အထည်ချုပ်အော်ဒါများ မရရှိတော့ခြင်းကြောင့် အလုပ်သမား ၂၀၀၀ ကျော်ဖြင့် လည်ပတ်နေသည့် အထည်ချုပ်စက်ရုံတလုံး ပိတ်သိမ်းမည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ကြေညာချက် ထွက်ပေါ်ခဲ့သည့်နောက်တွင် ကမ္ဘာကျော် ဖက်ရှင်နှင့် အဝတ်အထည်အမှတ်တံဆိပ်က ၎င်းတို့အနေဖြင့် ‘တာဝန်သိထွက်ခွာရေးမူဝါဒ’ နှင့်အညီ ပြန်လည်ထွက်ခွာခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
H&M (Hennes & Mauritz) အမှတ်တံဆိပ် အဝတ်အထည်များကို လက်ခစား (CMP) စနစ်ဖြင့် ချုပ်လုပ်ပေးနေသည့် ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် Teng Hui Myanmar အထည်ချုပ်စက်ရုံက ယခုလကုန်တွင် စက်ရုံပိတ်သိမ်းတော့မည်ဟု ဆုံးဖြတ်ချက်ထွက်ပေါ်ခဲ့သည့်နောက် H&M Group တာဝန်ရှိသူ တဦးက အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
‘တာဝန်သိထွက်ခွာရေးမူဝါဒ’ (ACT Responsible Exit Policy) ဆိုသည်မှာ စီးပွားမိတ်ဖက်တဦးနှင့် အလုပ်ရပ်ဆိုင်းသည့်အခါဖြစ်စေ၊ စာချုပ်ချုပ်ထားသည့်စက်ရုံမှ တရစ်ချင်း ပြန်ဆုတ်သည့်အခါဖြစ်စေ အလုပ်သမားများနှင့် ကုန်ကြမ်းပေးသူများအပေါ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစား လုပ်ကိုင်ရေးအတွက် ACT (Action,Collaboration,Transformation) အဖွဲ့ဝင်များ (ဥပမာ- H&M Group၊ Primark) က အသုံးပြုသည့် မူဘောင်တရပ်ဖြစ်သည်။
အလုပ်သမားလျှော့ချမှုများရှိပါက ဥပဒေနှင့်အညီ လုပ်ခလစာပေးအပ်ခြင်းအပါအဝင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ပြည့်ဝစွာလိုက်နာနိုင်ရေးအတွက် ၎င်းတို့နှင့်အကျိုးတူ လက်ခစားလုပ်ပေးနေသည့် စက်ရုံတခုချင်းစီနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း H&M Group ၏ သတင်းမီဒီယာ ဆက်ဆံရေးတာဝန်ရှိသူ Pernille Skanvig Schønau က Myanmar Now ကိုပြောသည်။
“ဒီလုပ်ငန်းစဉ်တလျှောက် အထည်ချုပ်လုပ်ပေးနေသူတွေနဲ့ အနီးကပ်ပြောဆိုဆွေးနွေးမှုတွေ ရှိနေပါတယ်။ မြန်မာရဲ့ အခြေအနေက အလွန်ရှုပ်ထွေးနေဆဲအခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ အနာဂတ်အခြေအနေကို ခန့်မှန်းပြောဆိုနိုင်ခြင်းမရှိသေးပါဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။
စစ်အာဏာရှင်လက်အောက် မြန်မာအထည်ချုပ်စက်ရုံများတွင် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်မှုရှိနေသည်ဆိုသည့် စစ်တမ်းတခု ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ထွက်လာပြီးနောက် မြန်မာနိုင်ငံတွင် လက်ခစား အထည်ချုပ်လုပ်မှုများရပ်ဆိုင်း၍ တဖြည်းဖြည်းချင်းထွက်ခွာမည်ဟု ဆုံးဖြတ်ကြောင်း H&M က ကြေညာခဲ့သည်။
H&M အမှတ်တံဆိပ်အတွက် အဝတ်အထည်များကို လက်ခစား ချုပ်လုပ်ပေးနေသော စက်ရုံများ ကမ္ဘာအနှံ့များစွာရှိသည့်အနက် ၂၀၂၆ ခုနှစ် မေလအထိစာရင်းအရ မြန်မာနိုင်ငံတွင် စက်ရုံပေါင်း ၁၆ ရုံရှိပြီး အနည်းဆုံးအလုပ်သမားအရေအတွက် ၂၅,၀၀၀ မှ အများဆုံး ၃၅,၀၀၀ အထိကို အလုပ်ပေးထားကာ အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း H&M Group က ထုတ်ပြန်သော စာရင်းများအရ သိရသည်။ ထိုစက်ရုံများမှာ ရန်ကုန်တိုင်းတွင် ၁၅ လုံးနှင့် ပဲခူးတိုင်းတွင် တလုံးဖြစ်သည်။
အလုပ်သမား ၂၀၀၀ ကျော်ရှိပြီး ဆယ်စုနှစ်တခုကြာ လည်ပတ်လုပ်ကိုင်ခဲ့သည့် Teng Hui Myanmar အထည်ချုပ်စက်ရုံသည် အမှာအော်ဒါများမရ၍ လုပ်ငန်းရပ်ဆိုင်းမည်ဟု ပြီးခဲ့သည့်သီတင်းပတ်အတွင်း စက်ရုံတာဝန်ရှိသူက အလုပ်သမားများကို အသိပေးအကြောင်းကြားခဲ့သော ရုပ်သံမှတ်တမ်းတခု Tik Tok လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
ပြည်ပအခြေစိုက် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများ၏ ဆန္ဒပြတောင်းဆိုမှုကြောင့် မြန်မာနိုင်ငံရှိ စက်ရုံများတွင် လက်ခစားအထည်ချုပ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Teng Hui Myanmar စက်ရုံမှ တာဝန်ရှိသူ အမျိုးသမီးတဦးက ဝန်ထမ်းများကို ရှင်းပြနေသည်ကို အဆိုပါ TikTok ဗီဒီယိုဖိုင်တွင် မြင်ရသည်။
“H&M က လုပ်ငန်းတွေအများကြီး။ သူက ဒီတခုတည်းနဲ့ သူ့လုပ်ငန်း၊ ကျန်တဲ့လုပ်ငန်းတွေကို ထိခိုက်သွားတာမျိုးကို သူတို့က အဖြစ်မခံနိုင်ဘူး။ အဲ့ဒီအတွက်ကြောင့်မို့ နောက်ဆုံးမှာတော့ မဖြစ်မနေပေါ့နော်၊ မြန်မာနိုင်ငံကနေပြီးတော့မှ သူတို့ထွက်သွားတော့မယ်။ လုံးဝဆက်ပြီးတော့မှ အော်ဒါမချပေးနိုင်တော့ဘူး ဆိုပြီးတော့မှ သူတို့ကနေ တရားဝင်အကြောင်းကြားလာတယ်” ဟု ထိုအမျိုးသမီးက အဆိုပါ ရုပ်သံဖိုင်တွင် ပြောသည်။
Teng Hui Myanmar သည် စက်ရုံဝင်းကြီးတခုအတွင်း လုပ်သားပေါင်း ၇၀၀၀ ဝန်းကျင်ဖြင့် အထည်ချုပ်လုပ်ခဲ့ရာမှ နောက်ပိုင်းတွင် ၎င်းတို့အဓိက ချုပ်လုပ်ပေးသည့် H&M ဘက်က အမှာအော်ဒါများကျဆင်းလာမှုကြောင့် လုပ်သား ၃၀၀၀ အောက်ထိလျှော့ချ၍ လည်ပတ်ရန်ကြိုးစားခဲ့သော်လည်း မရပ်တည်နိုင်တော့ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ရန်ကုန်မြို့မှ ထိပ်သီးအထည်ချုပ်လုပ်ငန်းရှင် အမျိုးသားတဦးက ပြောသည်။
အထည်ချုပ်အမှာများကျဆင်းလာခြင်း၊ အထည်ချုပ်လုပ်ငန်းနှင့်ဆက်စပ်သော စက်ပစ္စည်းများတင်သွင်းရန် ခက်ခဲခြင်း၊ အထည်ချုပ်တင်ပို့မှုမှရရှိသော နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးထက်နည်းသော ငွေလဲနှုန်းထားဖြင့် ကျပ်ငွေလဲယူရခြင်းတို့ကြောင့် အထည်ချုပ်လုပ်ငန်းများရပ်တည်ရန် ပိုမိုခက်ခဲလာကြောင်း ၎င်းက ဆိုသည်။
“(H&M) က (အော်ဒါ) ပေးတော့ပေးနေတာပေါ့။ မနှစ်ကဆိုရင် အော်ဒါကို တနှစ်စာအပြတ်ထားတာ။ တခါချုပ်ရင် တနှစ်စာချုပ်ရတယ်။ ၁၂ လရာသီအတွက်ကို တနှစ်စာ Season (ရာသီအလိုက်) သုံးရာသီအတွက်ကို တခါတည်းကြိုပေးထားတာ။ အခုအဝင်အထွက်တွေ နည်းနည်းခက်လာတဲ့ အခါကြတော့ တားဆီးမှုတွေ ပိတ်ပင်မှုတွေ အရမ်းများလာတဲ့အခါကြတော့ ပြည်ပမှာလည်း ဖိအားတွေ များလာတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းအတွင်းလည်ပတ်နေသော စက်ရုံပေါင်း ၁၇ ရုံကလည်း အထည်ချုပ်ကဏ္ဍ အထွေထွေအခက်အခဲများကြောင့် ပိတ်သိမ်းရန်စီစဉ်နေပြီး ယမန်နှစ်ကတည်း က ပိတ်ရန်တင်ပြထားသော Teng Hui Myanmar စက်ရုံကို ပိတ်ရန်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ခွင့်ပြုချက်နှင့်အညီပိတ်သိမ်းမည်ဖြစ်သဖြင့် သက်တမ်းအလိုက်၊ လုပ်သက်အလိုက် စည်းမျဉ်းစဉ်းကမ်းနှင့်အညီ လျော်ကြေးရရှိမည်ဖြစ်သော်လည်း အဆိုပါ စက်ရုံ ၁၇ ရုံတွင် ခန့်ထားသည့် လုပ်သားပေါင်း ၂၀,၀၀၀ ထက် မနည်းအလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် နိုင်ငံခြားမှ လာရောက်မည့်ရင်းနှီးမြှုပ်နှံမှုအသစ်များထက် တည်ရှိပြီးသားဖြစ်သော စက်ရုံများရပ်တည်နိုင်ရန် ကုန်သွယ်ရေး၊ စီးပွားကူးသန်း၊ ပို့ကုန်ရဝင်ငွေ၊ နိုင်ငံခြားသုံးငွေမူဝါဒ စသည် အဖက်ဖက်က ဖြေလျှော့မှုများလိုအပ်ကြောင်း သူကပြောသည်။
“အဲ့ဒီလိုမှ မလုပ်ပေးဘူးဆိုရင်တော့ စက်ရုံတွေကတော့ တဖြည်းဖြည်းတော့ အကုန်ပိတ်တော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ မြတ်ဖို့ထက်စာရင် ရပ်တည်ဖို့က ခက်လာတယ်လေ။ ဒါပါပဲ။ အခုလာမယ် ဆက်တိုက်လာမယ်” ဟု သူက ပြောသည်။
အာဏာသိမ်း စစ်တပ်လက်အောက်တွင် လုပ်သားအင်အားအများအပြားအသုံးပြုရသည့် အထည်ချုပ်စက်ရုံများတွင် အဓမ္မခိုင်းစေမှု၊ လုပ်အားခခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်များဆုံးရှုံးမှု၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မရှိတော့သလို အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားအဖွဲ့အစည်းများပါ ဖိနှိပ်ခံနေရကြောင်း မြန်မာအလုပ်သမားအရေးလှုပ်ရှားသူများ၊ အလုပ်သမားအဖွဲ့အစည်းများက ထောက်ပြခဲ့ကြသည်။
လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများလိုက်နာရမည့် စည်းကမ်းများကို နာမည်ကြီးအမှတ်တံဆိပ်ကုမ္ပဏီများက လိုက်နာရမည်ဖြစ်ပြီး ထိုအမှတ်တံဆိပ်များကို ချုပ်ပေးနေသော စက်ရုံများမှာလည်း ထိုအခွင့်အရေးများကို လေးစားလိုက်နာရမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
အခွင့်အရေးချိုးဖောက်မှုများအတွက် အလုပ်သမားများအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်က ချမှတ်သော ဆုံးဖြတ်ချက်များကို အသုံးပြု၍ အခွင့်အရေးလေးစားလိုက်နာရန် ကြိုးပမ်းရမည်ဖြစ်ပြီး ထိုကြိုးစားမှုကို အပြစ်ဖို့သည့်လုပ်ရပ်မှာ ပြဿနာကို မဖြေရှင်းနိုင်ကြောင်း ၎င်းက ဆိုသည်။ CTUM သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) အုပ်ချုပ်ရေးအဖွဲ့၏အဖွဲ့ဝင် ဖြစ်သည်။
“Brand တွေ ထွက်သွားရခြင်းရဲ့ နောက်ကွယ်က အကြောင်းတရားတွေက ဒီကိစ္စတခုတည်းကြောင့်တော့ မဟုတ်ဘူး။ တခြားသောအခြေအနေတွေ စီးပွားရေးလုပ်နိုင်ကိုင်နိုင်တဲ့ဝန်းကျင်အနေအထားတွေ ဒါကိုလည်း ကြည့်ဖို့လိုတယ်” ဟု ၎င်းက Myanmar Now ကို ဆိုသည်။
“အဲ့ဒီတော့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာကို ပြန်ပြီးတော့ တရားမျှတမှုရဖို့၊ ကုစားမှုကိုရဖို့ ကြိုးစားတဲ့အလုပ်သမားက အပြစ်လား။ နစ်နာဆုံးရှုံးတဲ့သူတွေကို အပြစ်တင်နေတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ ဖြစ်နေတယ်လို့ ခံစားရတယ်” ဟု သူက ဆက်ပြောသည်။
အာဏာသိမ်း စစ်အုပ်စုလက်အောက် လည်ပတ်နေသည့် စက်ရုံများ၏ အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာအမှတ်တံဆိပ်များက ပစ်စလက်ခတ်လက်တွဲဖြုတ်ရန် တောင်းဆိုခြင်းမရှိသလို ထွက်ခွာလျှင်လည်း တာဝန်ယူမှုရှိရှိထွက်ခွာရန်သာ အလုပ်သမားသမဂ္ဂများက တောင်းဆိုကြောင်း ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
နိုင်ငံတကာအမှတ်တံဆိပ်များထွက်ခွာမှုနှင့် ပတ်သက်၍ ပြည်တွင်းနှင့် ပြည်ပအခြေစိုက် အလုပ်သမားအရေးလှုပ်ရှားသောအဖွဲ့များကြား သဘောထားကွဲလွဲမှုများရှိနေသည်။
အထည်ချုပ်လုပ်ငန်းသည် ပို့ကုန်ဝင်ငွေအများဆုံးလုပ်ငန်းတခုဖြစ်ပြီး ချုပ်လုပ်ပြီးအထည်တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာဘီလီယံချီဝင်ငွေရနေသည်။ ၂၀၂၀- ၂၀၂၁ တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံရရှိပြီး ယင်းသည် အာဏာသိမ်းစစ်တပ်အတွက် အကြီးအကျယ် ဝင်ငွေ ရလမ်းဖြစ်နေသည်ဟု ရှုမြင်မှုများရှိနေသည်။။
သို့ရာတွင် ပို့ကုန်တန်ဖိုးအရ ဒေါ်လာဘီလီယံချီရှိသည်ဟု တွေ့မြင်ရသော်လည်း မြန်မာအနေဖြင့် ကိုယ်တိုင်ချုပ်လုပ် တင်ပို့သည့်အဆင့်မရှိဘဲ လက်ခစားစနစ်ဖြင့် ချုပ်ပေးရခြင်းကြောင့် အရင်းစစ်ပါက လုပ်အားခအဖြစ် ပမာဏအနည်းငယ်သာရကြောင်း၊ နိုင်ငံတကာအမှတ်တံဆိပ်များထွက်ခွာသွားပါက စစ်အုပ်စုထက် အလုပ်သမားများ၊ ၎င်းတို့ကို မှီခိုနေသည့် မိသားစုများ ထိခိုက်မှုပိုကြီးမည်ဟု ပြည်တွင်းရှိ အလုပ်သမားအရေးလှုပ်ရှားသူများက ဆိုသည်။
မြန်မာနိုင်ငံရှိ လက်ခစား (CMP) စက်ရုံများတွင် အလုပ်သမား ခုနစ်သိန်းကျော်ရှိပြီး ဆက်စပ်လုပ်ငန်းများတွင် ထိုလုပ်သားများ၏ နှစ်ဆဝန်းကျင်ရှိကာ ၎င်းတို့ကို မှီခိုနေသည့် မိသားဝင်များမှာ လေးဆဝန်းကျင်ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အသင်းဝင် အထည်ချုပ်စက်ရုံများမှ ချုပ်လုပ်သည့် အထည်များကို ဥရောပဈေးကွက်သို့ ၆၀ ရာခိုင်နှုန်း၊ ဂျပန်ဈေးကွက်သို့ ၂၀ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများသို့ ၂၀ ရာခိုင်နှုန်းတင်ပို့သည်ဟု ဆိုသည်။ လက်ခစားလုပ်ငန်းများတွင် အထည်ချုပ်၊ အိတ်ချုပ်၊ ဖိနပ်ချုပ်နှင့်လျှပ်စစ်ပစ္စည်းတပ်ဆင်သည့် လုပ်ငန်း များပါဝင်သည်။
နိုင်ငံတကာကုန်အမှတ်တံဆိပ်များသည် ကုန်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ပို့၍ လုပ်အားခသက်သာသော မြန်မာပြည်တွင်းစက်ရုံများတွင် ချုပ်လုပ်၍ လုပ်ငန်းအပ်နှံသူကို ပြန်လည်ပေးပို့ရခြင်းဖြစ်ပြီး ကုန်ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကိုသာ လက်ခစားတန်ဖိုးအဖြစ်ရရှိကြသည်ဟု သိရသည်။



