အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဧရာဝတီဒုတိယမြစ်ကျဉ်းတွင် စစ်သင်္ဘောနှင့် စစ်သားအများအပြား အထိနာပြီးနောက် စစ်တပ်က ရွှေကူ အရှေ့ဘက်ကို စံချိန်တင် ဗုံးကြဲ

စစ်သင်္ဘောများကို ရွှေကူမြို့နှင့် မိုင် ၂၀ ခန့်အကွာ ဇင်းဘုံရွာနှင့် စင်းခန်းရွာအနီးတို့တွင် KIA နှင့် ပူးပေါင်းတပ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ ဇင်းဘုံရွာအနီးတွင် စစ်သင်္ဘောတစ်စီး ပျက်စီး နစ်မြုပ်သွားပြီး နှစ်စီးမှာ မီးလောင်ပျက်စီးသွားသည်။

ကချင်ပြည်နယ် ရွှေကူမြို့မှထွက်လာပြီး ဗန်းမော်မြို့သို့ ဦးတည်နေသည့် စစ်အာဏာရှင်တပ်၏ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ပူးပေါင်းတပ်များက ဧရာဝတီ ဒုတိယမြစ်ကျဉ်းတွင် စက်တင်ဘာလ ၂ ရက် (ယနေ့) နံနက်တွင် တိုက်ခိုက်ခဲ့ရာ တစ်စီးနစ်မြုပ်၊ နှစ်စီးမီးလောင်ပျက်စီးပြီး နောက်ထပ်နှစ်စီးကိုလည်း ဖမ်းမိခဲ့သည်ဟု KIA နှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

မန္တလေးမြို့မှ ဩဂုတ်လ ၂၁ ရက်က ထွက်လာပြီး ရွှေကူမြို့တွင် တထောက်ရပ်နားနေသည့် စစ်သင်္ဘောအုပ်စုသည် ယနေ့နံနက် ၄ နာရီခွဲခန့်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဆက်လက်ဆန်တက်ခဲ့ကြရာ သင်္ဘောများကို ရွှေကူမြို့နှင့် မိုင် ၂၀ ခန့်အကွာ ဇင်းဘုံရွာနှင့် စင်းခန်းရွာအနီး ဒုတိယမြစ်ကျဉ်း အရောက်တွင်  KIA နှင့် ပူးပေါင်းတပ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသဖြင့် ဇင်းဘုံရွာအနီးတွင် တစ်စီး ပျက်စီးနစ်မြုပ်သွားပြီး နှစ်စီးမှာ မီးလောင်ပျက်စီးသွားသည့်ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်င်္ဘောတစ်စီး မြုပ်သွားတာ၊ အဲဒီမှာ စစ်သားက ၂၀၀ လောက်ပါတယ်၊​ အဲဒီမှာ ပစ်မြှုပ်လိုက်တော့ သင်္ဘောကနေ ခုန်ချပြီးပြေးတာ ရေကူးပြီးပြေးတာတောင် တော်တော်များများ မလွတ်လာဘူးပြောတယ်၊ ရေစီးထဲ မျောပါသွားကြတာ” ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်သင်္ဘောနစ်မြုပ်မှုတွင် သင်္ဘောပေါ်ပါသည့် စစ်သားအများစုသေဆုံးနိုင်ကြောင်း၊ ကမ်းစပ်သို့ ကူးလာနိုင်သူ အနည်းငယ်သာတွေ့ရကြောင်း အဆိုပါ KIA သတင်းရင်းမြစ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မီးလောင်ပျက်စီးသွားသည့် သင်္ဘောနှစ်စီးတွင် တစ်စီးမှာ ဇင်းဘုံရွာအနီး ကမ်းကပ်ခဲ့ပြီး တစ်စီးမှာ စင်းခန်းရွာအနီးကမ်းကပ်၍ သင်္ဘောပေါ်ပါသည့် စစ်သားများ KIA ထံတွင် လက်နက်ချခဲ့ကြသည်ဟု အထက်ပါ KIA သတင်းရင်းမြစ်က ပြောသည်။

“စင်းခန်းတံတားအောက်က သင်္ဘောက ထိတွေ့မှုဖြစ်ပြီး မီးလောင်သွားတော့ အဲဒီ သင်္ဘောက အဖွဲ့တွေက အလံဖြူထောင်လို့ ကားနှစ်စီးနဲ့ ခေါ်သွားလိုက်ပြီ၊​ တစ်စီးပဲ အပေါ်တက်သွားတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် နောက်ထပ် သင်္ဘောနှစ်စီးလည်း စင်းခန်းရွာအနီးတွင် ကမ်းကပ်၍ လက်နက်ချခဲ့ပြီး ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ကားများဖြင့် နေရာပြောင်းရွှေ့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးရမိသည့် သုံ့ပန်းအရေအတွက်နှင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ KIA သတင်းရင်းမြစ်များက ပြောဆိုခြင်းမရှိပေ။

စစ်သင်္ဘော ၁၀ စီးကျော် မြစ်ကြောင်းအတိုင်းဆန်တက်လာရာတွင် စစ်သင်္ဘောတစ်စီးသာ စင်းခန်းတံတားကျော်၍ ဆက်လက်ဆန်တက်သွားနိုင်ပြီး သင်္ဘော ငါးစီးအထိ ပြုန်းတီးခဲ့ပြီးနောက် ကျန်သင်္ဘောများမှာ ဆက်တက်လာခြင်းမရှိသေးဟု သိရသည်။

မြစ်ကြောင်းအတိုင်း စစ်သင်္ဘောများ ဆန်တက်ချိန်နှင့် တချိန်တည်းလိုလိုတွင် မြေပြင်မှလည်း စစ်ကြောင်းထိုးခဲ့သလို လေကြောင်းမှလည်း အကြိမ် ၃၀ နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

“ဇင်းဘုံရွာထိပ်မှာ ဟိုနေ့က သိမ်းလိုက်တဲ့ ဗျူဟာမြောက်ကုန်းရဲ့ အောက်မှာ ရှိနေတဲ့ ရန်သူတွေဟာ ဒီမနက် သင်္ဘောစထွက်တဲ့အချိန်မှာ (မြေပြင်)စစ်ကြောင်းထိုးလာပါတယ်။ အဲဒါကို ကျွန်တော်တို့က ဟန့်စစ်ဆင်လိုက်တဲ့ အခါကျတော့ သူတို့လည်း နောက်ဆုတ်သွားပါတယ်” ဟု အဆိုပါ KIA အရာရှိက ပြောသည်။

ယနေ့နံနက် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစတင်၍ စစ်တပ်က Y-12 အမျိုးအစား လေယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်များကို အကြိမ် ၃၀ ဝန်းကျင်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်သင်္ဘောများ မတက်လာမီ ဩဂုတ်လ ၁၈ ရက်မှစတင်၍ ရွှေကူမြို့တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် စစ်တပ်က ထိုနေ့မှစတင်၍ ရွှေကူမြို့အနီးဝန်းကျင်ဒေသများကို ဗုံးကြဲမှုများ အဆက်မပြတ်ပြုလုပ်ခဲ့ရာ ယနေ့အထိ အကြိမ်ရေ ၁၀၀ နီးပါးအထိ ရှိခဲ့သည်ဟု အထက်ပါ KIA အရာရှိက ပြောသည်။

“လေကြောင်းကတော့ တနေ့ကဆိုရင် မနက်ကနေ ညအထိ အားလုံးအကြိမ် ၂၀ ကျော်တယ်။ လေကြောင်းကတော့ မတရားသုံးနေတာ။ ရွှေကူနားတဝိုက်မှာတော့ လေကြောင်းသုံးတာ ဒီတကြိမ်ကတော့ အကြီးကျယ်ဆုံးလို့ပြောလို့ရတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရင်တောင်မှ အခု ရွှေကူမှာ သုံးသလောက် လေကြောင်းအသုံးပြုတိုက်တာမရှိသေးဘူး” ဟု KIA အရာရှိက ပြောသည်။

တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် ရွှေကူမြို့အနီး ဧရာဝတီမြစ်ကမ်းတလျှောက်မှ ဒေသခံများကို လွန်ခဲ့သည့် နှစ်လခန့်မှစတင်၍ တိမ်းရှောင်ခိုင်းထားသည်ဟု သိရသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည်မှာ နှစ်နှစ်နီးပါးခန့်ရှိလာပြီဖြစ်သည့်အတွက် ဗန်းမော်မြို့ကို စစ်ကူများပို့နိုင်ရန် ရွှေကူမြို့ကို တထောက်နားရာ စခန်းအဖြစ် စစ်တပ်က အသုံးပြုနေသည်။

မေလလည် ခန့်မှစတင်၍ ရွှေကူမြို့ကို စစ်တပ်က ကုန်းကြောင်းမှ စစ်ကူအများအပြား ပို့ဆောင်ခဲ့သည့်အတွက် တိုက်ပွဲများ စတင်ပြင်းထန်နေခဲ့သည်မှာ သုံးလခန့် ကြာမြင့်နေပြီဖြစ်သည်။

ရွှေကူမြို့အနီး တိုက်ပွဲများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သလို စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို  Myanmar Now က ဖုန်းဆက်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles