ဒီတခါ ထူးမှာလား သားပုရေ
ခေတ်ဆိုးကာလ ရေဒီယိုသတင်း ခပ်တိုးတိုးနားထောင်ခဲ့ရသည့် အဘိုးဖြစ်သူသည် ပုဂ္ဂလိကသတင်းစာများကို မြင်လာရသောအခါ တိုင်းပြည် အပြောင်းအလဲဖြစ်လာနိုင်သည်ဟု ထင်မိခဲ့သည်။
၂၀၂၁ စစ်အာဏာသိမ်းမှုသည် မိသားစုများ၏ နံနက်စာဝိုင်းလေးများနှင့် ထမင်းဝိုင်းတွင် ရှိသင့်သည့် အာဟာရတန်ဖိုးများကိုလည်း တပါတည်း သိမ်းပိုက် ဆွဲနုတ်ယူသွားသည်။ ထို့ထက် ဆိုရလျှင် ကျွန်တော်တို့ ကလေးငယ်များ၏ ပညာရေး၊ အနာဂတ်၊ လူမှုဘဝအသီးသီးတွင် ရှိသင့်ရှိအပ်သည့် အခြေအနေများအားလုံးကို စစ်ဗိုလ်ချုပ်ကြီးများက မတရားလုယူသွားကြခြင်းဖြစ်သည်။
မုန့်ဟင်းခါးအလွတ်တပွဲ ၂၀၀၀/ ၂၅၀၀၊ လက်ဖက်ရည်တခွက် ကျပ်၂၅၀၀။ ကန်စွန်းရွက်တစည်း သည်ပင် ၁၀၀၀၊ ကြက်ဥတလုံး ၇၀၀။ ဆိတ်သားဆိုလျှင် ကပ်ပင်မကပ်နိုင်။ တဆယ်သား ကျပ် ၁၀,၀၀၀ နှင့် ၁၂,၀၀၀ ကြား ရှိသည်။ ဇာတိမြေမှ ထိုသတင်းများကို ကျွန်တော် လက်ခံရရှိနေသည်။
စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာ၏ ငတ်မွတ်ခေါင်းပါးမှုအခြေအနေသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးအဆင့်တွင် ရှိနေသည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ တုတ်တုတ်မျှမလှုပ်။ ပြည်သူကို ထမင်းတနပ် လျှော့စားခိုင်းခဲ့သည့် စစ်အာဏာရှင်၊ လျှပ်စစ်မီးသက်သာအောင် ဖယောင်းတိုင်ထွန်း နေခိုင်းခဲ့သည့် စစ်အာဏာရှင်။
နှစ်လိုဖွယ်ကောင်းသည့် မစင်နှင့် စာနာတရားရှိသည့် စစ်အာဏာရှင်ဆိုသည်မှာ လောက၌မရှိဟုပင် ဆိုရပေမည်။ ပြန်ဆက်ရလျှင် အခြေခံကုန်စျေးနှုန်းများ မကြုံစဖူး စျေးတဟုန်ထိုးမြင့်သွားသည့်အခါ ကွယ်လွန်သွားပြီဖြစ်သည့် အဘိုးကို ကျွန်တော် သတိရနေမိသည်။
အရာရာကို ကြောင့်ကြပူပန်နေရသည့် အခြေအနေသည် ကျွန်တော်တို့ နေ့စဉ်ဘဝထဲတွင် ကြောက်မက်ဖွယ် စိမ့်ဝင်နေသည်။ ထိုအခြေအနေများက ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ ဖြတ်သန်းရုန်းကန် ကျင်လည်ခဲ့ရသည့် အဘိုး၏ အမူအကျင့်များကို ပြန်အမှတ်ရမိစေသည့် စေ့ဆော်ချက်လည်း ဖြစ်နိုင်သည်။
အဘိုး၏ နှမြောတတ်ခြင်း၊ ခြစ်ကုတ်ခြိုးခြံတတ်ခြင်း အမူအကျင့်များ ဖြစ်ပေါ်ရာ အကြောင်းအရင်းကို ယခုလို ကျပ်တည်းနေသည့် ခေတ်ကာလဆိုးကြီးတွင် ရှင်းရှင်းလင်းလင်း မြင်ယောင်မိလာသည်။
ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသသည် ရေရှားသည့် အရပ်မဟုတ်သော်လည်း ရေကိုအတိုင်းအဆနှင့်သာ အဘိုးက သုံးစေချင်သည်။ ထိုသို့မဟုတ်လျှင် ရေဖြုန်းတီးသည်ဟု အပြစ်တင်သည်။ ထမင်းစားသည့်အခါ၊ စားသုံးဆီသုံးသည့်အခါ၊ အဝတ်လျှော်ရန် ဆပ်ပြာသုံးသည့်အခါ အဝတ်မနာရန်၊ ဆပ်ပြာမကုန်ရန် အထူးဂရုစိုက်သည်။ မည်သည့်အရာမျှ လေလွင့်ပြုန်းတီးမှု မရှိစေရ။ ထိုအရာသည်ပင် အဘိုးကျင့်သည့် မူဖြစ်ပုံရသည်။
ရောင့်ရဲတင်းတိမ်ခြင်း၊ ခြိုးခြံချွေတာခြင်းသည် မင်္ဂလာတရားနှင့်ညီသော်လည်း ကျွန်တော်တို့ ကြုံတွေရသည်မှာ ထိုအခြေအနေမဟုတ်။ ဆင်းရဲမှုဖြစ်သည်။ မလောက်ငမှုဖြစ်သည်။ ငတ်မွတ်ခေါင်းပါးမှုဖြစ်သည်။
မိသားစုဝင်များက တခုခုကျွေးမွေးသည့်အခါ ချင့်ချိန်တွက်ချက်မှု၊ နှမြောမှု၊ စိုးရိမ်ပူပန်မှုတို့သည် အဘိုးတွင် အမြဲတစေတွေ့ရသည်။ ထိုအခြေအနေများသည် ဖျောက်ဖျက်၍ မရနိုင်သည့် အဘိုး၏ စိတ်ဒဏ်ရာများ ဖြစ်မည်ဟု ကျွန်တော်ယူဆသည်။




