ပြည်သူ့ပါတီသည် အလုပ်သမား၊ လယ်သမားနှင့် ပြည်သူလူထု၏ နစ်နာမှုများကို ကူညီဖြေရှင်းရန် ပျက်ကွက်နေကြောင်း ရှစ်လေးလုံးအရေးတော်ပုံ၏ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် ဦးကျော်ကျော်ထွေး (ခေါ်) ဦးမာကီက ပြန်လည်ဝေဖန်ခဲ့ပြီး ၎င်းပူးတွဲတည်ထောင်ထားသည့် ပြည်သူ့ပါတီ၏ ဒုဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း Myanmar Now ကို အတည်ပြုသည်။
အသက် ၆၁ နှစ်အရွယ် ဦးကျော်ကျော်ထွေးသည် ဦးကိုကိုကြီးအပါအဝင် ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ၂၀၁၈ ခုနှစ်တွင် ပြည်သူ့ပါတီကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်သည်။ ပါတီတည်ထောင်ချိန်တွင် ဦးကိုကိုကြီးက ဥက္ကဋ္ဌနှင့် ဦးမာကီက တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) အဖြစ် တာဝန်ယူခဲ့ကြသည်။
လွန်ခဲ့သော ငါးလခန့်က စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွဲ့ဝင်ဖြစ်လာခဲ့ရာ၊ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်မရှိတော့သဖြင့် ဒုတိယဥက္ကဋ္ဌ ဦးဖေသက်က ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဦးမာကီက ဒုဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ပါတီထိပ်ပိုင်းရာထူးရထားသော်လည်း ၎င်းအနေဖြင့် အလုပ်သမား၊ လယ်သမားအရေးကဲ့သို့ ပြည်သူများ၏နစ်နာမှုများကို ပါတီအနေဖြင့် ကူညီဖြေရှင်းခွင့်မရှိခြင်း၊ ပါတီခေါင်းဆောင်အချို့နှင့် သဘောထားမတိုက်ဆိုင်ခြင်းတို့ကြောင့် ပါတီတာဝန်မှ အနားယူခွင့်ပြုရန် ပြီးခဲ့သည့်လကတည်းက စာတင်ထားကြောင်း Myanmar Now ကို ပြောသည်။
ပါတီမှအပြီးတိုင် နုတ်ထွက်ရန် ဆုံးဖြတ်ရသည့် နောက်ဆုံးအခြေအနေမှာ စက်တင်ဘာလ ၁၂ ရက်တွင် ကျင်းပမည့် ပါတီအထွေထွေညီလာခံအတွက် ၎င်းတင်ပြသည့် အကြံပြုစာတမ်းပါ အရေးကြီး အချက်များကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့(CEC)၏ စက်တင်ဘာလ ၉ ရက် အစည်းအဝေးတွင် ပယ်ချခံရခြင်းကြောင့်ဟု ဦးမာကီက ဆိုသည်။
“CEC က မနေ့က အစည်းအဝေးလုပ်ပြီးတော့ ဆင်ဆာတွေဖြတ်လိုက်တာပေါ့။ ဖြတ်တဲ့အခါကျတော့ ကျွန်တော်က လက်မခံနိုင်ဘူးဆိုပြီးတော့ နုတ်ထွက်တာ။ အရင်တုန်းက နုတ်ထွက်တာ မဟုတ်ဘူး။ တာဝန်ကနေ နားတာ။ ဒုဥက္ကဋ္ဌတို့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ကနေ နားတယ်ဆိုပြီးတော့ ပါတီဝင်အဖြစ်ပဲ ဆက်နေမယ်ဆိုပြီးတော့နေတာ။ နေရင်းနဲ့ စာတမ်းကို ဆင်ဆာလုပ်တယ်ဆိုတဲ့ အခါကျတော့ ပါတီကနေ အပြီးတိုင် ထွက်လိုက်တဲ့သဘော”ဟု ဦးမာကီက ယနေ့နံနက်ပိုင်း(စက်တင်ဘာလ ၁၀ ရက်)တွင် ပြောသည်။
၂၀၂၅ နှစ်ကုန်နှင့် ၂၀၂၆ နှစ်ဆန်းတွင် စစ်တပ်က အပိုင်းသုံးပိုင်းခွဲ၍ စိတ်ကြိုက်ခြယ်လှယ်ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီက တနိုင်ငံလုံးအတိုင်းအတာဖြင့် အမတ်လောင်း ၄၉၈ ဦး ဝင်ပြိုင်ခဲ့သော်လည်း ၃၀ ဦးသာ အနိုင်ရခဲ့သည်။
ထို့နောက် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကွန့်ကွက်ချက်ဖြင့် တနင်္သာရီတိုင်းမှ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ပါတီအမတ် နှစ်ဦးကို လွှတ်တော်အမတ်အဖြစ်မှ ဖယ်ရှားကြောင်း စစ်တပ်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၇ ရက်က ကြေညာခဲ့သည်။
ထို့ကြောင့် လက်ရှိလွှတ်တော်အသီးသီးတွင် ပြည်သူ့ပါတီကိုယ်စားပြု လွှတ်တော်အမတ် ၂၈ ဦးသာ ကျန်ရှိတော့သည်။ ၎င်းတို့အားလုံးမှာ မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) ဖြင့် အနိုင်ရသူများမဟုတ်ဘဲ အချိုးကျကိုယ်စားပြု(PR)စနစ်ဖြင့်သာ လွှတ်တော်အမတ်ဖြစ်လာကြသူများဖြစ်သည်။
ဦးမာကီ၏ အကြံပြုစာတမ်းတွင် ထိုလွှတ်တော်အမတ် ၂၈ ဦး အနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် FPTP စနစ်ဖြင့်သာ ဝင်ပြိုင်သင့်ကြောင်းနှင့် ပါတီအောင်နိုင်ရေး ကြိုးပမ်းခဲ့သူများကို လက်တွဲခေါ်ရန် ထည့်သွင်းထားသော်လည်း ထိုအချက်များကို ပါတီဥက္ကဋ္ဌ ဦးဖေသက်၊ ပါတီအတွင်းရေးမှူး ဦးကျော်လင်း ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပယ်ချခဲ့သည်ဟု ဆိုသည်။
“အဲ့ဒီ ၂၈ ယောက်လုံးက FPTP နဲ့ နိုင်တဲ့လူ တယောက်မှ မရှိဘူး။ PR တွေချည်းပဲ။ ကျွန်တော်က အဲ့ဒီအကြံပြုစာထဲမှာ သူတို့တွေက ဘယ်ပြည်သူရဲ့ မဲတမဲမှ ရလို့ အမတ်ဖြစ်နေကြတာ မဟုတ်ဘူး။ သူတို့ကိုယ်စားလှယ်ဖြစ်အောင် ကြိုးစားပေးကြတဲ့ FPTP တွေ၊ အောင်နိုင်ရေးအတွက် ကြိုးစားရုန်းကန်ခဲ့တဲ့သူတွေကို အသိအမှတ်ပြုပေးကြပါ၊ အလေးထားပေးကြပါ။ နယ်တွေဆင်းတဲ့အခါမှာလည်း ဒီလူတွေကိုခေါ်ပြီးတော့ လက်တွဲပြီး ဆင်းကြပါ၊ ဒါမှ ပြည်သူ့ပါတီတည်ဆောက်ရေးအတွက် ပိုအဆင်ပြေမယ်ပေါ့။ အဲ့ဒါကို ဖြုတ်တယ်”ဟု ဦးမာကီက ပြောသည်။
ပြည်သူ့ပါတီ၏ အထွေထွေညီလာခံကို လာမည့် စနေနေ့(စက်တင်ဘာလ ၁၂ ရက်)တွင် ရန်ကုန်မြို့၌ ကျင်းပရန် ရှိနေပြီး လူ ၁၅၀ ဦးခန့် တက်ရောက်ရန် စီစဉ်ထားသည်။
လက်ရှိအခြေအနေတွင် ဦးမာကီ အပြင် ပါတီမှနုတ်ထွက်မည့်သူ ဆယ်ချီရှိနေကြောင်းလည်း သိရသည်။
“တချို့ဆို ‘ဦးမာကီ ထွက်ရင် ကျွန်တော်တို့လည်း ထွက်မယ်’ ပေါ့။ ထွက်တော့မထွက်ပါနဲ့ဦး၊ ဆက်ပြီးတော့ နည်းနည်းလေး ရုန်းကန်ပေးကြပါဦး ဘာညာနဲ့ ပြောထားတာ ရှိတယ်။ တချို့ကတော့ မရဘူး၊ ထွက်သွားကြမယ့်သူတွေ ရှိတယ်” ဟု ဦးမာကီက ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က နိုင်ငံရေးပါတီများကို မေလအတွင်း ပထမဆုံးအကြိမ် ဖိတ်ခေါ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ရေး၊ မတက်ရောက်ရေးအတွက် ပြည်သူ့ပါတီတွင် သဘောထားကွဲပြားခဲ့ဖူးသည်။
ထိုစဉ်က စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆွေးနွေးပွဲသို့ မတက်ရောက်ရေး ရပ်တည်ခဲ့သည့် ပါတီအထွေထွေအတွင်းရေးမှူးတာဝန်ယူထားသူ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ဦးရဲနိုင်အောင် အပါအဝင် ပါတီထိပ်သီးအချို့နှင့် ပါတီဝင်အများအပြား နုတ်ထွက်ခဲ့သေးသည်။
ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက စစ်တပ်လက်အောက်ခံ UEC နှင့် ပူးပေါင်း၍ ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။

ယခုနောက်ဆုံးအကြိမ် ပါတီတွင်းသဘောထားကွဲလွဲမှုတွင် ပါတီပူးတွဲတည်ထောင်သူ နောက်တဦးဖြစ်သူ ဦးမာကီ ပါတီမှနုတ်ထွက်သည့်အခြေအနေထိ ရောက်လာသည်။
ပြည်သူ့ပါတီမှနုတ်ထွက်ရသည့် နောက်ထပ် အကြောင်းရင်းတခုမှာ ပါတီတွင် လက်ရှိဖွဲ့စည်းထားသည့် ဥပဒေရေးရာအဖွဲ့မှာ ပါတီအမတ်များ လွှတ်တော်တွင် တင်ပြမည့် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေပြင်ဆင်ရေးတို့အတွက်သာဖြစ်ပြီး၊ သာမန်အရပ်သားပြည်သူများ၊ အလုပ်သမား၊ လယ်သမားများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများကို ရပ်တည်ဖြေရှင်းပေးရန် မဟုတ်သောကြောင့်ဟု ဦးမာကီ က ဆိုသည်။
“ပြောမယ်ဆို နိုင်ငံရေးဆိုတာ အာဏာရဖို့လုပ်တယ်ဆိုတဲ့သဘောမျိုး သက်ရောက်နေတယ်။ ပြည်သူလူထုကို ကူညီဖို့ မဟုတ်ဘူး။ ကျွန်တော်ကကျတော့ ပြည်သူလူထုကို ကူညီချင်တယ်” ဟု ၎င်းက ပြောသည်။
ဦးမာကီ နုတ်ထွက်ရသည့် အခြေအနေနှင့်ပတ်သက်၍ ပါတီနာယက ဦးကိုကိုကြီး၊ အတွင်းရေးမှူး ဦးကျော်လင်းတို့ထံ Myanmar Now က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

ဦးမာကီသည် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာမေဂျာဖြင့် တက်ရောက်နေစဉ် ရှစ်လေးလုံးလူထုအရေးတော်ပုံတွင် ပါဝင်ခဲ့သဖြင့် စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
အကျဉ်းထောင်အသီးသီးတွင် ၁၅ နှစ်ကျော်နေခဲ့ရပြီး ထောင်မှပြန်လွတ်ပြီးနောက်တွင်လည်း အခြားသော ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်ခဲ့သည်။
ထို့နောက် ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရသည်။
၂၀၁၂ နှစ်ဆန်းတွင် ပြန်လည်လွတ်မြောက်လာပြီးနောက် ရှစ်လေးလုံးအရေးတော်ပုံလှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင်များ စုဖွဲ့ခဲ့သည့် ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ဦးမာကီက ဥပဒေရေးရာတာဝန်ခံ ဖြစ်လာခဲ့သည်။
ထောင်ကပြန်လွတ်ပြီးနောက် အလုပ်သမား၊ တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်စုစုနွေးနှင့် အိမ်ထောင်ပြုခဲ့ပြီး ဇနီးဖြစ်သူနှင့်အတူ အခွင့်အရေးချိုးဖောက်ခံရသူ ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။
ဦးမာကီသည် ပြည်သူ့ပါတီကိုယ်စားပြု၍ ၂၀၂၀ ပြည့်နှစ်က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်နှင့် ၂၀၂၅ တွင် ကော့မှူးမြို့နယ်တို့၌ ပြည်သူ့လွှတ်တော်နေရာအတွက် နှစ်ကြိမ်ဆက်တိုက် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော်လည်း အနိုင်ရခဲ့ခြင်း မရှိပါ။
ပြည်သူ့ပါတီနှင့်လမ်းခွဲပြီးနောက် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ဇနီးသည် ဒေါ်စုစုနွေးနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် လယ်သမား၊ အလုပ်သမားများအတွက် အကူအညီပေးရေး ဆက်လုပ်သွားမည်ဟု ဦးမာကီက ပြောသည်။



