အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦးဒေသ ကားဝပ်ရှော့ ဗုံးကြဲ၊ ပစ်ခတ်ခံရပြီး  အရပ်သား ၇ ဦး သေဆုံး

နိုင်ငံအလယ်ပိုင်း ကျေးလက်ဒေသမှ ကားဝပ်ရှော့တစ်ခုကို ဂျိုင်ရို ကော်ပတာ သုံးစီး၊ ရဟတ်ယာဉ် တစ်စီးတို့ဖြင့် ပစ်ခတ်ဗုံးကြဲခဲ့မှုကြောင့် ဝပ်ရှော့ဆရာအပါအဝင် အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

စစ်ကိုင်းတိုင်း  ရေဦးမြို့နယ်ရှိ ကားဝပ်ရှော့တစ်ခုကို ယမန်နေ့ (စက်တင်ဘာလ ၇ ရက်) ညနေက ဗုံးကြဲခံရပြီး ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ရေဦးမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာ တင်းတိမ်ရံကျေးရွာရှိ ကားဝပ်ရှော့ကို ယမန်နေ့  ညနေ ၄ နာရီခွဲ ဝန်းကျင်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသည့် ဂျိုင်ရိုကော်ပတာ သုံးစီး၊ MI 35 ရဟတ်ယာဉ်တို့က နာရီဝက်ခန့် ဗုံးကြဲ၊ ပစ်ခတ်ခဲ့စဉ်  သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဝပ်ရှော့တွင် ထမင်းချက်ပေးသည့် အမျိုးသမီးငယ်တစ်ဦး၊ ကားဝပ်ရှော့ဆရာနှင့် အလုပ်သမားများ၊ အခြားရွာမှ ကားလာပြင်သူအပါအဝင် စုစုပေါင်း အမျိုးသား ခြောက်ဦးတို့ သေဆုံးခဲ့ပြီး အနီးဝန်းကျင်မှ အရပ်သား ငါးဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုကြသည်။

လေကြောင်းတိုက်ခိုက်ခံရသော ရေဦးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲမရှိသလို စစ်ရေးလှုပ်ရှားမှုလည်း မရှိဘဲ အရပ်သားများသာရှိသည့် ဝပ်ရှော့လုပ်ငန်းခွင်ဖြစ်ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ရေဦးမြို့နယ်အနောက်ခြမ်းဇုန်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးကပြောသည်။ 

“ ဂျိုင်ရိုကော်ပတာ သုံးစီးကြဲပီး နမခမှထပ်တက်လာတဲ့ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်ကလည်း ၁၀ ကြိမ် ထက်မနည်း ရော့ကတ်တွေ ကြဲချပြီး စက်လက်နက်တွေနဲ့ပါ ပြည်သူတွေကိုပစ်မှတ်ထားပြီး ထပ်မံ တိုက်ခိုက်သွားတယ်။ ကားဝပ်ရှော့ဆိုင်ပေါ်တည့်တည့်ကိုပဲ လေကြောင်းတိုက်ခိုက်သွားတာပါ”

“ ကားဝပ်ရှော့ဆိုင်က ကိုယ့်ဘက် (တော်လှန်ရေး) က အဖွဲ့အစည်း ဖွင့်ထားတဲ့ဆိုင်လည်း မဟုတ်ပါဘူး၊ ဘာတိုက်ပွဲမှလည်း ဖြစ်မထားဘဲ အနီးကပ်ဒလန်သတင်းပေးမှုကြောင့် အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခံရတာပါ”ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုန်၏ သတင်းဆက်သွယ်ရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား)က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဝပ်ရှော့၌  ရှိနေသည့် အရပ်သား မော်တော်ယာဉ် ၁၀ စီး ထက်မနည်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

သေဆုံးသူအလောင်းအချို့နှင့် ပျက်စီးနေသော မော်တော်ယာဉ်တစ်စီး။ (ဓာတ်ပုံ – ထူးခန့်ဇော် (အမေ့သား))  


ဒေသခံ တော်လှန်ရေးအဖွဲ့များက Myanmar Now သို့ ပေးပို့လာသည့် ဓာတ်ပုံများအရ သေဆုံးသူ အများစုမှာ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများပြတ်တောက်ပြီး နှစ်ဦးထက်မနည်းမှာ ဦးခေါင်းခွံများ ပွင့်ထွက်နေကာ ဝပ်ရှော့ဆိုင်ရှိ ကားများလည်းပျက်စီးသွားသည်ကို တွေ့မြင်ရသည်။ 

တင်းတိမ်ရံရွာ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်တပ်ခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်းမရခဲ့ပါ။ 

ကျေးရွာ ၁၉၁ ရွာရှိသည့် ရေဦးမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ကိုသာ ခြေကုပ်ယူထားကာ ကျေးလက် ဒေသတို့ကို တော်လှန်ရေးအဖွဲ့များက စိုးမိုးထားပြီး အရပ်သားများ ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေသည်။ 

၂၀၂၄ ခုနှစ် ဩဂုတ်လနှင့် အောက်တိုဘာလက တင်းတိမ်ရံရွာတွင် လေကြောင်းတိုက်ခိုက်ခံထားရပြီး ထိုစဉ်က ကလေးအပါအဝင် အရပ်သား လေးဦးသေဆုံးခဲ့သည်။ 

အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် တင်းတိမ်ရံရွာသည် စစ်တပ်အာဏာသိမ်းမှုအစောပိုင်းကာလ ၂၀၂၂ ခုနှစ်က စစ်တပ်မီးရှို့မှုကြောင့် ဈေးဆိုင်ခန်း ပေါင်း ၂၀၀ ကျော်ရှိသည့် ဈေးတစ်ခုလုံးပြာကျခဲ့ရသလို အိမ်ခြေ ၃၀၀ ကျော်လည်း ပျက်စီးခဲ့ရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ ၃ ရက်တွင် ထုတ်ပြန် ထားသည့်အချက်အလက်များအရ ဩဂုတ်လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃၉ ဦးသေဆုံးပြီး ၂၆၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အနက် သုံးပုံတစ်ပုံကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်သည်။ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာ တည်နေရာပြမြေပုံ။  
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာ တည်နေရာပြမြေပုံ။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles