြိုးပမ်းနေကြောင်း မကွေးတိုင်းတော်လှန်ရေးအင်အားစုများက ဆိုကြသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အခြေစိုက် တပ်မ (၅၅) မှ အင်အားတစ်ထောင်ခန့်ပါသည့် စစ်တပ် ယာဉ်တန်းတစ်ခုသည် ရေနံချောင်း- မကွေးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာကြောင်း မကွေးတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောသည်။ 

မကွေးတိုင်း စစ်ရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာတို့ကို စောင့်ကြည့်လေ့လာနေသော အရပ်ဘက်အဖွဲ့ဖြစ်သည့် တမာဖွံ့ဖြိုးရေးအင်စတီကျု ၏အချက်အလက်များအရ ဇူလိုင်လအတွင်း မကွေးတိုင်း မြို့နယ် ၂၅ ခုအနက် ၁၁ မြို့နယ်တွင် စစ်တပ်နှင့်တော်လှန်ရေး အင်အားစုများကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄၀ ဦးထက်မနည်းသေဆုံးပြီး လူဦးရေ ငါးသောင်းကျော် စစ်ဘေးရှောင်တိမ်းနေရသည်။ 

တော်လှန်ရေး အားကောင်းရာ မကွေးတိုင်း မြိုင်မြို့နယ်ရှိ တနိုင်တပိုင် ရေနံတူးဖော်နေကြသော လုပ်ငန်းခွင်တစ်ခုကို ယခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- မိုးဦး)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles