အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တော်လှန်ရေး အားကောင်းသည့် စစ်ကိုင်း၊ ကရင်နီနှင့် ရခိုင်ကို ၁ ရက်အတွင်း ဗုံးကြဲ

အရပ်သားပစ်မှတ်များရှိရာ ဒေသ သုံးခုကို စစ်လေယာဉ်များက ခေါက်တုံ့ခေါက်ပြန် ပျံသန်း၍ ပစ်ခတ် ဗုံးကြဲခဲ့ရာ ကလေးများအပါအဝင် အရပ်သား ငါးဆယ်ကျော် ယမန်နေ့က သေဆုံးသွားကြသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၈ ရက်) အတွင်း ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကယား (ကရင်နီ) တို့ရှိ အရပ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ဒါဇင်နှင့်ချီ ( ၅၃ ဦး) သေဆုံး၊ ဒဏ်ရာရခဲ့သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ဘက် ၁၁ မိုင်ခန့်အကွာ အင်းလယ်ကြီးရွာကို မွန်းလွဲ တစ်နာရီခန့်တွင် လေယာဉ်တစ်စီးက ဗုံးသုံးကြိမ် ကြဲချခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု ကန့်ဘလူ ဒေသခံများက ပြောသည်။ 

ဗုံးတစ်လုံးမှာ အင်းလယ်ကြီးရွာ နေအိမ်တစ်လုံးပေါ် တည့်တည့်ကျရောက်ခဲ့ပြီး အသက် သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့သည်၊ ရွာတွင်းမှ အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်အတွက် စုစုပေါင်း လေးဦးသေဆုံးခဲ့သည်။ ယင်းအပြင် ကိုးဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံးနှင့် ကားတစ်စီး မီးလောင်ပျက်စီးခဲ့သည်။

“အိမ်ပေါ်တည့်တည့်ကျလို့ သူတို့ (သားအမိ) ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ နောက်ထပ် ကလေး တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်လည်းသေတယ်။ ရုတ်တရက်ဆိုတော့ ပြေးချိန်လွှားချိန် မရလိုက်ကြဘူး၊ ဒဏ်ရာရတာလည်း များတယ်” ဟု ကန့်ဘလူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များ အတည်ပြုနေဆဲဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်တပ်က ဗုံးထပ်ကြဲလာမည်ကို စိုးရိမ်သည့် အင်းလယ်ကြီးရွာခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ပြင်ဆင်နေပြီး ကန်ဘလူမြို့နယ်တောင်ဘက် ကျေးရွာအချို့မှာလည်း စစ်တပ် စစ်ကြောင်းများ မကြာခဏ ရောက်လာတတ်၍ စစ်ဘေးရှောင်ရလေ့ရှိသည်ဟု သိရသည်။

စစ်လေယာဉ်က ဗုံးကြဲခဲ့ပြီး ရော့ကတ်များဖြင့် ရွာအနှံ့ ပစ်ခတ်ခဲ့ကြောင်း၊ ရော့ကတ်တစ်ခု မပေါက်ကွဲဘဲ မြေပေါ် ကျန်ခဲ့ကြောင်း ကန့်ဘလူမြို့နယ်မှတော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာ ဗုံးကြဲခံရပြီးနောက် တွေ့ရသော အပျက်အစီးများ။ (ဓာတ်ပုံ-ပေးပို့)

လက်ရှိတွင် စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် အင်းလယ်ကြီးရွာ အနောက်မြောက်ဘက် ငါးမိုင်ခန့် အကွာတွင် ရောက်ရှိနေကြောင်း ဆိုသည်။ 

ထိုနေ့က အင်းလယ်ကြီးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ ယင်းမတိုင်မီ စက်တင်ဘာလ ၂၇ ရက် ညနှင့် နောက်တစ်နေ့ နံနက်တို့တွင် ကန်ဘလူမြို့အခြေစိုက် အမှတ် (၆၀၀၆) တင့်ကားတပ်မှ ဒရုန်းများဖြင့် ကင်းထောက်ခဲ့ပြီး ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ကန့်ဘလူဒေသအခြေစိုက် တော်လှန်ရေးရဲဘော်များထံက သိရသည်။

“ဒီနေ့ကတော့ ဘာတိုက်ပွဲမှမရှိဘူး၊ သက်သက်ကြဲသွားတာ။ လွန်ခဲ့တဲ့တစ်ပတ်လောက်က အခုဗုံးကြဲတဲ့ နေရာနဲ့ ၁၀ မိုင်ကျော်လောက်ဝေးတဲ့ ဇီးကုန်း သကြားစက်ရုံနားက ပျူစောထီးဂိတ်ကို ဝင်ပစ်တာ  ပျူတွေ သေသွားတယ်” ဟု ကန့်ဘလူအခြေစိုက် တော်လှန်ရေးရဲဘော် အမျိုးသားနောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က အင်းလယ်ကြီးရွာ၏ တောင်ဘက် ၁၁ မိုင်ခန့်အကွာတွင်ရှိသည့် စစ်ကောင်စီတပ်၏ သကြားစက်ရုံအနီးတွင် လုံခြုံရေးယူထားသည့် ပျူစောထီးဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် ပျူစောထီး ခုနစ်ဦး သေဆုံးခဲ့ပြီး တော်လှန်ရးတပ်များက သေနတ် ငါးလက်၊​ ခဲယမ်းများနှင့် ဆိုင်ကယ် ငါးစီးကို ရရှိခဲ့သည်ဟုသိရသည်။

လတ်တလောတွင် ကန့်ဘလူ တောင်ဘက်ခြမ်း ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ကင်းထောက်နေပြီး ဗုံးထပ်ကြဲမည်၊ စစ်ကြောင်းထိုးမည်ဆိုသည့် သတင်းများကြောင့် ကျေးရွာ ၁၀ ရွာနီးပါးခန့် စစ်ရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။

ကန့်ဘလူမြို့နယ်သည် တော်လှန်ရေးအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်သလို စစ်တပ်နှင့် စစ်တပ်၏ ထောက်တိုင်များဖြစ်သည့် ပြည်သူ့စစ်များ၊ ပျူစောထီးများ အင်အားကောင်းသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးချိန်မှ စ၍ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ရာ ကန့်ဘလူမြို့နယ်နှင့် အနီးဝန်းကျင်ဒေသများဖြစ်သည့် ရေဦး၊ ခင်ဦး၊​ တန့်ဆည်၊ ရွှေဘို စသည့် မြို့နယ်များတွင် ယနေ့အထိ တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေသည်။

ရခိုင်နှင့် ကရင်နီဒေသကိုလည်း ဗုံးကြဲ

လေကြောင်း အားသာသည့် စစ်တပ်က လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲလေ့ရှိပြီး ယမန်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကို ဗုံးကြဲခဲ့ရာ တစ်ရက်အတွင်း သေဆုံးသူ ၅၀ နီးပါး၊ ဒဏ်ရာရသူ ၆၀ နီးပါး ရှိခဲ့သည်။

ထိုဖြစ်စဥ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံးဖြစ်စဥ် ဖြစ်လာသည်။ 

အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့် တာဝန်ယူမှု၊တာဝန်ခံမှု ရှိရမည်ဟု  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/  အာရက္ခတပ်တော် (ULA /AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ 

“ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ ဒီဖြစ်စဥ်မှာ  အသက်ပေးသွားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ ပြည်သူတွေအတွက် တရားမျှတမှုရရှိဖို့၊  ဒီအကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ အကြမ်းဖက် မြန်မာ့တပ်မတော်နဲ့ ပါဝင်ပတ်သက်သူတစ်ယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့ လက်တုံ့ပြန်တိုက်ခိုက် သွားမယ် “ဟု ၎င်းကဆိုသည်။ 

ရခိုင်ပြည်နယ် ကျောက်တော်မြို့ဗုံးကြဲမှုမှ သေဆုံးသူအချို့အနီး တွေ့ရသည့် မိသားစုဝင်များ။ (ဓာတ်ပုံ-AFP) 

အလားတူ တော်လှန်ရေးအင်အားစုများ အားကောင်းရာ ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင်လည်း  ယမန်နေ့ နံနက် ၁၀ နာရီခန့်မှစတင်၍ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲခဲ့ရာ ဒေသခံ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ကရင်နီကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက တိုက်လေယာဉ်၊ Y-12 ထောက်ပို့လေယာဉ်များက ပစ်ခတ်ဗုံးကြဲခဲ့ကြောင်း ပြောပြသည်။ 

“ ဗုံးကြဲတာတွေ၊ လေယာဉ်ကနေ Rocket နဲ့ပစ်တာတွေ၊ စက်သေနတ် ပွိုင့် ၈ တွေနဲ့ပစ်တာတွေက ၁၀ နာရီခွဲ ဝန်းကျင်မှာ ဖြစ်တာပါ။ သူ (တိုက်လေယာဉ်) က နှစ်ခေါက်၊ သုံးခေါက်လောက် ပတ်ပျံပြီးတော့မှ ပစ်တာပေါ့။ အဲဒါပြီးမှ ၁၁ နာရီလောက်မှာ Y-12 နဲ့ ဗုံးလာကြဲတယ်” ဟု IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။ 

“ပစ်ခတ်လိုက် ၊ ဗုံးသီးတွေချလိုက်နဲ့ပေါ့။ ပွိုင့် ၈ နဲ့ပစ်တာကတော့ ကျွန်တော်ကြားသလောက် နည်းနည်း ဝေးတယ်။ အသံကတော့ ၁၅ ချက်လောက် ဆက်တိုက်ဆွဲတာကြားရတယ်။ Rocket နဲ့ပစ်တာကတော့ လေးလုံးနီးပါးရှိတယ်။ ဗုံးကြဲတာကတော့ နှစ်လုံးပေါ့။ Y-12 နဲ့က တခါချရင် လေးလုံး၊ ငါးလုံး၊ ခြောက်လုံး လောက်ချတာရှိတယ်။ တချို့ဟာကတော့ မကွဲဘူးထင်တယ်။ ငါးကြိမ်လောက်တော့ ချပါတယ်” ဟု  သူက ဆိုသည်။

ဒီးမော့ဆိုမြို့နယ်ကို ယခုလဆန်းမှ စတင်၍ လေကြောင်းပစ်ခတ်မှုများ ခပ်စိပ်စိပ် ပြုလုပ်နေပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေသည်။ 

ကရင်နီအပါအဝင် တစ်နိုင်ငံလုံးအနှံ့ စစ်ကြောင်း ပြန်ထိုးနေသည့်စစ်တပ်က မြေပြင်စစ်ကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး၊ လေယာဉ်စသည့်  ပုံစံသုံးမျိုးဖြင့် အသုံးပြုနေသည်ဟု IEC က ဆိုသည်။

“ နံပါတ်တစ်ကတော့ မြေပြင်ထိုးစစ်ပေါ့။ မြေပြင်ထိုးစစ်တွေကို တခြားတိုင်းနဲ့ပြည်နယ်လိုပဲ ကရင်နီ ပြည်နယ်ထဲကို ကြည်းတပ်နဲ့ပေါ့။ ထိုးစစ်ဆင်တာက နေရာတော်တော်များများဖြစ်နေတယ်။ ကရင်နီမှာ သူတို့တက်လိုက်ဆင်းလိုက်နဲ့ပေါ့။ လွိုင်ကော်အရှေ့ခြမ်း၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆို၊ ဒီးမော့ဆိုမြို့နယ်တွေထဲမှာပေါ့။ အဲဒီပုံစံက ခရီးတော့ သိပ်မတွင်ဘူးဆိုတာ ကျွန်တော်တို့သတိထားမိတယ်” ဟု ကိုဗညားက ဆိုသည်။

ခြေလျင်စစ်ကြောင်းဖြင့် တိုးမရပါက ဒုတိယနည်းလမ်းဖြစ်သည့် ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ စက်တင်ဘာလထဲမှာဆိုရင် ကရင်နီမှာ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုအများဆုံးဖြစ်တယ်။ လူထု သေကျေမှု ၊ တပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေမှာ ဒရုန်းကြောင့်က ပိုများတယ်။ လက်တကမ်းဖြစ်တဲ့  ၁၀ မိုင်ဝန်းကျင်မှာ ဒရုန်းတို့ လက်နက်ကြီးတို့နဲ့ပစ်ခတ်တာက တွေ့ရတယ်”

လက်နက်ကြီးနှင့် ဒရုန်း မရောက်နိုင်သည့် ၁၀ မိုင်ထက်ပိုသည့်အကွာအဝေးများတွင် လေယာဉ်ကို ပိုမို အသုံးပြုကြောင်း ကိုဗညားက ဆက်ပြောသည်။

“ လွိုင်ကော်အရှေ့ခြမ်းမှာဆိုလည်း လေယာဉ်ကြောင့် လူသေကျေတာတွေဆက်တိုက်ဖြစ်တယ်။ စက်တင်ဘာမှာပဲ မော်ချီးကိုကြဲတယ်။ အခုဆိုလည်း လေယာဉ်ရော ၊ ဒရုန်းရောကြဲတယ်။ ကျွန်တော်တို့ရဲ့ လူမှုစီးပွား ၊ အုပ်ချုပ်ရေးတွေကို ဖျက်ဆီးဖို့အတွက်က လေယာဉ်က အခရာကျနေတော့ လေယာဉ်ကို ပိုသုံးလာနေတယ်လို့မြင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ကချင်နှင့် ရှမ်းမြောက် ဝင်ပေါက်ဖြစ်သည့် ကချင်ပြည်နယ် မိုးမိတ်မြို့နယ်တွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး လေကြောင်းဗုံးကြဲမှုများ ရှိသည်ဟု ကချင်လွတ်လပ်ရေးတပ် (KIA)  ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။

စစ်တပ်က စစ်ရေးအောင်မြင်မှုများ မရှိခြင်းကြောင့် ကချင်ဒေသအတွင်း လေကြောင်းဗုံးကြဲမှုများ၊ ထိုးစစ်များ ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။

“ မင်းအောင်လှိုင် သမ္မတ တက်လာတဲ့ ရက်ပေါင်း ၁၀၀ အတောအတွင်း သူတို့က ငြိမ်းချမ်းရေး လုပ်ဖို့ ခေါင်းစဉ်ထဲမှာ ထည့်ထားတာရှိပါတယ်။ ကချင်ပြည်နယ်ဘက်မှာလည်း သူတို့အောင်မြင်မှု မရတာလည်း တကြောင်း ရှိမှာပါ။ ဗန်းမော်ဘက်မှာလည်း စစ်အင်အားဖြည့်ဖို့ သင်္ဘောတွေ တသုတ်ပြီးတသုတ် တက်လာတယ် ဒါပေမဲ့ သိပ်ပြီးတော့ အောင်မြင်တာ မတွေ့ရဘူး။ အရှုံးဘက်က ပိုများတယ်လို့ တွေ့ရပါတယ် ဒါကြောင့် ကချင်ပြည်နယ်မှာ ” စစ်ကြောင်းတွေ ထိုးပြီး စစ်ဆင်ရေးဖွင့်တယ်လို့ သုံးသပ်ပါတယ်” ဟု  (KIA)  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့) က  နိုင်ငံတဝန်း မြို့နယ်ပေါင်း  ၁၅ မြို့နယ်မှာ စစ်တပ်၏ စစ်ရေး လှုပ်ရှားမှုနှင့် အရပ်သား ပစ်မှတ်ထားတိုက်ခိုက်မှု စုစုပေါင်း ၁၇  ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုအထဲတွင် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်၊ ဒရုန်းတိုက်ခိုက်မှု လေးကြိမ်ရှိခဲ့ပြီး ယင်းနေ့အတွင်း အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles