အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

တိုက်ပွဲမရှိသည့်ကျောက်တော်မြို့တွင် လူစည်ကားသည့်ဈေး ဗုံးကြဲခံရခြင်း

ကျောက်တော်မြို့ အိန္ဒိယဈေးကို ဖျက်အားပြင်းဗုံးများ ကြဲချခြင်းသည် ရခိုင်ဒေသအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်လာပြီး ပြည်သူတို့၏ ဒေါသနှင့် အမုန်းတရားကိုသာ တိုးပွားစေမည် ဖြစ်သည်။

မိုးနှောင်းကာလ အာရက္ခပြည်ကောင်းကင်ယံတွင် မိုးရိပ်ကင်းစင်နေပြီး သာယာလှသည်ဟု ဆိုနိုင်သော်လည်း ရာသီဥတုပူပြင်းခြင်း၊ လူသတ်လေယာဥ်များ အဆက်မပြတ်သွားလာလှုပ်ရှားနေခြင်းတို့ကြောင့်  ဒေသခံတို့မှာ ချွေးဒီးဒီးကျ၊ စိုးရိမ်မကင်း ဖြစ်နေကြနေသည်။      

အပူမီးတောက်လောင်နေသော်လည်း စားဝတ်နေရေး‌ပြေလည်ရန်အတွက် သင့်တော်သည့် စီးပွားရေးလုပ်ငန်းများနှင့်ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်ကာ ဝမ်းရေးအတွက် ဖြေရှင်းကြရသည်။  

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ရခိုင်တိုက်ပွဲဖြစ်ပွားစဥ်ကပင် အာဏာသိမ်းစစ်တပ်သည် ပြည်မနှင့်ရခိုင်ကြား ဆက်သွယ်ထားသော ကုန်းလမ်း၊ ရေလမ်းတို့ကို ဖြတ်တောက်ပိတ်ဆို့လိုက်သည်။ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့်  ကုန်သည်တို့သည် ပြည်မမှ ကုန်စည်များကို ရရာနည်းလမ်းများဖြင့် တင်သွင်းကြသည်၊ ကုန်ဈေးနှုန်းမြင့်မား၊ ကုန်စည်ဝင်ရောက်မှုကြန့်ကြာခြင်းတို့နှင့် ကြုံတွေ့ခဲ့ရသည်။  

ထို့ကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကုန်ပစ္စည်းများကို တင်သွင်းလာပြီး အာရက္ခပြည်ဟုခေါ်သော ရခိုင်ပြည်နယ် ကျောက်တော်တွင် ရောင်းချရာမှ ထိုစျေးကို “အိန္ဒိယဈေး” ဟု ခေါ်တွင်ကြသည်။ ထိုဈေးတွင် ကျောက်တော်ဒေသခံများသာမက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနီ(ပေါက်တော)၊  စစ်တွေ စသည့်မြို့နယ်များမှ စစ်ဘေးရှောင်များလည်း ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားကြသည်။ 

ဒေသခံ လက်လုပ်လက်စားများ၊ စစ်ဘေးရှောင်များ၊ ရိုဟင်ဂျာများလည်း ထိုဈေးတွင် ကုန်ရောင်း၊ ကုန်ဝယ်ပြုလုပ်ကြသကဲ့သို့ ကုန်တင်၊ ကုန်ချတို့လည်း ပြုလုပ်ကြသည်။   အရောင်အသွေးစုံလင်လှသည့် ထိုဈေးတွင် တခြား မြို့၊ ရွာတို့မှ ကုန်ပစ္စည်းလာဝယ်သူများကိုလည်း တွေ့နိုင်သည်။

ထိုသို့ ဝမ်းရေးအတွက် သမာအာဇီဝကျကျ လုပ်ကိုင် စားသောက်သည့် နေရာကို အာဏာသိမ်းစစ်တပ်က ပစ်မှတ်ထား ဗုံးကြဲသဖြင့် အရပ်သား အစုလိုက်အပြုံလိုက်သေဆုံးမှုကြီးတစ်ခု စက်တင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီကျော်တွင်ဖြစ်ပေါ်ခဲ့သည်။  

ဖျက်အားပြင်းဗုံးများကြဲချခဲ့ပြီး ဗုံးတစ်လုံးမှာ ကစ္ဆပနဒီတံတားပေါ်ကို ကျရောက်ပေါက်ကွဲသည်၊  နောက်တစ်လုံးမှာ တံတားအောက်ရှိ “အိန္ဒိယဈေး” တွင်  ကျရောက်ပေါက်ကွဲသည်။  ဈေးရောင်းချသူ၊  ဈေးဝယ်သူများ၊ သုံးဘီးဆိုင်ကယ်မောင်းသူ၊ မော်တော်ကား မောင်းသူ၊ လမ်းသွားလမ်းလာများ ရှိသည့်နေရာ ဖြစ်သည်။ 

ကျောက်တော် ကစ္ဆပနဒီတံတားပေါ်ကို ကျရောက်ပေါက်ကွဲခဲ့စဉ်။ (ဓာတ်ပုံ-AFP)

ကနဦးတွင် ၃၃ ဦးထက်မနည်း သေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့သည်။ များမကြာမီ သေဆုံးသူအရေအတွက် ၅၀ အထိ ဖြစ်လာသည်။ သေဆုံးသူထဲတွင် ကလေးငယ်များ၊ ကိုယ်ဝန်သည်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများလည်း ပါဝင်ကြသည်။ ဒဏ်ရာရသူ အရေအတွက်လည်း ၅၈ ဦး ရှိရာ ထိုအထဲတွင် ဒဏ်ရာပြင်းထန်သူ  ၂၀ ကျော် ပါဝင်သည်။ 

စစ်တပ်သည် ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၊ ဒေသခံများ အစုလိုက်အပြုံလိုက် သေဆုံးကြရမှုများအနက်  အိန္ဒိယဈေးကို ဗုံးကြဲမှုမှာ သေဆုံးမှုအများဆုံး တိုက်ခိုက်မှု ဖြစ်လာသည်။ 

၂၀၂၅ ခုနှစ် စက်တင်ဘာလက  ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ အထက်တန်းအဆင့်  ပညာပန်းခင်း ကိုယ်ပိုင် စာသင်ကျောင်းကို ဗုံးကြဲရာ ကျောင်းသား ကျောင်းသူများအပါအဝင် ၁၈ ဦးသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရသည်။ ထိုနှစ် ဒီဇင်ဘာလက မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဗုံးကြဲမှုတွင် အပြစ်မဲ့ပြည်သူ ၃၃ ဦး သေဆုံး၊ ၇၇ ဦး ဒဏ်ရာရသည်။ 

အာရက္ခတပ်တော် (AA) က ထိုမြို့များအပါအဝင် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို  တိုက်ပွဲစချိန်မှစ၍ ၂၀၂၄ ခုနှစ်အတွင်း အပြီးသတ် သိမ်းပိုက်ထားရာ အာဏာသိမ်း စစ်တပ်၏ တပ်ဖွဲ့ဝင်များ မရှိတော့၍ တိုက်ပွဲ မရှိတော့ပေ။ သို့သော်လည်း ၎င်းတို့လက်လွှတ်လိုက်ရသော မြို့နယ်များကို မကြာခဏဗုံးကြဲနေရာ အရပ်သားများနေထိုင်သော နေရာများတွင် ပိုမိုကျရောက်ပေါက်ကွဲ၍ သေဆုံး၊ ဒဏ်ရာရကြခြင်းဖြစ်သည်။  

တိုက်ပွဲဖြစ်ပွားနေသော ဧရိယာများကို ဗုံးကြဲတိုက်ခိုက်ခြင်းမှာ စစ်ရေးပစ်မှတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း  သေနတ်သံပင် တစ်ချက်မျှ မထွက်တော့သည့် မြို့၊ ရွာများကို ဗုံးကြဲ တိုက်ခိုက်ခြင်းမှာ အရပ်သားပြည်သူများကို တမင်တကာ သေကျေပျက်စီးစေရန် တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ 

AA အုပ်ချုပ်မှုအောက်ရှိသွားသည့် မြို့၊ ရွာများတွင် စစ်အုပ်စု၏ယန္တရားမရှိတော့၍ အာဏာစက် ကင်းမဲ့သွားသောကြောင့် ထိုဒေသများတွင် နေထိုင်သူ အားလုံးသည် AA တပ်ဖွဲ့ဝင်ဖြစ်သည် ဆိုသည့် ယူဆချက်မျိုးဖြင့် ဗုံးကြဲသတ်ဖြတ်နေခြင်းမှာ အလွန်ရက်စက်သည့်၊ လူမဆန်သည့် လုပ်ရပ်မျိုးသာဖြစ်သည်။ 

ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာပါမည်ဟု ကတိသစ္စာပြုထားကြသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များ ကိုယ်တိုင်ပင် တိုင်းရင်းသားပြည်သူများကို  ညှာတာမှုကင်းမဲ့စွာ သတ်ဖြတ်သည့်နည်းဖြင့် “တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး” ဆိုသည့်  အချက်ကို ချိုးဖောက်ကျူးလွန်နေခြင်းလည်းဖြစ်သည်။ 

ကျောက်တော်မြို့ လေကြောင်းဗုံးကြဲမှုအတွင်း သေဆုံးသွားသူများ၏ ရုပ်အလောင်းအချို့ကို သစ်သားအခေါင်းအတွင်းထည့်ကာ မြေမြှုပ်သင်္ဂြိုဟ်ရန်ပြင်ဆင်ထားစဉ်။ (ဓာတ်ပုံ-AFP)

ထိုသို့ အရပ်သားပြည်သူများကို ဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ၏ ရင်ထဲတွင် နာကြည်း ဝမ်းနည်း မှုများ၊ နာကျင် ဒေါသထွက်မှုများသာ ဖြစ်ပေါ်စေမည်။  

စစ်ပွဲဒဏ်ကြား ကုန်ဈေးနှုန်းကြီးမား၊ ဆေးဝါးအခက်အခဲ စသဖြင့် ဒုက္ခဝေဒနာပေါင်းစုံကြုံတွေ့နေကြရသည့် ပြည်သူများကို မကူညီသည့်အပြင် ဒုက္ခကြီးကြီးမားမား ပေးနေခြင်းဖြစ်သည်။  

AA ထိန်းချုပ်နယ်မြေများတွင်ရှိသည့် ပြည်သူများသည်လည်း မြန်မာနိုင်ငံအတွင်းတွင် နေထိုင်သည့် ပြည်ထောင် စု တိုင်းရင်းသားဟုသာ စစ်ခေါင်းဆောင်များမှတ်ယူပါက စစ်ဘေးရှောင်တို့အတွက်   ကူညီထောက်ပံ့မှုများကို နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နိုင်သည်။ သို့သော်လည်း စားဝတ်နေရေးခက်ခဲနေသော စစ်ဘေးရှောင်တို့ကို  ကူညီထောက်ပံ့ရန် မဆိုထားနှင့် လူသားချင်းစာနာမှုအရ  စာနာဝမ်းနည်းကြောင်းပင် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ကာ  ရက်စက်ယုတ်မာပြနေသည်။ 

အိန္ဒိယ‌ဈေးနှင့် ကစ္ဆပနဒီတံတားတို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် သမ္မတအဖြစ် တင်မြှောက်ထားသည့် မင်းအောင်လှိုင်၏ စစ်အစိုးရက တစုံတရာ ထုတ်ပြန်ခြင်းမရှိပေ။ 

သို့သော် ၎င်းတို့၏ အမာခံ စစ်လော်ဘီများက အရပ်သားပြည်သူတို့ သေဆုံးခြင်းကို ဂရုမမူ၊ ထပ်တလဲလဲ ဗုံးကြဲတိုက်ခိုက်ရန်သာ  တိုက်တွန်းပြီး စစ်ရာဇဝတ်မှုကို အားပေးအားမြှောက်ပြုလုပ်ပေးနေကြသည်။ 

စစ်လော်ဘီတစ်ဦးဖြစ်သည့် နရီမိုး အမည်ခံထားသူက “လေယာဥ်သံကြားနေရင်ကို စိတ်‌ချောက်ချား နေရအောင်အထိ နာနာဗျင်း”ဟု ၎င်း၏ တယ်လီဂရမ် စာမျက်နှာတွင် ရေးသားထားသည်။ 

စစ်တပ်နှင့် ၎င်းတို့၏ လိမ်ညာလှည့်ဖြားတတ်သော အကျင့်ဗီဇသည် မွေးရာပါ ပါလာကြသူများသာဖြစ်ပေလိမ့်မည်။ ထို အိန္ဒိယဈေးသည် AA ၏ ကြားစခန်း၊ ပုဏ္ဏားကျွန်းနှင့် ဆက်စပ်နေရာများကို ယခုဈေးမှသာ ရိက္ခာနှင့်အထောက်အပံ့များ ပို့ဆောင်နေကြသည်ဟု လိမ်လည် ရေးသားနေကြပေသည်။ အာဏာသိမ်းစစ်အုပ်စုသည် မည်သူ့ကိုမျှ လိမ်လည် လှည့်ဖြားရန် ဝန်မလေးကြပေ။ မရှက်မကြောက်ကြပေ။ 

ယခုနှစ် စက်တင်ဘာလ ၃ ရက်တွင်  စစ်အုပ်စုက ကုလသမဂ္ဂသို့ ပေးပို့သည့် အစီရင်ခံစာတွင်လည်း   မြောက်ဦးပြည်သူ့ဆေးရုံနှင့် ကျောက်တော်မြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရခြင်းမှာ AA က စစ်ရေးရည်ရွယ်ချက်အဖြစ်အသုံးပြုနေ၊ လှုပ်ရှားနေသောကြောင့်  ဖြစ်သည်ဟု ဖော်ပြထားသည်။ 

စစ်တပ်နှင့်အပေါင်းအပါတို့သည် ဤသို့ လိမ်လည်ထုတ်ဖော်ပြောဆိုမှုများကို အကြိမ်ပေါင်းမနည်းကျူးလွန်ခဲ့ ဖူးလေပြီ။ အထက်ကဆိုခဲ့သကဲ့သို့ ၎င်းတို့၏ အာဏာစက်မသက်ရောက်သော မြို့၊ ရွာများတွင် သာမန်ပြည်သူများမရှိတော့ဘဲ အားလုံးသည် ၎င်းတို့၏ ရန်သူပင် ဖြစ်သည်ဟုသတ်မှတ်၍ သတ်ဖြတ်နေခြင်းဖြစ်‌ ပေသည်။ ထိုဆေးရုံများ၊ ထိုစာသင်ကျောင်းများ၊ ထိုဈေးများသည် AA ထိန်းချုပ်နယ်မြေရှိ အရပ်သား ပြည်သူ အားလုံးအသုံးပြုနေရသည့် နေရာဖြစ်သည်။ မည်သည့် AA စစ်သားမျှမရှိသည့် နေရာဖြစ်သည်။ 

စစ်တပ်သည် ယခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့၊ ရွာများကို သိမ်းပိုက်ရရှိမှုများ ရှိခဲ့ရာ ပြန်လည်သိမ်းပိုက်ရရှိသည့် မြို့၊ ရွာများတွင် ကျန်ရစ်နေထိုင်သူများသည် ပြည်သူများဖြစ်နေသည်ကို တွေ့ရမည်။ ထို့ကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများတွင် ပြည်သူများရှိနေသည်ကို လည်း ၎င်းတို့သိပါလျက် အကြင်နာကင်းမဲ့စွာဖြင့် ပြည်သူ၊ ပြည်သားများကို သတ်ဖြတ်ပြနေခြင်းဖြစ်သည်။ 

စစ်မြေပြင်တွင် ရှုံးနိမ့်မှုများကြောင့် အရှုံးနည်းပါး၊ ဖိအားနည်းပါးစေရန် ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်ပြခြင်းလည်းဖြစ်နိုင်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲသို့ လာရောက်စေရန် ထိုသို့ ဗုံးကြဲသတ်ဖြတ်ပြခြင်းလည်းဖြစ်နိုင်သည်။ 

ထို့အပြင် တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ်မြေတွင် ပြည်သူများ မနေထိုင်ဝံ့စေရန်၊ တော်လှန်ရေးအဖွဲ့တို့၏ အုပ်ချုပ်ရေးယန္တရားအသက်မဝင်စေရန် ထိုသို့ ဗုံးကြဲနေခြင်းလည်း  ဖြစ်နိုင်ပေသည်။ 

ယခုအိန္ဒိယဈေးနှင့်ကစ္ဆပနဒီတံတားတို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ စစ်တပ် ထုတ်ပြန်လာပါက ထိုဖြစ်ရပ်သည် ၎င်းတို့လက်ချက် မဟုတ်ကြောင်း ဖော်ပြနိုင်သလို  AA လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြနိုင်ခြေ ရှိသည်။  

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်လော်ဘီများ ယူဆသကဲ့သို့ ပြည်သူများသည် အကြောက်တရားများ  လွှမ်းမိုးသွားပြီး ဈေးမသွားရဲ၊ ဈေးမဝယ်ရဲ၊ မလုံခြုံသည့်ဒဏ်များကို  ခံစားရနိုင်သည်။ သို့သော်လည်း လူသားချင်းစာနာမှု ကင်းမဲ့သော စစ်အုပ်စုကို ပိုမိုနာကြည်းမှု၊ ဒေါသအကြီးအကျယ်ထွက်ခြင်းနှင့် အမုန်းတရားတို့ကိုသာရရှိနိုင်မည် ဖြစ်ပြီး စစ်အုပ်စု ပြောသည့် “တိုင်းရင်းသားစည်းလုံးညီညွတ်မှု” သည် စစ်အုပ်စုကြောင့်ပင် ဝေးကွာလာမည် ဖြစ်သည်။

သေဆုံးသူများကို မြေမြှုပ်သင်္ဂြိုဟ်နေကြစဉ်။ (ဓာတ်ပုံ- One Nation News)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။