တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာ ၂၀ ရွာထက်မနည်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရေနစ်မြုပ်လျက်ရှိပြီး ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၅ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့(စက်တင်ဘာလ ၂၆ ရက်) နံနက်ခင်းမှစတင်၍ ယနေ့ အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုများဖြစ်ပေါ်ကာ လူသေဆုံး၊ ပျောက်ဆုံးမှုများအပြင် တောင်ပြိုခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းနှင့် ရေစီးနှင့်အတူ နေအိမ်များမျောပါခြင်းများ ကြုံတွေ့နေရသည်။
ယနေ့နံနက်ပိုင်းမှ စတင်၍ လောင်းလုံးမြို့နယ် မင်းရပ်ရွာတွင် ထားဝယ်အခြေစိုက်လူမှုကူညီရေးအဖွဲ့နှင့် ဒေသတွင်းလူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးစတင်လုပ်ဆောင်နေပြီး အမျိုးသမီးတစ်ဦး သေဆုံးသည်ကို အတည်ပြုထားနိုင်ကြောင်း သိရသည်။
ဒေသခံကူညီကယ်ရေးအဖွဲ့များထံ ဆက်သွယ်ပြောပြချက်များရ သေဆုံးသူတစ်ဦးအပြင် ပျောက်ဆုံးသူဦးရေ ၁၅ ဦးထက်မနည်းရှိသည်ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့- ထားဝယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရေကြီးမူတွေက ရုတ်တရက်ဆိုတော့ အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက တကယ့်ရေကြီးနေရာတွေကို မရောက်နိုင်သေးတော့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒေသခံတွေဆီက အကူအညီတောင်းခံတဲ့ ဖုန်းသတင်းအရ သေဆုံးပျောက်ဆုံး ၁၅ ဦးခန့်ရှိနေနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်း ပျောက်ဆုံးသူ ၁၅ ဦးတွင် ၁၀ ဦးခန့်သည် ကဒက်ငယ်ထိန်ရွာမှ ဖြစ်သည်၊ သဗျာနှင့် ကျောက်နီမော်ကျေးရွာများမှလည်း ပါဝင်သည်ဟု အဆိုပါ တာဝန်ရှိသူအမျိုးသားက ဆက်ပြောသည်။
လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်းမှ တီဇစ်၊ ဝေဒီ၊ မင်းရပ်၊ ကမြောကြီး၊ အင်းဝန်း၊ ကညုံကျွန်း၊ ကုန်ဇရပ်၊ ကဒက်ငယ်ထိန်၊ ပြင်းထိန်၊ ညင်းမော်၊ သာယာကုန်း၊ သဗျာ၊ ဂေါ့အင်းနား၊ ကျောက်နီမော်၊ ကျောက်ဝပ်၊ ညောင်ပြင်၊ ကဒက်ကြီး၊ သဗြေရှောင်၊ သကျက်တော၊ စပ်ပြဲ စသည့် ရွာပေါင်း ၂၀ ရွာထက်မနည်းမှ ဒေသခံများသည် ရေကြီးရေလျှံခြင်းများကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု လောင်းလုံး ဒေသခံ အမျိုးသမီးတစ်ဦးကလည်း Myanmar Now ကို ပြောသည်။
တောင်ပြိုမှုများကြောင့် ယမန်နေ့ညပိုင်းက သဗျာကျေးရွာတွင် မြေးအဘိုး သုံးဦး၊ ကဒက်ငယ်ထိန် ကျေးရွာတွင်လည်း ဘုန်းကြီးတစ်ပါး ပျောက်ဆုံးလျက်ရှိသည်ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
“အခုက ရွာတိုင်း ရေကြီးနေတာ၊ တီဇစ်ကျေးရွာမှာတော့ ရှေ့ပိုင်းနဲ့ ရှေ့ကျောင်းဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အထိ ရေရောက်နေပြီ။ ဓနိတောချောင်းဆိုတဲ့ပင်လယ်ကမ်းနားမှာတော့ လှေ ၁၀ စီးကျော် ပါသွားပြီ။ လူတွေတော့ ဘေးကင်းနေသေးတယ်။ သွားရောက်ကယ်ဆယ်လို့မရသေးဘူး။ ကဒက်ငယ်ထိန် မှာလည်း တောင်ပြိုနေတယ်ကြားရတယ်။ ရွာဘုန်းကြီးကျောင်းဆွမ်းစားဆောင်နဲ့အတူ ကိုယ်တော် (ဘုန်းကြီး) တစ်ပါး ပါပါတယ်။ အောက်(လောင်းလုံးမြို့အောက်ဘက်) ကျောက်ဝပ်၊ ညောပြင်မှာလည်း ပြိုနေတယ်။ မိန်းမကြီးတစ်ယောက် ဆုံးတယ်ကြားရတယ်” ဟု ၎င်းက ပြောသည်။
ဒေသခံများပေးပို့လာသော ဓာတ်ပုံနှင့် ရုပ်သံဖိုင်မှတ်တမ်းများအရ ကျေးရွာအချို့တွင် နေအိမ် တဝက်ခန့်မျှ ရေနစ်မြုပ်လျက်ရှိပြီး တောင်ကျရေများ ရုတ်တရက်စီးဆင်းလာမှုများကြောင့် နေအိမ်များ ပြိုကျပျက်စီးခြင်းနှင့် တောင်ပြိုခြင်းများကြောင့် နေအိမ်များ၊ လမ်းများ ပိတ်ဆို့ ပျက်စီးနေသည်ကို တွေ့မြင်ရသည်။

ယမန်နေ့ညပိုင်းမှ စတင်၍ ဒေသခံများသည် အမြင့်ပိုင်းဒေသများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိပြီး ကျေးရွာအချို့တွင်မှု ယနေ့ နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ရေများအနည်းငယ်ကျဆင်းသွားသည်ဟု ဝေဒီ ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“ရေက ကြမ်းလည်းမကြမ်းဘူးလေ၊ ဖြည်းဖြည်းလေးတက်လာတာဆိုတော့ အခုလောလောဆယ်တော့ ရွှေ့ပြောင်းလို့ရနေသေးတယ်။ လောင်းလုံးဘက်မှာ အများစုက ထားဝယ်မြို့ပေါ်မှာပဲ များတယ်။ သူတို့က စစ်ရှောင်ရင်းနဲ့ ကလေးတွေဆို ထားဝယ်မှာပဲ များတယ်”
ထားဝယ်မြို့အခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့အချို့သည် ယမန်နေ့မှ စတင်၍ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန် အသင့်ပြင်စောင့်ဆိုင်းထားသော်လည်း ထားဝယ်မြို့ပေါ် စစ်တပ်၏ ညမထွက်ရ အမိန့် များကြောင့် ယနေ့ နံနက် ၅ နာရီခန့်မှသာ လောင်းလုံးဒေသသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ထွက်ခွာနိုင်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် နီးစပ်သူများက ပြောသည်။
ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့- ထားဝယ်၏ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ယနေ့နံနက်မှစတင်၍ မင်းရပ်ရွာအပါအဝင် ကျေးရွာတို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင် လုပ်ဆောင်လျက်ရှိသည်၊ သို့သော် ကမြောကြီးဒေသတွင် ရေကြီးနေမှုကြောင့် ရှေ့ဆက်တိုးရန် အခက်အခဲများရှိနေသည်ဟု ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ ထုတ်ပြန်ထားသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ဇဟာအားမာန်၊ ဇမ္ဗူရတနာ၊ မောင်းမကန်နှင့် မေတ္တာရှင် စသော ဒေသခံလူမှုကယ်ဆယ်ရေးအသင်းများပူးပေါင်း၍ မြေသယ်ကားများဖြင့် ဆက်လက်ထွက်ခွာမည်ဟုလည်း အသိပေးထားသည်။
ထားဝယ်- လောင်းလုံး- ရှင်မော်(ကျောက်နီမော်ရွာဘုရား) လမ်းပိုင်းတွင် တောင်ပြိုခြင်း၊ ရေအဆမတန်ကြီးနေခြင်းများကြောင့် ကယ်ဆယ်ရေးအဖွဲ့များတွက် အခက်အခဲဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါထားဝယ်မြို့-ရှင်းမော် လမ်းပိုင်းသည် လောင်းလုံးမြို့သို့ဖြတ်၍ သွားရသော တစ်ခုတည်းသော လမ်းပိုင်းလည်းဖြစ်သည်။
ဒေသတွင်း ရေကြီးနေသဖြင့် ယမန့်နေ့မှစတင်၍ နီးစပ်ရာတွင် ကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးလျက်ရှိပြီး မြေနိမ့်ပိုင်းနှင့် တောင်ကမ်းပါးယံများတွင် မနေထိုင်ရန် အသိပေးထားသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပျောက်နေတဲ့သူတွေရှိတယ်။ အချက်အလက်တောင် စုလို့မရသေးဘူး။ နေရာတိုင်းမှာ သူ့ရွာ သူ့ဝိုင်းနဲ့ လုပ်နေကြရတယ်။ ရေကြီးတာထက် တောင်ပြိုလို့ ပျောက်ဆုံးနေသူတွေရှိတယ်။ တောင်တွေကနေ တောင်ကျရေတွေ အဆမတန်ဆင်းလာတဲ့အခါကြတော့ ရွာတွေထဲမှာ ရေတွေက ရုတ်တရက် ရေတွေကကြီးလာတယ်။ တခါမှ (ရေ) မကြီးဖူးတဲ့ ရွာတွေတောင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ကုန်တယ်။ လူတွေတောင် လွတ်အောင်မနည်းလုပ်နေရတဲ့အနေအထားဖြစ်နေတယ်” ဟု အဆိုပါ တာဝန်ရှိသူ အမျိုးသားက ဆိုသည်။
“ရေရှည်ဆိုရင်တော့ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ဆေးဝါးပြတ်တောက်မှုတွေနဲ့ ဖုန်းလိုင်းပြတ်တောက်မှုတွေ ဖြစ်နိုင်တယ်ဗျ”ဟု ထိုသူက ရေဘေးနောက်ဆက်တွဲ ကြုံတွေ့ရမည့်အခြေအနေကို ပြောသည်။
ယမန်နေ့ညမှစတင်၍ လောင်းလုံးမြို့နယ်အတွင်း ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်လျက်ရှိပြီး ကျေးရွာအချို့တွင် အဆက်အသွယ်မရ၍ ထိခိုက်ပျက်စီးမှုအခြေအနေ တိတိကျကျသိရှိရန် ခက်ခဲနေသည်ဟု ဒေသခံများထံက သိရသည်။
ထားဝယ်မြစ် ဒီရေတက်နေချိန် အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် ထားဝယ်မြစ်ဘေး တလျှောက်ရှိ ကျေးရွာများ ရုတ်တရက် ရေမြင့်တက်လာခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပကဖ တာဝန်ရှိသူက မှတ်ချက်ပြုသည်။
ဒေသခံများ၏ပြောပြချက်များအရ ၁၉၉၇ ခုနှစ်ခန့်တွင် ယခုကဲ့သို့ ကျေးရွာပေါင်းများစွာ ရေနစ်မြုပ်သည့် ဖြစ်စဉ်တစ်ကြိမ်ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၃၀ နီးပါးကြာမြင့်ပြီးနောက် ယမန်နေ့ (စက်တာဘာလ ၂၆ ရက်) တွင် ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုကြသည်။
တနင်္သာရီတိုင်း ထားဝယ် လောင်းလုံးမြို့ဝန်းကျင်တွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ပြီး မိုးရေချိန် ၁၇၈ မီလီမီတာ ထိ ရှိနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ထုတ်ပြန် အသိပေးထားသည်။ ရန်ကုန်နှင့် ပဲခူးတောင်ပိုင်းတွင် အနုတ် ၇၅ ဒီဂရီ ရှိသော မိုးတိမ်တောင်ကြီးများဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ပါရှိသည်။
ထို့အပြင် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ သထုံနှင့် ကျိုက်ထို ဝန်းကျင်ဒေသများတွင် ရုတ်တရက် ရေကြီးခြင်း၊ မြစ်ချောင်းရေများ ရုတ်တရက် လျှံတက်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ပဲခူး၊ ဝေါ၊ တောင်ငူ နှင့် နေပြည်တော် အနီးဝန်းကျင်တွင်လည်း ပေါင်းလောင်း၊ ဆင်သေချောင်းများ ရုတ်တရက် ရေစီးလာနိုင်သဖြင့် ဘေးအန္တရာယ် သတိပြုရန် အသိပေးထားသည်။
စစ်တပ်၏ စစ်တပ်၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထိုင်းနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းဆဲလ်(Low pressure cell) သည် တနင်္သာရီတိုင်းမြောက်ပိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။
မွန်- တနင်္သာရီကမ်းရိုးတန်းတလျှောက်တွင် ရံဖန်ရံခါ မိုးသက်လေပြင်ကျရောက်၍ လှိုင်းကြီးနိုင်ပြီး ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့် ရှိနိုင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။
စက်တင်ဘာလ ၂၇ ရက် ညပိုင်းသတင်းများအရ ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ် သုံးခုလုံးတွင် ရေကြီးမှုများဖြစ်ပေါ်ကာ လူသေဆုံးမှု၊ ပျောက်ဆုံးမှုများ ရှိနေသည်။

လောင်းလုံးမြို့နယ် ရေဘးအခြေအနေပြ မြေပုံ။




