အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကသာမြို့မှ ဆန်တက်လာသည့် စစ်သင်္ဘော ၄ စီး ကို KIA တိုက်ခိုက်၊ စင်းခန်းတံတားအနီး တိုက်ပွဲပြင်းထန်နေ

ယမန်နေ့နံနက်တွင် ကသာမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောလေးစီးကို စစ်ကိုင်း- ကချင်နယ်စပ်မျဉ်းအနီး မိုးတားလေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေကြသလို၊ ရွှေကူမြို့နယ် စင်းခန်းတံတားအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) နံနက်တွင် ကသာမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောလေးစီးကို စစ်ကိုင်း- ကချင်နယ်စပ်မျဉ်းအနီး မိုးတားလေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေကြသလို၊ ရွှေကူမြို့နယ် စင်းခန်းတံတားအနီးတွင်လည်း  တိုက်ပွဲများပြင်းထန်နေသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စက်တင်ဘာလ ၆ ရက်က စစ်သင်္ဘော လေးစီးနှင့် သံခွံသင်္ဘော ၂၇ စီးသည် မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ရာ စက်တင်ဘာလ ၇ ရက်တွင် စစ်သင်္ဘော တစ်စီးနှင့် သံခွံသင်္ဘော ၂၆ စီးသည် ထီးချိုင့်မြို့အနီးတွင် ကမ်းကပ်ခဲ့ပြီး ကျန်သည့် စစ်သင်္ဘော သုံးစီးနှင့် သံခွံသင်္ဘော တစ်စီးတို့သည့် ဆက်လက်ဆန်တက်ကာ ကသာမြို့တွင် ညအိပ်ရပ်နားခဲ့သည်။ 

စက်တင်ဘာလ ၈ ရက်နံနက်တွင် ကသာမြို့မှ ဆန်တက်လာသည့် အဆိုပါ သင်္ဘောလေးစီးကို KIA နှင့် ပူးပေါင်းတပ်များက မိုးတားလေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်နေပြီး စစ်သင်္ဘောများက လက်နက်ကြီးများပစ်ခတ်နေသလို လေကြောင်းမှလည်း ဗုံးကြဲနေသည်ဟု KIA တပ်မဟာ(၈)ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောသည်။

“မိုးတားကြီး၊ မိုးတားလေး အောက်နားမှာ ကိုယ့်လူတွေက ဖြတ်တိုက်နေကြတယ်။ စင်းခန်းဘက်ကတောင်မှ မနက်က KIA က ကား ငါးစီးနဲ့ စင်းခန်းတံတားနားကဖြတ်ပြီးတော့၊ မိုးတားကြီးဘက်ကို စစ်ကူလာတယ်” ဟု အဆိုပါ KIA ထောက်လှမ်းရေးအရာရှိက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ Y 12 အမျိုးအစား လေယာဉ်ဖြင့် ဗုံးကြဲမှုတို့ကြောင့် ကသာမြို့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ၊ မြစ်ကမ်းအနီးကျေးရွာများဖြစ်သည့် မိုးတားလေးရွာနှင့် ဗောဓိကုန်းရွာတို့တွင် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။

ဗောဓိကုန်းရွာအတွင်း နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့စဉ်။ (ဓာတ်ပုံ-Khaing Thet Hmue Facebook) 

ယမန်နေ့ မွန်းလွဲ  ၁ နာရီခန့်တွင်လည်း မိုးတားလေးရွာအနီးကို စစ်တပ်က Y 12 လေယာဉ်တစ်စီးဖြင့် နှစ်ကြိမ် ဗုံးကြဲသွားခဲ့သည်ဟု သိရသည်။

စက်တင်ဘာ လဆန်းရက်များက ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်အတွင်း ဆန်တက်လာသည့် စစ်သင်္ဘောများကို KIA နှင့် ပူးပေါင်းတပ်များက ရွှေကူမြို့အရှေ့ဘက် မိုင် ၂၀ ကျော်တွင်ရှိသည့် ဇင်းဘုံရွာနှင့် စင်းခန်းရွာအနီးတို့တွင် ကြားဖြတ်တိုက်ခိုက်ရာ သင်္ဘော  ရှစ်စီးထိခိုက်ပျက်စီးကာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များအပါအဝင် ၎င်းတို့၏ မိသားစုဝင် ၁၀၀ ကျော်ကို KIA  ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တိုက်ပွဲပြီးသည့်နောက် စစ်တပ်က ကားလမ်းနှင့် ရထားလမ်းပေါင်းစပ်ထားသည့် စင်းခန်းတံတားကို စက်တင်ဘာလ ၆ ရက်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့ရာ တံတားတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး တံတားပေါ်ရှိ ရထားလမ်းမှာ အသုံးပြု၍ မရအောင် ပျက်စီးသွားသည်ဟု သိရသည်။

ယမန်နေ့အထိ စစ်တပ်က တပ်ရင်း သုံးရင်းဖြင့် စင်းခန်းရွာအနီး ထိုးစစ်ဆင်နေရာ စင်းခန်းတံတားအနီးတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး လေကြောင်းဗုံးကြဲမှုများ အဆက်မပြတ်ပြုလုပ်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် KIA သတင်းရင်းမြစ်များထံက သိရသည်။

“မနေ့ညကတည်းကတိုက်ပွဲပြင်းထန်နေတာ၊ ဒီနေ့လည်း မနက် မိုးမလင်းခင်ကတည်းက ဖြစ်နေတာ၊ မနက် ၄ နာရီလောက်ကတည်းကဖြစ်နေတာ။ တောက်လျှောက်ပဲ ပစ်လိုက်၊ နားလိုက်၊ နားလိုက်၊ ပစ်လိုက်နဲ့ နေ့ရောညရော ဖြစ်နေတာကြီးကို။ လေယာဉ်လည်း တောက်လျှောက်လာနေတာ” ဟု အထက်ပါ KIA ထောက်လှမ်းရေးအရာရှိက စက်တင်ဘာလ ၈ ရက်က ပြောသည်။

တိုက်ပွဲမှာ စင်းခန်းတံတား၏ အရှေ့ဘက် တံတားအောက်ခြေအနီးတွင် ပြင်းထန်နေပြီး စစ်တပ်ဝါဒဖြန့်သူအချို့က စင်းခန်းတံတားကို စစ်တပ်က ရသွားပြီဖြစ်ကြောင်း တယ်လီဂရမ်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားနေကြသည်။ 

သို့သော် ယမန်နေ့ မွန်းလွဲပိုင်းအထိ စင်းခန်းတံတားကို KIA နှင့် ပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်တပ်က စင်းခန်းရွာနှင့် တံတားကို ရရှိရေးအတွက် လေကြောင်းပစ်ကူများယူကာ အပြင်းအထန် ထိုးစစ်ဆင်နေဆဲဖြစ်သည်ဟု သိရသည်။

“ရွှေကူနားဖြစ်တဲ့ တိုက်ပွဲကတော့ လေယာဉ်ကတော့ အကြိမ်ရေတောင်မမှတ်နိုင်တော့ဘူး။ လေယာဉ်လည်း တအားလာနေတာ၊ နေ့စဉ်ရက်ဆက်ချနေတာ။ အခုလည်း ၁ နာရီ ၃၀၊ ၃၅ မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ချပြီး ပြန်သွားပြီ။ စင်းခန်းရဲ့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်။ တံတားရဲ့အောက်နားပေါ့ အရှေ့ဘက်ခြမ်းမှာ မနေ့ညကဆိုရင် ညလုံးပေါက်နီးပါးကို ဖြစ်နေတာ” ဟု KIA ထောက်လှမ်းရေးအရာရှိက ပြောသည်။

စစ်ကိုင်း- ကချင်နယ်စပ်အနီး ဧရာဝတီမြစ်ကြောင်း တလျှောက် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးတို့ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

 KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက  စင်းခန်းတံတားအနီးနှင့် ဇင်းဘုံရွာဝန်းကျင်အနီး တိုက်ပွဲဖြစ်နေကြောင်း ၊ မိုးတားလေးရွာအနီး အခြေအနေ မသိရသေးကြောင်း ယမန်နေ့က ဆိုသည်။ 

“ ကသာကနေ (သင်္ဘော) ထွက်တာလောက်ပဲ ကြားပါတယ်။ စင်းခန်းဘက်တိုက်ပွဲ ကြားပါတယ်၊ ဇင်းဘုံတို့ပတ်ဝန်းကျင်နားပါ” ဟု ၎င်းက ပြောသည်။ 

သင်္ဘောဆိပ်၊ လေဆိပ်တို့အပြင် မြစ်ကြီးနား- ဗန်းမော်ဗျူဟာလမ်းမကြီးပေါ်တွင်ရှိကာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့နှင့်ပါ ဆက်သွယ်နိုင်သည့် ဗန်းမော်မြို့ကို KIA က ၂၀၂၄ ဒီဇင်ဘာလမှ စတင်၍ တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ပွဲမှာ နှစ်နှစ်နီးပါးခန့် ကြာမြင့်လာပြီဖြစ်သည်။

ဗန်းမော်မြို့ မကျရေး ကျားကုတ်ကျားခဲ ခုခံနေရသည့် စစ်တပ်က မြန်မာပြည်အလယ်ပိုင်းမှ စစ်ကူများကို ဗန်းမော်မြို့သို့ ပေးပို့နိုင်ရန် ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရသည့်အတွက် စင်းခန်းရွာကို ထိန်းချုပ်၍ ဗန်းမော်မြို့သို့ ကုန်းလမ်းမှပါ စစ်ကူပို့နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ဗန်းမော်မြို့အနီးအနားရှိ မံစီ၊ မိုးမောက်မြို့တို့ကို ထိုနှစ် မေလတွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကိုမူ ဒီဇင်ဘာလတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်နှစ်ကျော်ကြာမြင့်လာသည့် KIA ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ဗန်းမော်မြို့ကိုမူ အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ နှစ်ဖက်တပ်များ ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles