အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမြန်လမ်း ၁၁၅ မိုင်စခန်းအနီး ကျေးရွာများကို စစ်တပ်တိုက်ခိုက်၊ ဒေသခံ ထောင်နှင့်ချီ တိမ်းရှောင်ရ 

စစ်တပ်က ယခုလို အမြန်လမ်းနှင့် ပဲခူရိုးမကြားထဲရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားသည့် ကျေးရွာလမ်းပိုင်းများကို ထိန်းချုပ်၍ စစ်စခန်းများကို ထောက်ပို့လုပ်ချင်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရန်ကုန်- မန္တလေးအမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းနှင့် မိုင် ၃၀ ခန့်သာဝေးသော နေရာရှိ ကျေးရွာတို့ကို စစ်တပ်က လက်နက်ကြီးအပါအဝင် ဒရုန်းများဖြင့် အပြင်းအထန်တိုက်ခိုက်မှုကြောင့် ထောင်နှင့်ချီသော ဒေသခံများသည် တောင်ငူနှင့် အုတ်တွင်းမြို့ပေါ်သို့ စစ်ဘေးရှောင်နေကြရသည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများက ပြောသည်။

စစ်တပ်သည် ယခုလဆန်းပိုင်းမှစ၍ အင်အားရာနှင့်ချီသော စစ်ကြောင်းများကို အသုံးပြုပြီး ရန်ကုန်- မန္တလေး အမြန်လမ်းမနှင့် ပဲခူးရိုးမကြား ပဲခူးတိုင်း အုတ်တွင်းမြို့နယ်ရှိ ရွှေလောင်း၊ ဘိုကုန်း၊ အင်ဝိုင်း ကျေးရွာတို့ကို စစ်ကြောင်းထိုးလာနေသလို လေကြောင်းမှလည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

အမြန်လမ်း မိုင်တိုင် ၁၄၄ ၏ အနောက်ဘက် ခပေါင်းချောင်း အရှေ့ဘက် ရွှေလောင်းကျေးရွာအနီးနှင့် ရွှေလောင်းရွာ အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ဘိုးကုန်းရွာအနီး၌ စစ်တပ်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ တော်လှန်ရေးတပ်များ ယခုလ ၁၅ ရက်မှစ၍  တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားများ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရွှေလောင်းကျေးရွာအနီးတွင် ယမန်နေ့အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများရှိနေပြီး စစ်ဘေးရှောင်များ အကူညီတောင်းခံမှုကြောင့် အမြန်လမ်းပေါ်မှ တဆင့် တောင်ငူမြို့ပေါ်သို့ကူညီပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကူညီရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိအချိန်အထိ အမြန်လမ်းယာဉ်အသွားအလာများ ပုံမှန်အတိုင်းရှိနေဆဲဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တောင်ငူနှင့် အုတ်တွင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိနေပြီး ရွှေလောင်း၊ ဘိုကုန်း၊ အင်ဝိုင်း၊ ကရင်ရွာကြီး၊ ကမ်းဘနီ၊ ဇီးကုန်း၊ ပဲကြီးခုံ၊ ရေလယ်ခုံ၊ မီးတိုင်တော ကျေးရွာ ရှစ်ရွာထက်မနည်းမှ ဒေသခံများ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်တပ်က ကျေးရွာများအတွင်းသို့ဝင်ရောက်ကာ အရပ်သားနေအိမ်များမှပစ္စည်းများကို ယူဆောင်နေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

“ထွက်ပြေးလာတဲ့ ရွာတွေမှာကျန်ခဲ့တဲ့ ဆိုင်ကယ် (တွေလည်းယူ)၊ ကြက်၊ ဝက်တွေလည်း သတ်စား၊ ဆောင်းဘောက်တွေနဲ့ သီချင်းဖွင့်ပြီး ကခုန်နေကြတယ်လို့တော့ ကြားတယ်၊ အခုအဲဒီနေရာက ဘယ်သူမှလည်း ပြန်လို့မရသေးတော့ မြေပြင်အခြေနေက ဘာမှ အတိအကျမသိရသေးဘူး” ဟု ပဲခူးတိုင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ရှောင်များကို ငွေကြေးတတ်နိုင်သူ အချို့က ဆန်၊ ကြက်သွန်နီနှင့် အစားအသောက် လာရောက် လှူဒါန်းမှု အချို့သာရှိပြီး၊ စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခင်လို ထမင်း၊ ဟင်းများချက်၍ လာရောက်လှူဒါန်းမှုများ မရှိတော့ကြောင်း ၎င်းက ဆိုသည်။

စစ်တပ်က ယခုလို အမြန်လမ်းနှင့် ပဲခူရိုးမကြားထဲရှိ ကျေးရွာတို့ကို စစ်ကြောင်းထိုးပြီး လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားသည့် ကျေးရွာလမ်းပိုင်းတို့ကို ထိန်းချုပ်၍ စစ်စခန်းများကို ထောက်ပို့လုပ်ချင်သည့် ရည်ရွယ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ခုခံစစ်ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပဲခူးတိုင်း ဗျူဟာ ၂၃ မှ မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။

“ရန်သူရဲ့ ထောက်ပို့လမ်းကြောင်းလိုချင်လို့ ဒီလမ်းပိုင်းကို ထိန်းနိုင်ရင် သူတို့စခန်းတွေကို ထောက်ပို့လုပ်နိုင်မယ်၊ လမ်းပိုင်းတွေကို ထိန်းချင်လို့ ကြံစည်နေတယ်လို့မြင်တယ်။ သူတို့ (စစ်တပ်) က မြို့အဝင် ဇရပ်ကြီးမြို့၊ ထန်းတပင်ဆိုရင် ထန်းတပင်မြို့ပေါ်လောက်ပဲ၊ ဒီဘက်ကျေးလက်တွေကို မလာနိုင်ဘူး၊ လာလည်း လန်တာများတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်- မန္တလေးအမြန်လမ်းဘေးရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ အရပ်သား သေဆုံးမှုများ ရှိနေသော်လည်း စစ်တပ်က နှုတ်ဆိတ်နေဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ တရားဝင် သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးပေ။ NUG လက်အောက်ခံ ပဲခူးတိုင်းစစ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို Myanmar Now က အဆက်အသွယ်ရရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ထို့အပြင် စစ်တပ်သည် ပဲခူးအရှေ့ခြမ်းရှိ ရှေ့တန်းမျက်နှာပြင်နှင့် စစ်ကြောင်းထိုးနေသည့် ကျေးရွာတို့တွင်လည်း လူမြင်ရုံဖြင့် ဒရုန်းဖြင့်တိုက်ခိုက်နေကြောင်း  ပဲခူးတိုင်း ဗျူဟာ ၂၄ ဗျူဟာမှူး ကိုဘိုဘိုက ပြောသည်။

“ဒီကောင်တွေက လူမြင်တာနဲ့ ဒရုန်းနဲ့လိုက်ချနေတာ၊ မြေပြင်စစ်ကြောင်းထိုးတာထက် ဒရုန်းနဲ့ လိုက်ချနေတာဆိုတာ့ ရွာသားတွေလည်း အသွားအလာတွေ ကန့်သတ်ထားတာရှိတယ်။ လမ်းတွေ ပိတ်ထားတာရှိတယ်။ လူရိပ်မြင်တာနဲ့ ဒရုန်းချတာ။ အဓိကကတော့ ဒရုန်းနဲ့ ဒုက္ခပေးနေတာ” ဟု ၎င်းက ဆိုသည်။

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်အနီးတွင်လည်း မြေပြင်တိုက်ပွဲမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ရှိသည်ဟု ယူဆသည့် ကျေးရွာတို့ကို  ဗုံးကြဲတိုက်ခိုက်မှုများရှိနေကြောင်း ထိုနယ်မြေတွင် လှုပ်ရှားနေသည့် NUG လက်အောက်ခံ တပ်ဖွဲ့ဝင် အချို့က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles