မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များအား စစ်သင်တန်းပေးပြီး ဒရုန်းများထောက်ပံ့ပေးခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အိန္ဒိယကဖမ်းဆီးထားသည့် အမေရိကန်တစ်ဦးနှင့် ယူကရိန်းခြောက်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်သာ စွဲချက်တင်လိုက်ကြောင်း အိန္ဒိယဘက်မှလာသည့် သတင်းများအရ သိရသည်။
အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီက အမေရိကန်နိုင်ငံသားနှင့် ယူကရိန်း ခြောက်ဦးကို မတ်လအတွင်း ဖမ်းဆီးပြီးနောက် ၁၉၆၇ ခုနှစ် တရားမဝင် လှုပ်ရှားမှုများ(တားဆီးကာကွယ်ရေး)ဥပဒေ (The Unlawful Activities (Prevention) Act (UAPA)) ဖြင့် ကနဦး အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ (စက်တင်ဘာလ ၈ ရက်)တွင် နယူးဒေလီ အထူးတရားရုံးသို့ တင်သွင်းရာ၌ Immigration and Foreigners Act လူဝင်မှု ကြီးကြပ်ရေးဥပဒေ ပုဒ်မ ၂၁ နှင့် ၂၃ တို့ဖြင့် ပြောင်းလဲစွဲချက်တင်လိုက်ခြင်းဖြစ်သည်။
NIA ၏ အစိုးရရှေ့နေက ယခုစွဲချက်တင်လွှာတွင် တရားမဝင်လှုပ်ရှားမှုများဆိုင်ရာပုဒ်မများ ထည့်သွင်းထားခြင်း မရှိသော်လည်း သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ကြောင်း သက်သေများတွေ့ရှိပါက နောက်ပိုင်းတွင် ဖြည့်စွက်ချက်တင်လွှာ (supplementary chargesheet) ကို ထပ်မံတင်သွင်းနိုင်ကြောင်းဆိုသည်။
အဆိုပါအမှုကို အောက်တိုဘာလ ၁ ရက်တွင် နယူးဒေလီရှိ အထူးတရားရုံးတွင် ဆက်လက်ကြားနာမည်ဖြစ် ကြောင်းသိရသည်။
မတ်လအတွင်းက အမေရိကန် နိုင်ငံသား Matthew VanDyke ကို ကာလကတ္တား လေဆိပ်တွင်လည်းကောင်း၊ ယူကရိန်းနိုင်ငံသား ခြောက်ဦးကို ဒေလီနှင့်လက္ခနောင်မြို့တို့တွင်လည်းကောင်း အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်၏ ကန့်သတ်နယ်မြေမှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့်တွေ့ဆုံ စစ်သင်တန်းပေးခဲ့သလို ဥရောပမှ ဒရုန်းများကို အိန္ဒိယနိုင်ငံ သို့သယ်ယူပို့ဆောင်ခဲ့ကြောင်း စွပ်စွဲထားသည်။
အိန္ဒိယ- မြန်မာနယ်စပ်မှာ ကီလိုမီတာ ၁၆၀၀ ကျော် ရှည်လျားပြီး မီဇိုရမ်နှင့်ထိစပ်နေသည့် ချင်းပြည်နယ်တွင် လှုပ်ရှားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNF/ CNA ) နှင့် ချင်းညီနောင် (CB) တို့ကလည်း အထက်ပါ နိုင်ငံခြားသားများနှင့် ပတ်သက်ဆက်စပ်မှုမရှိကြောင်း ငြင်းဆန်ထားသည်။
အမေရိကန်နိုင်ငံသား အသက် ၄၇ နှစ်အရွယ် Matthew VanDyke သည် လုံခြုံရေးဆိုင်ရာ လေ့လာ သုံးသပ်သူ (security analyst)၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ပြီး အာဏာရှင်ဖြုတ်ချရေးလစ်ဗျား ပြည်တွင်း စစ်တွင် ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် Sons of Liberty International (SOLI) အဖွဲ့ကို ထည်ထောင်ခဲ့သည်။ ၎င်းသည် အာဏာရှင်နှင့်အကြမ်းဖက်သမားများကို ခုခံတိုက်ခိုက်နေသူများကို စစ်ရေးဆိုင်ရာ သင်တန်းများ၊ အကြံဉာဏ်များ ထောက်ပံ့ပေးသည့်အဖွဲ့ဖြစ်သည်။
Matthew VanDyke ပြန်လည်လွတ်မြောက်ရေးအတွက် အမေရိကန် အစိုးရ အနေဖြင့် သံတမန်ရေးအရ ဝင်ရောက်ဆောင်ရွက်ပေးရန် ၎င်း၏မိသားစုက ဩဂုတ်လ ၃၀ ရက်တွင် တောင်းဆို ထားသည်။ ထို့အပြင် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနေပြီး သင့်တော်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိကြောင်း ၎င်း၏ မိသားစုက ထုတ်ပြန် သည်။
ထိုအခြေအနေများနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို Myanmar Now က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း သတင်းထုတ်သည့်အချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိသေးပါ။
အိန္ဒိယ မြန်မာနယ်စပ် တရားမဝင် လှုပ်ရှားမှုများတွင် ယူကရိန်းနိုင်ငံသားများပါဝင်ပတ်သက်ခဲ့ကြောင်း ခိုင်မာသည့် အထောက်အထား ပြသနိုင်မှုမရှိကြောင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်သည် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်နှင့်တွေ့ဆုံခဲ့ပြီး ယူကရိန်းနိုင်ငံသားများကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် သံရုံးနှင့် တွေ့ဆုံခွင့်ပေးရန်တောင်းဆိုခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။



