အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ဒီတခါ ထူးမှာလား သားပုရေ

ခေတ်ဆိုးကာလ ရေဒီယိုသတင်း ခပ်တိုးတိုးနားထောင်ခဲ့ရသည့် အဘိုးဖြစ်သူသည် ပုဂ္ဂလိကသတင်းစာများကို မြင်လာရသောအခါ တိုင်းပြည် အပြောင်းအလဲဖြစ်လာနိုင်သည်ဟု ထင်မိခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းမှုသည် မိသားစုများ၏ နံနက်စာဝိုင်းလေးများနှင့် ထမင်းဝိုင်းတွင် ရှိသင့်သည့် အာဟာရတန်ဖိုးများကိုလည်း တပါတည်း သိမ်းပိုက် ဆွဲနုတ်ယူသွားသည်။ ထို့ထက် ဆိုရလျှင် ကျွန်တော်တို့ ကလေးငယ်များ၏ ပညာရေး၊ အနာဂတ်၊ လူမှုဘဝအသီးသီးတွင် ရှိသင့်ရှိအပ်သည့် အခြေအနေများအားလုံးကို စစ်ဗိုလ်ချုပ်ကြီးများက မတရားလုယူသွားကြခြင်းဖြစ်သည်။

မုန့်ဟင်းခါးအလွတ်တပွဲ ၂၀၀၀/ ၂၅၀၀၊ လက်ဖက်ရည်တခွက် ကျပ်၂၅၀၀။ ကန်စွန်းရွက်တစည်း သည်ပင် ၁၀၀၀၊ ကြက်ဥတလုံး ၇၀၀။ ဆိတ်သားဆိုလျှင် ကပ်ပင်မကပ်နိုင်။ တဆယ်သား ကျပ် ၁၀,၀၀၀ နှင့် ၁၂,၀၀၀ ကြား ရှိသည်။ ဇာတိမြေမှ ထိုသတင်းများကို ကျွန်တော် လက်ခံရရှိနေသည်။

စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာ၏ ငတ်မွတ်ခေါင်းပါးမှုအခြေအနေသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးအဆင့်တွင် ရှိနေသည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ တုတ်တုတ်မျှမလှုပ်။ ပြည်သူကို ထမင်းတနပ် လျှော့စားခိုင်းခဲ့သည့် စစ်အာဏာရှင်၊ လျှပ်စစ်မီးသက်သာအောင် ဖယောင်းတိုင်ထွန်း နေခိုင်းခဲ့သည့် စစ်အာဏာရှင်။ 

နှစ်လိုဖွယ်ကောင်းသည့် မစင်နှင့် စာနာတရားရှိသည့် စစ်အာဏာရှင်ဆိုသည်မှာ လောက၌မရှိဟုပင် ဆိုရပေမည်။ ပြန်ဆက်ရလျှင် အခြေခံကုန်စျေးနှုန်းများ မကြုံစဖူး စျေးတဟုန်ထိုးမြင့်သွားသည့်အခါ ကွယ်လွန်သွားပြီဖြစ်သည့် အဘိုးကို ကျွန်တော်  သတိရနေမိသည်။

အရာရာကို ကြောင့်ကြပူပန်နေရသည့် အခြေအနေသည် ကျွန်တော်တို့ နေ့စဉ်ဘဝထဲတွင် ကြောက်မက်ဖွယ် စိမ့်ဝင်နေသည်။ ထိုအခြေအနေများက ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ ဖြတ်သန်းရုန်းကန် ကျင်လည်ခဲ့ရသည့် အဘိုး၏ အမူအကျင့်များကို ပြန်အမှတ်ရမိစေသည့် စေ့ဆော်ချက်လည်း ဖြစ်နိုင်သည်။

အဘိုး၏ နှမြောတတ်ခြင်း၊ ခြစ်ကုတ်ခြိုးခြံတတ်ခြင်း အမူအကျင့်များ ဖြစ်ပေါ်ရာ အကြောင်းအရင်းကို ယခုလို ကျပ်တည်းနေသည့် ခေတ်ကာလဆိုးကြီးတွင် ရှင်းရှင်းလင်းလင်း မြင်ယောင်မိလာသည်။

ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသသည် ရေရှားသည့် အရပ်မဟုတ်သော်လည်း ရေကိုအတိုင်းအဆနှင့်သာ အဘိုးက သုံးစေချင်သည်။ ထိုသို့မဟုတ်လျှင် ရေဖြုန်းတီးသည်ဟု  အပြစ်တင်သည်။ ထမင်းစားသည့်အခါ၊ စားသုံးဆီသုံးသည့်အခါ၊ အဝတ်လျှော်ရန် ဆပ်ပြာသုံးသည့်အခါ အဝတ်မနာရန်၊ ဆပ်ပြာမကုန်ရန် အထူးဂရုစိုက်သည်။ မည်သည့်အရာမျှ လေလွင့်ပြုန်းတီးမှု မရှိစေရ။ ထိုအရာသည်ပင် အဘိုးကျင့်သည့် မူဖြစ်ပုံရသည်။
 
ရောင့်ရဲတင်းတိမ်ခြင်း၊ ခြိုးခြံချွေတာခြင်းသည် မင်္ဂလာတရားနှင့်ညီသော်လည်း ကျွန်တော်တို့ ကြုံတွေရသည်မှာ ထိုအခြေအနေမဟုတ်။ ဆင်းရဲမှုဖြစ်သည်။ မလောက်ငမှုဖြစ်သည်။ ငတ်မွတ်ခေါင်းပါးမှုဖြစ်သည်။

 မိသားစုဝင်များက တခုခုကျွေးမွေးသည့်အခါ ချင့်ချိန်တွက်ချက်မှု၊ နှမြောမှု၊ စိုးရိမ်ပူပန်မှုတို့သည် အဘိုးတွင် အမြဲတစေတွေ့ရသည်။ ထိုအခြေအနေများသည် ဖျောက်ဖျက်၍ မရနိုင်သည့် အဘိုး၏ စိတ်ဒဏ်ရာများ ဖြစ်မည်ဟု ကျွန်တော်ယူဆသည်။

ဘုန်းကြီးဆွမ်းလောင်းနေသည့် အဘိုးကိုတွေ့ရစဉ်။

အဘိုး၏ ငယ်ဘဝအစိတ်အပိုင်းများသည် သက်သောင့်သက်သာ အခြေအနေများမဟုတ်။ အင်္ဂလိပ်အထွက် ဂျပန်အဝင်၊ စစ်ဒဏ်၊ ရောဂါဘယ၊ သေကျေပျက်စီးမှု၊ ဆုံးရှုံးမှု အဆိုးရွားဆုံးကာလ၊ အနိမ့်ကျဆုံးကာလတို့ကို တွေ့ကြုံခဲ့ရသည်။ 

အရာရာရှားပါးကျပ်တည်းသည့် ခေတ်ဆိုးအကျော့ကျော့နှင့် ကြုံဖန်များသည့် အဘိုးသည် စနစ်ကောင်း၊ ခေတ်ကောင်းလေး ကြုံချင်သည်။ သူကြုံတွေ့ခဲ့ရသည့် စနစ်ဆိုး၊ ခေတ်ဆိုးမျိုး သူ့မျိုးဆက်ကို မကြုံစေချင်။ အေးအေးချမ်းချမ်း ဝဝလင်လင် စားသောက်နေထိုင်နေရသည့် အခြေအနေကို အလွန်မြင်ချင်ပုံရသည်။

သို့သော် ကျွန်တော်တို့ အဘိုးအဘွားများ တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် အရိပ်မည်းခေတ်ဆိုးကြီးက ကျွန်တော်တို့ ဦးခေါင်းထက် ထက်ကြပ်မကွာ လိုက်ပါလာနေသည်။

“ဆန်တစေ့ဖြစ်ဖို့ လယ်သမားတွေ ဘယ်လောက် ရုန်းကန်ရတယ်ဆိုတာ မင်းတို့မသိဘူး”ဟု အဘိုး ပြောလေ့ရှိသည်။

ပင်ပန်းဆင်းရဲလွန်းအားကြီးသည့် ဘဝတူလယ်သမားတိုင်းကိုလည်း အဘိုးက စာနာပုံရသည်။

မြန်မာပြည်၏ စပါးကျီအဖြစ်တင်စားခံရသည့် မြစ်ဝကျွန်းပေါ်ဒေသသည် ရေလုပ်ငန်းများ အမြောက်အမြား ရှိသော်လည်း ဒေသခံပြည်သူ အများစုသည် လူတန်းစေ့ နေထိုင်စားသောက်နိုင်ခြင်း မရှိ။ ဆင်းရဲတွင်းထဲက မလွတ်နိုင်သေးပေ။

အဖိုးတန်သယံဇာတ ပေါပေါများများထွက်ရှိသည်ဆိုသော အချို့ပြည်နယ်နှင့် တိုင်းတို့တွင် နေထိုင်သော ပြည်သူများသည်လည်း ထိုနည်း၎င်းပင်။ ဆင်းဆင်းရဲရဲ နေထိုင်ကြရသည်။ သဘာဝဓာတ်ငွေ့ အလျှံအပယ် ထွက်သည်ဆိုသော်လည်း ထိုဒေသတို့တွင် လျှပ်စစ်မီးမရှိ။ နေ့စဉ် မီးအလင်းရောင်အတွက် သုံးရန် ဖယောင်းတိုင်ပင် လုံလုံလောက်လောက် မရှိ။ လမ်းပန်းဆက်သွယ်ရေး အနိမ့်ကျဆုံး၊ လူနေမှုဘဝ အနိမ့်ကျဆုံး ဒေသများအဖြစ် ဆက်ရှိနေဆဲပင်။ တည့်တည့်ပြောရလျှင် ဒေသအသီးသီးရှိ အကျိုးအမြတ်များကို စစ်အာဏာရှင်အဆက်ဆက်နှင့် ၎င်းတို့၏ အပေါင်းအပါများက ခေါင်းပုံဖြတ် အမြတ်ထုတ် ကုပ်သွေးစုပ်သွားခြင်းသာဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ကျွန်တော်တို့ရွာလေးဆီသို့ လျှပ်စစ်မီးရောက်လာသည်။ သို့သော် မည်ကာမတ္တမျှသာဟုဆိုရမည်။ ထိုလျှပ်စစ်မီးသည် မလာတချက် လာတချက်ဖြစ်သည်။ ခေတ်ပြောင်းလာခဲ့သည် ဆိုသော်လည်း အလင်းရောင်ရရန် ရုန်းကန်ရပုံသည် အဘိုးတို့ ခေတ်နှင့် သိပ်မကွာလှပေ။ ပြောင်းလဲမှုမှာ ရေနံဆီ မီးတိုင်နေရာတွင် ဖယောင်းတိုင် အစားထိုးရခြင်းဖြစ်သည်။ လျှပ်စစ်မီးကို အားကိုး၍ မရပေ။
 
ညမှောင်လျှင် လက်နှိပ်ဓာတ်မီး တဝင်းဝင်းနှင့် မီးအလင်းတန်း လွှတ်ရသည်ကို သဘောကျတတ်သည့် အဘိုးသာ သက်ရှိထင်ရှား ရှိနေသေးလျှင် ‘ငါတို့ခေတ်တုန်းက အတိုင်းပါပဲလား’ဟု ရယ်သွမ်းသွေးလေမလား မသိပေ။

စစ်အာဏာရှင်များ ပိုထောင်လွှားလာလေလေ ပြည်သူလူထုဘဝ နိမ့်ကျလာလေဖြစ်သည်။ စစ်တပ်ထိန်းချုပ်သည့် ဝါဒဖြန့်မှုများတွင်မူ မည်သည့်အခါမျှယခုလို ပြောဆိုရေးသားခြင်းကို တွေ့နိုင်မည်မဟုတ်ပါ။ သို့သော် အဆိုပါအခြေအနေသည် ဖုံးကွယ်ဖျောက်ဖျက်မရနိုင်သည့် မြေပြင်အရှိတရားဖြစ်သည်။

ကျွန်တော်တို့ ဘိုးဘွားများတွင် အံ့အားသင့်စရာများလည်း ရှိသည်။ မည်သည့်အကြောင်းတရားများ၊ မည်မျှ ဆိုးဝါးသည့်အခြေအနေများ ကြုံပင်စေကာမူ ခွင့်လွှတ်လွယ်၊ မေ့ပျောက်နိုင်လွယ် ခြင်းဖြစ်သည်။ ဤစိတ်ထားသည် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလေသည်လား။ ကျွန်တော်တို့၏ ဆုံးရှုံးနစ်နာမှုများတွင် တာဝန်ရှိသည့် စစ်အာဏာရှင်ခေါင်းဆောင်များ တာဝန်ခံနိုင်ရန်မှာ မေ့လွယ်ပျောက်လွယ် ထားရမည့် အခြေအနေမျိုး မဟုတ်ပေ။

မည်သူကြောင့်၊ မည်ဝါကြောင့်ဆိုသည်ကို ပြောရန် အဘိုးတို့ အတော်ဝန်လေးသည်။ သက်ရောက်လာသည့် အခြေအနေအရပ်ရပ်ကို “ငါ့ထိုက်နဲ့ ငါ့ကံဟုသာ” ခံယူတတ်လေ့ရှိသည်။ ပြည်သူလူထုကို ခေတ်အဆက်ဆက် ရက်စက်ကြမ်းကြုတ်နေသည့် စစ်အာဏာရှင်တို့ ပြစ်ဒဏ်စီရင်ခံခြင်းမှ ယခုတိုင်ကင်းလွတ်နေသည်မှာ ထိုထိုသောအခြေအနေများ ပါဝင်နေလေမည်လား။

အချိန်များ ကူးပြောင်းလာခဲ့သော်လည်း လျှပ်စစ်မီး မှန်မှန်မရသေးသည့် ကျွန်တော်တို့ ရွာလေး၏ အမှောင်ထုကို မှန်းဆကြည့်မိသည်။ အဘိုး ရေဒီယိုနားထောင်စဉ် မေးခဲ့ဖူးသည့် မေးခွန်းက ကျွန်တော့်နားထဲတွင် ပြန်လည် ပဲ့တင်ထပ်လာသည်။

“ဒီတခါ ထူးပြီလား သားပုရေ” ဟု အပြောင်းအလဲကို လိုချင်သည့် အဘိုးက ကျွန်တော့်ကို အမြဲမေးသည်။ ထိုစဉ်က ကျွန်တော်တို့ မြေး၊ အဘိုးသည် BBCနှင့် VOA ရေဒီယိုအစီအစဉ်များ၊ All India Radio အပြင် နောက်ပိုင်းတွင် ပေါ်လာသည့် ဒီမိုကရက်တစ် မြန်မာ့အသံ (Democratic Voice of Burma) အစီအစဉ်များကို ခပ်တိုးတိုး ဖမ်းယူ နားထောင်ခဲ့ဖူးသည်။ အဘိုးသည် သူ၏ရေဒီယိုလေးမှတဆင့် တိုင်းပြည်၏ အပြောင်းအလဲကို နားစွင့်နေသည်။ အဘိုး၏ ရေဒီယိုလေးလည်း တဖြည်းဖြည်း ဟောင်းနွမ်းလာသည်။

ကျွန်တော် သတင်းထောက်အဖြစ် နှစ်ကာလအချို့ ဖြတ်သန်းပြီးနောက် ၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်းတွင် သတင်းစာများ ပြန်လည် ထုတ်ဝေခွင့် ရရှိလာခဲ့သည်။ ထိုစဉ်က နေ့စဉ်သတင်းစာ ပုံနှိပ်ထုတ်ဝေနေပြီဖြစ်သည့် ကျွန်တော့်ရုံးသို့ အဘိုး ရောက်လာသည်။ လက်ကလေးပိုက်၍ ရုံးခန်းထဲဝင်လာသည့် အဘိုးကို ကျွန်တော်မေ့မရ။

အဘိုးသည် ကျွန်တော်အထိုင်ချရာ အငှားတိုက်ခန်းလေးတွင် လာနေသည်။ ကျွန်တော်တို့ထုတ်သည့် သတင်းစာကို အဘိုးက ဖတ်သည်။ နှစ်ပေါင်းများစွာ ပိတ်ပင်ခံထားရသည့် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့် ပြန်ရပြီး ထိုသတင်းစာကို အဘိုးဖတ်ခွင့်ရနေခြင်းဖြစ်သည်။ ခေတ်ကာလပြောင်းလဲ လာပြီဆိုသည်ကို အဘိုးက သတင်းစာမှတဆင့် စူးစမ်းစနည်းနာခြင်း ဖြစ်နိုင်ကြောင်း ကျွန်တော်သိပါသည်။

ထိုစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး တိုင်းပြည် ပွင့်လင်းစပြုလာချိန်ဖြစ်သည်။ အဘိုး၏ ဇရာထုကြားက မျက်ဝန်းတွင် ‘ဒီတခါတော့ တကယ်ထူးတော့မယ်’ ဆိုသည့် အရိပ်အယောင်နှင့် မျှော်လင့်ချက် အလင်းရောင်လေးများကို ကျွန်တော် မြင်တွေ့ခဲ့ရသည်။
 
သတင်းစာပါ စာတလုံးချင်းစီကို ကြိုးစားဖတ်နေသည့် အဘိုးသည် တိုင်းပြည် အပြောင်းအလဲကို စောင့်မျှော်နေသည့် သာမန် ပြည်သူတယောက်၏ ပုံရိပ်ပင် ဖြစ်သည်။ အဘိုးသည် သတင်းစာပါ အကြောင်းအရာတို့ကို စေ့စေ့စပ်စပ်ဖတ်နေရင်း တပြိုင်နက်တည်းတွင် အတိတ်က စစ်အာဏာရှင်ခေတ်ဆိုးကြီးထဲ မိသားစု ကြောက်ကြောက်လန့်လန့် နေခဲ့ရပုံကိုလည်း ပြန်လည် မြင်ယောင်နေပုံရသည်။
 
၁၉၉၀ ပြည့်လွန်နှစ်များတွင် ကျွန်တော်တို့ မိသားစုအတွက် မုန်တိုင်းထန်ခဲ့ဖူးသည်။ အဘိုး၏ သား (ကျွန်တော်တို့ ဦးလေး) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တယောက်ဖြစ်ရာ စစ်အစိုးရက NLD ပါတီဝင်များကို အငြိုးတကြီး ဖမ်းဆီးနှိပ်စက်နေမှုကြောင့် သောကပွေခဲ့ရချိန်ဖြစ်သည်။ 

ခေတ်ဆိုးကြီး၏ အရိပ်မည်းသည် ထိုမျှနှင့် ပြီးမသွားခဲ့။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က တကျော့ပြန် အာဏာသိမ်းလိုက်သည်။ အဘိုးကတော့ တကျော့ပြန်အာဏာသိမ်းမှုကို မကြုံလိုက်ရ။ မကွယ်လွန်ခင် ခေတ်ကောင်းလေး ခဏတာကို မြင်သွားရသည်။  

အဘိုး၏ မြေးဖြစ်သူ ကျွန်တော်သည် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မှ ထပ်မံထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။  ကျန်ရစ်သည့် မိသားစုဝင်များက ကျွန်တော်၏ တသက်တာ အမှတ်တရများဖြစ်သည့် စာမေးပွဲအောင် ဆုတံဆိပ်များ၊ ဓာတ်ပုံများကို လွှင့်မပစ်ရက်။ အခြားတဖက်တွင် စစ်အုပ်စု ဝင်ရောက်ရှာဖွေမည်ကိုလည်း စိုးရိမ်ကြသည်။ အဘွားဖြစ်သူက မြေး၏ အမှတ်တရလေးများကို လူမြင်ကွင်းတွင် မထားရဲဘဲ ဝှက်ထားကြရသည်။

ဇာတိမြေကို စွန့်ခွာခဲ့ရသည့် ကျွန်တော်သည် နှစ်ကာလအတန်ကြာနေသည့်တိုင်အောင် ကျွန်တော့် အလှမွေးငါးလေးများကို  သတိတရရှိနေသည်။ သူတို့ကို မည်သူများ အစာကျွေးမည်နည်း၊ ကောင်းကောင်းမွန်မွန် ရှိနိုင်မည်လား။ ကျွန်တော်ထားခဲ့ရသည့် ကျွန်တော့်စာအုပ်စင်ရှိ ကဗျာနှင့် အခြားရသစာအုပ်များကို လွမ်းသည်။ ကျွန်တော့်ရေမြေ အငွေ့အသက်များကို အမြဲလွမ်းဆွတ်သတိရနေသည်။

“ဒီတခါ ထူးမှာလား သားပုရေ” မေးတတ်သည့် အဘိုးကိုလည်း ကျွန်တော်လွမ်းဆွတ်တမ်းတမိသည်။ အကယ်၍ အဘိုးသက်ရှိထင်ရှားရှိပြီး ဤကဲ့သို့ မေးခွန်းထုတ်လာလျှင် …  ကျွန်တော့်တွင် အဖြေမရှိသေး။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။