အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သိန္နီမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲပြီး MNDAA တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ

MNDAA ၏ ယမ်းသိုလှောင်ရုံတစ်ခု ယနေ့နံနက်အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ကာ လူထိခိုက် သေဆုံးမှုများရှိခဲ့ပြီး အဆောက်အအုံနှင့် အနီးဝန်းကျင် ထိခိုက်ပျက်စီးခဲ့သည်။ 

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နှင့် ငါးမိုင်ကျော်အကွာ စယ်အူကျေးရွာအုပ်စု မန့်မိုင်ရွာတွင် ယနေ့ (စက်တင်ဘာလ ၈ရက်)  နံနက် ငါးနာရီကျော်အချိန်က ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိသည်ဟု ဒေသခံများထံက သိရသည်။

ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် ယမ်းသိုလှောင်ရုံရှိ MNDAA တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုများရှိပြီး အနီးရှိ ကျေးရွာဘုန်းကြီးကျောင်း အဆောက်အအုံနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးသည်ဟု ဒေသခံများက ဆိုကြသည်။

“ဆေးရုံကိုတော့ လေးယောက်လောက် ပို့လိုက်တာတွေ့တယ်။ လုံခြုံရေးလုပ်နေတဲ့ (ကိုးကန့်) တပ်သားတွေလည်း ထိတယ်” ဟု သိန္နီမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့နံနက် ပြင်းထန်သော ပေါက်ကွဲသံကြောင့် လေယာဉ်ဗုံးကြဲသည်ဟု ထင်မိရာမှ ယမ်းတိုက်ပေါက်ကွဲမှု ဖြစ်သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“မနက်အစောကြီး ပေါက်ကွဲသံအကျယ်ကြီး ကြားတော့ လေယာဉ်လာကြဲပြီ ထင်နေတာ။ ပြီးမှ သိရတာက ယမ်းတိုက်ကွဲတာ။ ပေါက်ကွဲတာက တော်တော်ပြင်းတယ်။ တစ်မိုင်အကွာလောက်က ဘုန်းကြီးကျောင်းတောင် လေဟပ်ပြီး မျက်နှာကြက်တွေ ပြုတ်ကျကုန်တာ” ဟု ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပေါက်ကွဲမှုဖြစ်သည့် ယမ်းသိုလှောင်ရုံမှာ မန့်မိုင်ကျေးရွာအပြင်ရှိ တောင်ခြေတွင်ရှိပြီး ယမ်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ လုပ်ကိုင်သည်ဟု ဒေသခံများထံက သိရသည်။

“အဲဒီနေရာက ရွာနဲ့တော့ ဝေးတယ်။ တရုတ်လူမျိုးတွေပဲ လုပ်ကြတာများတယ်။ အရင်က ကောင်းတပ်ရွာဘက်မှာ လုပ်တာ၊ အခု ဒီဘက်ပြောင်းလာတာလား၊ အသစ်ထပ်တိုးတာလားတော့ အတိအကျမသိဘူး။ ငါးမိုင်းခွဲတဲ့ယမ်းတွေလည်း လုပ်တယ်”ဟု သိန္နီမြို့ခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပေါက်ကွဲမှုဖြစ်သည့် နေရာတဝိုက် MNDAA တပ်ဖွဲ့ဝင်အချို့က လုံခြုံရေးယူထားကာ သွားလာခွင့်ကန့်သတ်ထားသည်။ 

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများတွင် တရုတ်နိုင်ငံသားအချို့ ပါဝင်သည်ဟု ဒေသခံများက ဆိုသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ထိုပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ MNDAA တပ်ဖွဲ့ဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

၂၀၂၅ ခုနှစ် အောက်တိုဘာလက တွေ့ရသော သိန္နီမြို့။ (ဓာတ်ပုံ-Myanmar Now) 

လတ်တလောတွင် စစ်တပ်နှင့် MNDAA နေပြည်တော်တွေ့ဆုံမှု မဖြစ်မြောက်သေးသလို ရှမ်းမြောက် ဒေသတွင် စစ်လေယာဉ်များ နေ့စဉ်နီးပါး ပျံဝဲနေကြသဖြင့် နှစ်ဖက်အကြား တိုက်ပွဲပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

ဒေသခံများ ရိုက်ကူးထားသည့် ရုပ်သံဖိုင်တွင် ကြီးမားသည့် ပေါက်ကွဲမှုကို တွေ့မြင်ရပြီး အဆိုပါ ဖြစ်စဉ်မှာ ယခုနှစ် မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  တအာင်းတပ်  (TNLA) ထိန်းချုပ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်နောင်ကျေးရွာအုပ်စု ကောင်းတပ်ရွာယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုနှင့် ဆင်တူနေသည်ကို တွေ့ရသည်။

ကောင်းတပ်ရွာပေါက်ကွဲမှုဖြစ်စဉ်အတွင်း၌ တရုတ်နိုင်ငံသား သုံးဦးနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ၄၃ ဦး သေဆုံးခဲ့ပြီး လူ တစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ လားရှိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ကုန်းကြမ်း၊ တာမိုးညဲမြို့တို့ကို MNDAA က သိမ်းပိုက်ထားသည်။ ယခုနှစ် မတ်လတွင် မဟာမိတ် TNLA ထိန်းချုပ်သည့် ကွတ်ခိုင်မြို့အား MNDAA တပ်ဖွဲ့က ထပ်မံသိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် MNDAA က အဆိုပါမြို့များကို ခရိုင် လေးခုခွဲ၍ အထူးဒေသ (၁) အဖြစ် သတ်မှတ်၍ အုပ်ချုပ်နေသည်။

သိန္နီမြို့အား မူပန်ခရိုင်မြို့အဖြစ် သတ်မှတ်ကာ တရုတ်နိုင်ငံသားများ ဖိတ်ခေါ်၍ စီးပွားရေးလုပ်ငန်းများကို MNDAA က တိုးချဲ့လုပ်ကိုင်နေသည်။

ဒေသအတွင်းရှိ ရွှေလုပ်ကွက်များ၊ ကျောက်ထုတ်လုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် တရုတ်နိုင်ငံသားများ ဦးဆောင်သည့် ယမ်းထုတ်လုပ်သည့် လုပ်ကွက်များလည်း MNDAA က တိုးချဲ့လုပ်ကိုင်လျက်ရှိသည်ဟု သိန္နီမြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

MNDAA ကဲ့သို့ပင် ရှမ်းမြောက်အခြေစိုက် တအာင်းတပ် (TNLA)၊ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသ များတွင်လည်း ယမ်းထုတ် လုပ်ငန်းများရှိပြီး မကြာခဏဆိုသလို ပေါက်ကွဲမှုများ ဖြစ်လေ့ရှိသည်။

ယခုနှစ် ဧပြီလ ၇ ရက် ညနေပိုင်း လေးနာရီအချိန်က UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်သည့် ပန်ဆန်းမြို့ အနီးရှိ ယမ်းတိုက်တစ်ခု ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဆိုပါအဆောက်အအုံနှင့် အနီးအနားတွင် နေထိုင်သူ အများအပြား ထိခိုက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ ၃ ရက်တွင် “ဝ” တပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းမောမြို့နယ်ရှိ လုပ်ငန်းသုံး ဂတ်စ်အိုးများ သိုလှောင်ထားသည့် အဆောက်အအုံ ပေါက်ကွဲမှုဖြစ်ခဲ့ရာ စက်ရုံအလုပ်သမားများ အပါအဝင် ဒေသခံ ၁၆ ဦး သေဆုံးခဲ့ပြီး ၄၈ ဦး ဒဏ်ရာရခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ် မေလအတွင်း UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ရာ ဝိန်းကောင်ခရိုင် မက်မန်းဆိုင် သတ္တုတွင်း၌ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ခဲ့၍ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရခဲ့သည်။

ယခုနှစ် မေလက ချင်းရွှေဟော်မြို့ရှိ သဲ၊ ကျောက်နှင့် ကွန်ကရစ်လုပ်ငန်းများကို MNDAA တပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။ (ဓာတ်ပုံ-The Kokang) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles