အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပညာရေးဝန်ထမ်းများကို AA  လစာ စတင်ပေး၊ ပမာဏနည်းသောကြောင့် အခက်တွေ့ 

ပြီးခဲ့သည့် ပညာသင်နှစ်က ကျောင်းသား၊ ကျောင်းသူများထံက ကောက်ခံရရှိသည့် ကျောင်းလခများကို သက်ဆိုင်ရာကျောင်းအလိုက် ဆရာ၊ ဆရာမများက ခွဲဝေယူကြရသည်။

အာရက္ခတပ်တော်(AA)သည် ၎င်းတို့သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမများကို သြဂုတ်လကုန်မှစတင်၍ လစာများ ပေးချေနေပြီဖြစ်သော်လည်း နည်းပါးသောကြောင့် ဆရာ၊ ဆရာမများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။ 

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနသည် ပြီးခဲ့သည့်နှစ်ကပင် ပညာရေး လုပ်ငန်းများ လည်ပတ်နေသော်လည်း ယခုပညာသင်နှစ်မှသာ လစာပေးချေနိုင်ခြင်းဖြစ်သည်။ 

အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းပြ ပညာ‌ရေးဝန်ထမ်းများကို တစ်လလျှင် ကျပ် ၂၁၀,၀၀၀ စီ ပေးချေခြင်းဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းထံက သိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က ကျောင်းသား၊ ကျောင်းသူများထံမှ ကောက်ခံရရှိသည့်ကျောင်းလခများကို သက်ဆိုင်ရာကျောင်း အလိုက် ဆရာ၊ဆရာမများက ခွဲဝေယူကြရသည်။ သို့သော် ယခုနှစ်တွင် ထိုသို့ခွဲဝေယူခြင်းမရှိတော့ဘဲ ကောက်ခံ ရရှိသည့် ငွေများကို ပါတီဟုခေါ်ကြသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ထံသို့ ပေးသွင်းရပြီး ယင်းမှတဆင့် ကျောင်းတိုင်းကို တစ်ဦးချင်းစီအတွက် နှစ်သိန်းကျော်စီလစာပေးခြင်းဟု မြောက်ဦးမြို့နယ်မှ အလယ်တန်းပြဆရာ တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဆရာ၊ ဆရာမတွေ ကောက်ပေးလိုက်တဲ့ ပိုက်ဆံကို ပါတီက ပြန်ပေးတာပါ။ အရင်လက (ပညာရေးဌာန) ကြားမိတာတော့ မူလတန်း ခုနစ်သောင်း၊ အလယ်တန်း ရှစ်သောင်း၊ အထက်တန်း ကိုးသောင်း အပိုပေးလာမယ်လို့ ကြားတယ်။ ရလည်း မရသေးဘူး”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားစဥ်ကပင် အာဏာသိမ်းစစ်တပ်က ရခိုင်နှင့် ပြည်မကြား ကုန်းလမ်း၊ ရေ လမ်းဖြတ်တောက်လိုက်သောကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမားမှုနှင့် ရင်ဆိုင်နေရသည်။

ထိုကဲ့သို့ အချိန်မျိုးတွင်  လစာရရှိသည့် ပမာဏမှာ ဆန်တစ်အိတ်စာမျှသာဖြစ်သောကြောင့် အခက်အခဲရှိကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ 

“မလောက်ငတာကိုတော့ ပြောတောင် မပြောချင်တော့ဘူး။ ကျူရှင် ပြနိုင်တဲ့လူ အဆင်ပြေပါတယ်။ ကျူရှင် လည်း မပြရ၊ အဝေးမှာလည်း တာဝန်ကျပြီး နေ့တိုင်းနီးပါး ဆိုင်ကယ်နဲ့သွားနေရတဲ့ ဆရာ၊ ဆရာမတွေအတွက်တော့ ဒုက္ခ အကြီးအကျယ်ရောက်ရတယ်”ဟု ၎င်းက ဆိုသည်။ 

လက်ရှိ ရခိုင်ပြည်နယ်တွင် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၉၀,၀၀၀၊ ဆန်ကြမ်း တစ်အိတ် လျှင် ၉၀,၀၀၀၊ ကြက်သွန်နီတစ်ပိဿာလျှင် ၁၂,၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၆,၀၀၀ ရှိနေ သည်။ Kpay၊ Wave Pay ငွေထုတ်ခများမှာလည်း တစ်သိန်းထုတ်လျှင် ကျပ် ၇၀၀၀ အထိ ရှိနေသည်။ 

ဆရာ၊ ဆရာမများသည် လစာနှစ်သိန်းကျော်အပြင် အခြား ခံစားခွင့်မရှိပေ။ လပတ်အစည်းအဝေးများကိုလည်း ကိုယ့်စရိတ်ဖြင့်သာ သွားတက်ရသောကြောင့်  အခက်အခဲရှိသည်ဟု ပေါက်တောမြို့နယ်မှ မူလတန်းပြဆရာ တစ်ဦးက ပြောသည်။ 

“ကျောင်းငယ်၊ ရွာငယ်တွေမှာ တာဝန်ကျပြီး လစာနှစ်သိန်းတောင် ရဖို့မလွယ်တဲ့ ဆရာ၊ ဆရာမတွေအတွက် အဆင်ပြေပါတယ်။ ရွာကြီး၊ ကျောင်းကြီးက ဆရာ၊ ဆရာမ၊ ရွာသားတွေအတွက် ကိုယ့်ရွာ၊ ကိုယ့်ကျောင်းက အခြားရွာ၊ အခြားကျောင်းကို စိုက်ပေးရတဲ့အတွက် မကျေနပ်မှုတွေ အနည်းနဲ့အများရှိကြပါတယ်”ဟု ၎င်းက ဆိုသည်။

“ဖြစ်စေချင်တာက ရွာ(ကျောင်းသား၊ကျောင်းသူတွေဆီ)ကလည်းကောက်၊ ပါတီကလည်း စိုက်သင့်သလောက် စိုက်ပေးပြီးတော့ အချိန်မီပေးနိုင်အောင် လုပ်သင့်ပါတယ်။ မဟုတ်ရင် လုပ်သက်ရင့် ဆရာ၊ ဆရာမတွေကို ဆုံးရှုံး နိုင်ပါတယ်။ ကြာလာရင် ပြဿနာတွေ များလာနိုင်ပါတယ် ”ဟု ၎င်းက ဆိုသည်။ 

ထို့အပြင် အစိုးရကျောင်းလခနှင့်ကျူရှင်ခများ ပေးချေရသောကြောင့် ကျောင်းသား၊ ကျောင်းသူများလည်း ကျောင်းပြင်ပသို့ ရောက်ရှိနိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ လတ်တလောတွင် အထက်တန်းကျောင်းသား တစ်ဦးသည် တစ်လလျှင် အစိုးရကျောင်းအတွက် ကျောင်းလခ ကျပ် ၃၀,၀၀၀၊ ကျူရှင်လခ ၆၀,၀၀၀ နှင့် ညဖက်စာကျက်ဝိုင်းအတွက် ၃၀,၀၀၀ စီ ခန့်မှန်းကုန်ကျနေကြောင်း ပညာရေးအသိုင်းအဝိုင်းထံက သိရသည်။ 

အာရက္ခအမျိုးသားပညာရေးဌာနသည် ယခုပညာသင်နှစ်တွင် ၁၂ တန်းသင်ရိုးတွင် မြန်မာစာဘာသာရပ်အစား ရခိုင်စာဘာသာရပ်ကို အစားထိုးသင်ကြားနေပြီး မြန်မာ့သမိုင်းဘာသာရပ်ကိုလည်း ချန်လှပ်သင်ကြားနေသည်။ ထို့အပြင် အာရက္ခအမျိုးသား တက္ကသိုလ်ကိုလည်း ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိသည်။ 

AA သည် မြို့နယ်အများအပြားကို သိမ်းပိုက်ပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်း၍ အစိုးရ ယန္တရားလည်ပတ်လျက်ရှိသည်။

ပညာရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဌာန၊ ကျန်းမာရေး၊ အခွန်ဌာန၊ ရဲဌာန(ဒီလပ်ဌာန)၊ စည်ပင်ဌာန(ဖွံ့ဖြိုးဝန် ဆောင်ဌာန)၊ ငါးလုပ်ငန်းဌာန၊ မွေးမြူရေးဌာန၊ မီးသတ်ဌာန၊ စိုက်ပျိုးရေးဌာနစသည့် ဌာနအများအပြားကို ဖွဲ့စည်း၍ အစိုးရယန္တရားလည်ပတ်လျက်ရှိသည်။

လက်ရှိတွင် ထိုအစိုးရဌာနများသို့ လူငယ်အများအပြားဝင်ရောက်လုပ်ကိုင်နေကြပြီး အလုပ်ဝင်ရန် လျှောက်လွှာ တင်သွင်းကြသူများလည်း အများအပြားရှိသည်။

ထိုသို့ အစိုးရဌာနများသို့ ဝင်ရောက်ကြခြင်းမှာ မျိုးချစ်စိတ်ကြောင့် ဝင်ရောက်သူများလည်းရှိသလို အလုပ်အကိုင်ရှားပါးမှုကြောင့် ဝင်ရောက်သူများလည်းရှိပြီး စစ်မှုထမ်းခြင်းကို ရှောင်လွှဲချင်သောကြောင့် ဝင်ရောက်သူများလည်းရှိသည်။ ထိုအစိုးရဌာနဝန်ထမ်းများသည် လစာ ကျပ် သုံးသောင်းခန့်နှင့် စားနပ်ရိက္ခာတို့သာရရှိကြကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles