အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တံတားဦးလေတပ် ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီး  အနီးဝန်းကျင်ကို စစ်တပ်စစ်ကြောင်းဝင် 

လေတပ်အခြေစိုက်စခန်း ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက်  နာရီပိုင်းအတွင်း စစ်တပ်က နွားထိုးကြီး နှင့်တံတားဦး မြို့နယ်နှစ်ခုအစပ် ကျေးရွာတို့ကို စစ်ကြောင်းထိုးနေရာ ယနေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။

မန္တလေးတိုင်း တံတားဦးမြို့နယ် လေတပ်အခြေစိုက်စခန်းကို ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) က  ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် စခန်းမှ ၁၃ မိုင်ခန့်အကွာ ကျေးရွာတို့တွင် ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေကြောင်း  သိရသည်။

တံတားဦးမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ တံတားဦးလေတပ်စခန်းအတွင်း ရပ်နားထားသည့် တိုက်လေယာဉ်အချို့ကို  ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က တိုက်ခိုက်ရေးဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီး ဒရုန်းတစ်စီးက လေယာဉ်တစ်စီးအနီး ရောက်ရှိကာ တိုက်မိသွားသည်ဟု ယူဆရသည့် ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်ခဲ့သည်။

ထိုနေ့က လေယာဉ်ရုံအနီး ကာရံထားသော ပိုက်ကွန်ဖြင့် တိုက်မိသော ဒရုန်းတစ်စီးလည်း ရှိသည်ဟု တိုက်ခိုက်ခဲ့သောတော်လှန်ရေးအဖွဲ့ နှင့်နီးစပ်သူများက ဆိုကြသည်။  ထို့အပြင် အဝေးမှပျံသန်းလာသော ဒရုန်းတစ်စီးကလည်း လေယာဉ်ရုံအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲသော အခြားရုပ်သံတစ်ခုလည်း ယနေ့  ထပ်မံပေါ်ထွက်လာသည်ကို တွေ့ရသည်။ 

လေတပ်အခြေစိုက်စခန်းကို လုံခြုံရေးအထူးတင်းကျပ်ထားသည့်ကြားမှ ဒရုန်းများ ပျံသန်းဝင်ရောက်သွားနိုင်သည်ကို တွေ့ရကြောင်း CDM လေတပ် ဗိုလ်မှူးဇေယျာက ပြောသည်။

“ဒရုန်းကာကွယ်ရေးတွေကတော့ သူတို့ (စစ်တပ်) သေချာလုပ်ထားတာတော့ရှိတယ်။ ဒီတစ်ခါတော့ ကိုယ့်ဘက်က တအားနီးထိကို ကပ်နိုင်တဲ့ပုံစံပဲ။ ဒီတံတားဦးဆိုလည်း အနည်းဆုံး ဒရုန်းအကာအကွယ်တွေ တပ်ထားတာ ရှိတယ်။ ပြီးတော့ ဖိုက်ဘာဒရုန်း ကာကွယ်ရေးအတွက်လည်း သူတို့ ပိုက်တွေ ကာထားတာတွေ ရှိတယ်” ဟု သူက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ ကင်းစောင့်တဲ့လူတွေမှာလည်း ဝါးလုံးတွေနဲ့ တံချူတွေလုပ်ပြီး ခါးမှာကပ်ကြေးတွေ ချိတ်၊ ဒါမျိုး အစီအစဥ်တွေ သူတို့အများကြီးလုပ်ထားတာ ရှိတယ်။ ဒါကိုကျော်ပြီးတော့ တိုက်နိုင်သွားတာကိုတော့ တွေ့ရပါတယ်။ အဓိကကတော့ ပျံနေတဲ့ဗီဒီယိုဖိုင်မှာတော့ တစ်စီးကိုတော့ ဝင်တိုးသွားတဲ့ဟာတော့ ထင်ထင်ရှားရှားတွေ့ရတယ်။ ဒါပေမဲ့ကင်မရာကလည်း ဝင်တိုးသွားပြီး ပေါက်ကွဲသွားတဲ့အချိန်မှာ ပျက်စီးသွားတာဆိုတော့ အဲ့ဒီတစ်ခုကတော့ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဒရုန်းများပျံတက်လာသည်ဟု ယူဆရသည့် အနောက်တောင်ဘက် ၁၃ မိုင် ခန့်အကွာ နွားခြံကြီးကုန်းကျေးရွာအနီး စစ်တပ်က အလုံးအရင်းဖြင့် စစ်ကြောင်းဝင်ရောက်လာခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။“

“ တံတားဦးနဲ့နွားထိုးကြီး အစပ်နေရာပေါ့။ နွားခြံကြီးကုန်းရွာဆိုတာရှိတယ်။ အဲဒီမှာ တိုက်ပွဲ ဖြစ်နေတာ ။ အဲဒီဘက်တွေကို မနေ့ညနေကတည်းက စစ်ကား အစီးရေ ၄၀ လောက်နဲ့ တိုးဝင်နေတယ်”ဟု အသက် ၃၀ အရွယ် အဆိုပါဒေသခံက ဆိုသည်။

ယမန်နေ့ကတည်းက စတင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်  နွားထိုးကြီးမြို့နယ်နှင့် နယ်မြေအစပ် တံတားဦးမြို့နယ်အတွင်းမှ နွားခြံကြီးကုန်း၊ ရွာသာအေး၊ သစ်တော်ဖျား အပါအဝင်  ငါးရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ်ရာရှောင်တိမ်းနေသည်ဟု သိရသည်။

စစ်တပ်ဝါဒဖြန့်သူများကမူ လေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ကင်းထောက်ဒရုန်းများ ချက်ချင်း လွှတ်ကာ လိုက်လံရှာဖွေ ချေမှုန်းနေကြောင်း ယမန်နေ့က တယ်လီဂရမ်ချန်နယ်များ၌ ဖော်ပြနေကြသည်။ 

လေယာဉ်ရုံအနီး ကာရံထားသော ပိုက်ကွန်ဖြင့် တိုက်မိခဲ့သော တော်လှန်ရေးဘက်မှ ဒရုန်းတစ်စီး။ (ဓာတ်ပုံ – စစ်တပ်ဝါဒဖြန့် တစ်တော့) 

အဆိုပါလေတပ်အနီး တံတားဦးလေဆိပ်ဟု လူသိများသည့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်လည်း တည်ရှိရာ  ခရီးသည်တင်လေယာဉ်များ ဆင်းသက်နိုင်ခြင်း မရှိတော့ဘဲ ခရီးစဉ်များဖျက်သိမ်းခဲ့ရသည် ဟု ခရီးသည်များထံက သိရသည်။ 

အရပ်ဘက်လေဆိပ်၌ အဓိက ပြေးဆွဲနေသော မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar Airways International-MAI) ကမူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာအခြေအနေများကြောင့် ၎င်း၏ နိုင်ငံတကာခရီးစဉ် အားလုံးကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး ပြည်တွင်းခရီးစဉ်အားလုံးကို ပြင်ဦးလွင်(အနီးစခန်း) လေဆိပ်မှ တဆင့်ယာယီပြေးဆွဲမည်ဟုလည်း  ယမန်နေ့ညပိုင်းက ကြေညာထားသည်။

စစ်တပ်ဘက်က တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို PDF များက  FPV suicide drone ခြောက်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့က  အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကြောင့် ပြည်တွင်း လေကြောင်းလိုင်းအချို့ ယာယီရပ်ဆိုင်းခဲ့ရသော်လည်း လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက် ပျက်စီးမှုမရှိကြောင်း ယမန်နေ့ည၌ ထုတ်ပြန်ခဲ့သည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း တည်ရှိပြီး လုံခြုံရေး အလွန်အမင်းတင်းကျပ်သော အထက်ပါလေတပ်စခန်းကို စစ်တပ် အာဏာသိမ်းပြီးနောက် နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံရဖူးသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်က  လေဆိပ်နှင့် ငါးမိုင်အကွာမှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ ကြောင်း  Brave Warriors For Myanmar- BWM အမည်ရှိမြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုစဉ်က ရှော့တိုက်ဒုံးများပစ်လွှတ်နိုင်ခဲ့သည့် ရုပ်သံဖိုင်သာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖော်ပြနိုင်ခဲ့ပြီး  စစ်တပ်ဝါဒဖြန့်သူများကမူ တံတားဦးလေဆိပ်သို့ ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး ရှစ်လုံးကို အနီးရှိ နေကြာခင်းအတွင်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားကြသည်။ 

ထိုနှစ် ဧပြီလအတွင်းက ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ကို ဗုံးကြဲသည့် လေယာဉ်များရှိတတ်သည့် မြစ်ကြီးနားနှင့် တံတားဦးရှိ လေတပ်စခန်းနှစ်ခုကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးဖြင့် တိုက်ခိုက် ခဲ့သေးသည်။

ယခုတိုက်ခိုက်မှုတွင်မူ လေယာဉ်ရုံအနီး ရောက်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ကို တွေ့ရပြီး  ထိခိုက်မှု အခြေအနေ မသိရသေးဘဲ ယနေ့ မွန်းလွဲပိုင်းအထိ မည်သည့်တော်လှန်ရေးအဖွဲ့ကမှ ၎င်းတို့လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဒရုန်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေသော လေတပ်စခန်းမှ စစ်သားများနှင့် ဝန်ထမ်းအချို့။ (ဓာတ်ပုံ – Screengrab)


ဒေသခံများ၏ပြောဆိုချက်အရ နွားထိုးကြီး PDF ဟု လူသိများသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မြင်းခြံခရိုင် အမှတ် (၄) နှင့် ( ၁၀) တပ်ရင်းတို့က လုပ်ဆောင်ခဲ့သည်ဟု သိရှိရပြီး အဆိုပါအဖွဲ့ကို Myanmar Now က ဆက်သွယ်ထားရာပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်တပ်အနေဖြင့် စစ်ဆင်ရေးများတွင် လေကြောင်းပစ်ကူများ အားပြုနေရသောကြောင့် ဒရုန်းတိုက်ခိုက်မှုများ ထိရောက်ပါက စစ်တပ်၏ လေကြောင်းစနစ်အား ဟန့်တားနိုင်မည်ဟု ၎င်းက ယူဆကြောင်း CDM လေတပ် ဗိုလ်မှူးဇေယျာက ပြောသည်။ 

“ ဒီလိုလေယာဥ်တွေကို ကျွန်တော်တို့ ဒရုန်းတွေနဲ့တိုက်ခိုက်နိုင်မယ်ဆိုရင် စစ်ပွဲအခြေအနေဟာ တော်တော် ပြောင်းလဲသွားလိမ့်မယ်။ ဥပမာ မြိုင်မှာ Mi17ကို ဒရုန်းနဲ့ဝင်ကျုံးလိုက်တဲ့ကိစ္စပေါ့။ ဒါမျိုးဟာတွေကိုသာ ပိုပြီးတော့သာလုပ်လာနိုင်မယ်ဆိုရင် ကျွန်တော်တို့အများကြီးပြောင်းလဲသွားမှာ သူတို့လက်ရှိအားကိုးနေတဲ့ အဓိက သူတို့စိတ်ဓာတ်ကို ရိုက်ချိုးသလိုဖြစ်မှာ” 

“ ဥပမာ ဗန်းမော်ကို သင်္ဘောတွေ တက်တုန်းကဆိုရင်လေကြောင်းပစ်ကူကြောင့် သူတို့ အတက်ရဲနေတယ် ဆိုတာ လေကြောင်းပစ်ကူအရမ်းပေးနေတယ်။ အကယ်၍လေကြောင်းပစ်ကူသာ ဒီဘက်က ဖြတ်တောက် ထားနိုင်ရင် ဒီကောင်တွေစိတ်ဓာတ်ကျပြီး လုံးဝကိုအလုပ်မလုပ်နိုင်တဲ့အနေအထားထိဖြစ်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။ 

မန္တလေးတိုင်းအတွင်း စစ်တပ်က ယခုနှစ်ဆန်းမှစတင်၍ မြင်းခြံခရိုင်ရှိ  တော်လှန်ရေးအားကောင်းသည့် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်တို့ကို စစ်ကြောင်းထိုး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်နေရာ  စစ်ရေးပြင်းထန်နေသော ဒေသများ ဖြစ်ကြသည်။

လေတပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် တံတားဦးမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ငါန်းဇွန်မြို့နယ် မြို့သာမြို့ဘက်မှ စစ်ကူလာသော စစ်တပ်ယာဉ်တန်းမှာလည်း ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က နွားထိုးကြီးနှင့် မြင်းခြံဒေသ အခြေစိုက် တော်လှန်ရေးအဖွဲ့များက  ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗျူဟာမှူးအရာရှိတစ်ဦး သေဆုံးခဲ့သည်ဟု မျက်မြင်များ ကိုးကား၍ ဒေသခံများ၊ စစ်ရှောင်အရေး ကူညီသူများက ပြောသည်။ 

တံတားဦး- မြို့သာ ကားလမ်းအတိုင်းလာသည့် စစ်ယာဉ်တန်းကို ပစ်မှတ်ထားကာ တော်လှန်ရေးဘက်က အင်အားအများအပြားဖြင့် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မိုင်းဆွဲပြီးမှ Battle ဆိုင်တယ်လို့ ပြောတယ်။ ဗျူဟာမှူးက ပွဲချင်းပြီးသေတာတော့ မဟုတ်ဘူး။ ဒဏ်ရာတွေ ရလို့ မန္တလေးကို သွားအပို့ လမ်းမှာဆုံးတာလို့ ပြောတယ်။ နောက်လိုက်တွေ သေ၊ မသေ ကတော့ အတည်မပြုနိုင်ဘူး။ သူတို့ (PDF) သတင်းအရ ဗျူဟာမှူးကတော့ သေတယ်လို့ပြောတယ်”ဟု ဆိုသည်။

အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးလို စစ်တပ်ဘက်ကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

အထက်ပါလမ်းပိုင်းအနီး ယနေ့နံနက်အထိ လမ်းပိတ်ဆို့ထားခြင်း မရှိသေးဘဲ စစ်တပ်က လေတပ် အနီး ကျေးရွာများကိုသာ စစ်ကြောင်းထိုးနေသည်ဟု စုံစမ်းသိရှိရသည်။

တံတားဦးအနီး စစ်ရေးအခြေအနေပြမြေပုံ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles