အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးမိတ်နှင့် ဗန်းမော်တွင် တိုက်ပွဲများ ဆက်ပြင်းထန်၊ စစ်တပ်၏ စခန်းအချို့ကို KIA သိမ်းပိုက်

စစ်ကောင်စီတပ်၏ ဗျူဟာကုန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက Myanmar Now ကို ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်၏ တပ်စခန်းအချို့ကို KIA နှင့် PDF ပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများနှင့် KIA ပြောရေး ဆိုခွင့်ရှိသူထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နှင့် သုံးမိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတဝိုက်တွင် ယခုလ ၂၈ ရက်နေ့မှစ၍ စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေပြီး စစ်တပ်ဘက်က နှစ်ရက်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ညောင်နီရွာအနီးရှိ စစ်တပ်စခန်းကုန်းကို KIA နှင့် PDF ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းမှ အပြင်းအထန် ခုခံနေသည်ဟု သိရသည်။

“ညောင်နီဘက်မှာ တအုန်းအုန်းနဲ့ မြို့ထဲကနေ ကြားနေရတာ နှစ်ရက်ရှိပြီ။ လေယာဉ်တွေ သွားနေတာလည်း မြင်ရတယ်” ဟု မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်၊ Y-12 ဗုံးကြဲလေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုကာ ပစ်ကူပေးနေကြောင်း သိရသည်။ 

တိုက်ပွဲများကြောင့် ညောင်နီရွာမှ ရာနှင့်ချီသော ဒေသခံများသည် မိုးမိတ်မြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာများသို့ ထပ်မံတိမ်းရှောင်နေရသည်ဟု ဆိုသည်။ 

ထို့အပြင် တိုက်ပွဲပြင်းထန်နေမှုကြောင့် စစ်တပ်က မိုးမိတ်မြို့ အဝင်အထွက်လမ်းများကို လုံခြုံရေး တင်းကျပ်ထားသည်ဟု မြို့ခံများက ဆိုသည်။

မိုးမိတ်တိုက်ပွဲနှင့် ပတ်သက်၍ စစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဗျူဟာကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

“မိုးမိတ်မှာ မနေ့က မနက်ပိုင်းကနေ နေ့လယ်အထိ တိုက်ပွဲတွေဖြစ်တယ်။ နေ့လယ် ခဏနားတဲ့အချိန်မှာ ရတဲ့သတင်းအရ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတစ်ခုကို သိမ်းနိုင်တယ်။ အဲဒီလောက်ပဲ ကျွန်တော်တို့ သိရပါသေးတယ်” ဟု ၎င်းက ပြောသည်။

စစ်သုံ့ပန်းများကို KIA က ဖမ်းဆီးရမိထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းအခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

ယနေ့ နံနက်ပိုင်းအထိ မိုးမိတ်မြို့ ညောင်နီရွာနှင့် အနီးအနားရှိ ရွှေမြင်းတင် ဘုရားဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ကလေကြောင်းမှ ဆက်လက်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ဗမာနှင့်ရှမ်းတိုင်းရင်းသားများ အဓိကနေထိုင်သည့် မိုးမိတ်မြို့တွင် မြို့ပေါ်ရပ်ကွက်လေးခုရှိပြီး လူဦးရေ တစ်သောင်းကျော်နေထိုင်သည်။

မိုးမိတ်မြို့အား ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလကုန်တွင် စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။

TNLA ဆုတ်ခွာသွားပြီးနောက် မြို့ပေါ်ကို စစ်တပ်စိုးမိုးထားသော်လည်း မြို့ပတ်ဝန်းကျင်ကိုမူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်ကလည်း မြို့တွင်းတပ်စွဲထားသော စစ်တပ်က ညောင်နီရွာဘက်သို့ ထိုးစစ်ဆင်ခဲ့ရာ KIA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ထိုတိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း တစ်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ကာ သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့သည်။

မိုးမိတ်မြို့သည် KIA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ထိန်းချုပ်ထားသည့် စစ်ရေးအရအရေးပါသော မဘိမ်းမြို့နှင့် ၃၅ မိုင်ခန့်သာ ကွာဝေးသည်။ စစ်တပ်အနေဖြင့် မိုးမိတ်နှင့် မဘိမ်းမြို့နယ် တစ်ခုလုံးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ရန်နှင့် မဘိမ်းမှတဆင့် ဗန်းမော်သို့ စစ်ကူများပို့နိုင်ရန်အတွက် မိုးမိတ်မြို့ပတ်လည်ကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်သည်။

အလားတူ တိုက်ပွဲများ ပြင်းထန်နေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ နမ့်ဖားကျေးရွာအနီးမှ စစ်တပ်စခန်းတစ်ခုကိုလည်း KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ယခုလ ၂၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 

စစ်လက်နက်အချို့ သိမ်းဆည်းရမိခဲ့သော်လည်း မြေပြင်အခြေအနေ အသေးစိတ်ကိုမူ အတိအကျ မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၅၆ မိုင်ကျော်သာ ကွာဝေးသည့် ဗန်းမော်မြို့သည် စစ်တပ်နှင့် KIA နှစ်ဖက်စလုံးအတွက် စစ်ရေးအရ အချက်အချာကျသည့် မြို့ဖြစ်သည်။

KIA နှင့် မဟာမိတ်တပ်များက ဗန်းမော်မြို့ပေါ်ရှိ စစ်တပ်စခန်းများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်ကတည်းက ထိုးစစ်ဆင်ခဲ့ရာ ယနေ့တိုင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ 

ဗန်းမော်လေဆိပ်နှင့် တက္ကသိုလ်အပါအဝင် မြို့၏အချက်အချာကျသည့် နေရာများတွင် နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး မြို့ကို ထိန်းချုပ်နိုင်ရန် နှစ်ဖက်လုံးက အပြန်အလှန် ထိုးစစ်ဆင်လျက်ရှိသည်။

စစ်တပ်ဘက်က ဗန်းမော်မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ရန် မန္တလေးမှတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကူများ စေလွှတ်ခဲ့သော်လည်း KIA နှင့် မဟာမိတ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် အထိနာခဲ့သည်။

လက်ရှိတွင် စစ်တပ်က ဗန်းမော်သို့ ရောက်ရှိလာသည့် စစ်အင်အားများဖြင့် မြေပြင်စစ်ကြောင်းများသာမက လေကြောင်းပစ်ကူများကိုပါ အသုံးပြုကာ ပြန်လည်ထိုးစစ်ဆင်နေသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles