အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဘေးသင့် ထားဝယ်ခရိုင်တွင် သေဆုံးသူ  ၃၄ ဦး ရှိ၊ ကလေးနှင့် သက်ကြီးပိုင်း အများစုပါဝင် 

တောင်ကြောများပြိုကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ထားဝယ်ဒေသတွင် ၃၄ ဦး၏ ရုပ်အလောင်းများ တွေ့ရှိထားပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် မြို့နယ်လေးခုတွင် ရေဘေးနှင့် တောင်ပြိုမှုကြောင့် သေဆုံးသူ ၃၄ ဦး ရှိလာပြီး အများစုမှာ  ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကာ ယခုဖြစ်စဉ်တွင် လောင်းလုံးမြို့နယ်၌ အထိအခိုက်အများဆုံးဖြစ်သည်ဟု စုံစမ်းသိရသည်။

ထားဝယ်ခရိုင်မြို့နယ်များဖြစ်သော ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့နယ်များတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက် နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ တောင်ပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး၂၇ ရက်နှင့် ၂၈ ရက် နေ့လယ်ပိုင်းအထိ စံချိန်တင်ရေကြီးမှုများကြောင့် ယခုကဲ့သို့ သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

လောင်းလုံးမြို့နယ်တွင် ကျေးရွာပေါင်း ၃၇ ရွာ ပျက်စီးခဲ့ပြီး ၂၂ ဦးသေဆုံး၊ သရက်ချောင်းမြို့နယ် ရွာပေါင်း ၂၂ ရွာမှ ရှစ်ဦး၊  ထားဝယ်မြို့နယ် ငါးရွာမှ ကလေးနှစ်ဦး သေဆုံးခဲ့ကြသည်ဟု ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) စာရင်းများအရ သိရသည်။ ယနေ့ နံနက်ပိုင်း ကဒက်ငယ်ထိန်ရွာတွင် ရုပ်အလောင်းနှစ်လောင်း ထပ်တွေ့သောကြောင့် သေဆုံးသူ ၃၄ ဦး ရှိလာခြင်း ဖြစ်သည်။ 

လောင်းလုံးမြို့နယ်အလယ်ပိုင်း ကဒက်ငယ်ထိန်ကျေးရွာ၌ အပျက်အစီးများသည့်အပြင် နေအိမ် ၃၀ ထက်မနည်း ဆုံးရှုံးခဲ့ရသည်။ ပျောက်ဆုံးနေသူ ၁၅ ဦးခန့် ရှိသည့်အနက် ဘုန်းကြီး၊ ကိုရင်ငယ်အပါအဝင် ၁၀ ဦး၏ အလောင်းများ တူးဖော်တွေ့ရှိထားပြီဖြစ်သည်ဟု ကဒက်ငယ်ထိန် တောင်ပြိုဘေး ကူညီကယ်ဆယ်ရေး အဖွဲ့က ယနေ့(စက်တင်ဘာလ ၃၀ ရက်) မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။

ထားဝယ်ခရိုင်အတွင်းမှ ရွာခံအများစုသည် နီးစပ်ရာ ထိုင်းနိုင်ငံသို့သွားရောက် အလုပ် လုပ်ကိုင်ကြသဖြင့် ရွာများတွင် ကျန်နေသည်မှာ ကလေးနှင့်သက်ကြီးပိုင်းများဖြစ်ရာ သေဆုံးသူများထဲတွင် ထိုသူအများစု ပါဝင်နေကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကဒက်ငယ်ထိန်ရွာအပြင် လောင်းလုံးမြို့နယ်တွင်းမှ တီဇစ်၊ တောကျဲ၊ ကရင်ကြီး၊ သဗျာ၊ ကျောက်နီမော် စသည့် ကျေးရွာများသည် ရေကြီးရေလျှံမှုအပြင် တောင်ပြိုခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်တွင် လောင်းလုံးဒေသရှိ တောင်စောင်းများ ပြိုကျမှု၊ တောင်ကျရေ ရုတ်တရက်စီးဆင်းလာမှုများကြောင့် ကျေးရွာအချို့သည် ရွှံ့နွံများဖုံးလွှမ်းသွားခဲ့ပြီး အချို့ရွာများတွင် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့သည်။ 

ကဒက်ငယ်ထိန်ရွာမှ သေဆုံး၊ ပျောက်ဆုံးစာရင်းနှင့် နာရေးအခမ်းအနား။ (ဓာတ်ပုံ- အောက်ရေဖြူကျေးရွာအုပ်စု နာရေးကူညီမှုအသင်း)  

​​ထို့နောက် ကပ်လျက်ရှိသည့် သရက်ချောင်း၊ ရေဖြူနှင့် ထားဝယ်မြို့နယ်များတွင်ပါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ထားဝယ်ဒေသတစ်ခုလုံး ကျေးရွာပေါင်း ၆၅ ရွာ ထက်မနည်း ပျက်စီးခဲ့ရာတွင် တောင်ပြို ကျမှုကြောင့် ရွာပေါင်း၂၅ ရွာ မြေဖုံးလွှမ်းသွားခဲ့သည်။

ရေကြီး၊ တောင်ပြိုမှုများအပြင် နေအိမ် ၃၀၇ လုံး ပျက်စီးခဲ့ရာတွင် လောင်းလုံးမြို့နယ်မှ ၃၀၀ နီးပါး ပါဝင်ကာ အများစုသည် မြေဖုံးလွှမ်း၍ ပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) ထံက သိရသည်။

လက်ရှိတွင် ကျေးရွာအများစုသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလိုအပ်လျက်ရှိနေသည်ဟု ထားဝယ်အမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူ ကိုယောနသံက ပြောသည်။ 

“နေအိမ် ၂၀၀ ဝန်းကျင်လောက်ကတော့ လုံးဝ မြေသားတွေ ဖုံးလွှမ်းပျက်စီးသွားတာမျိုးတွေရှိတယ်။ တချို့ပြည်သူတွေမှာ နေအိမ်ရော ကားဆိုင်ကယ် အစသဖြင့် အသုံးအဆောင်ပစ္စည်းတွေရော စုထားတဲ့ ရွှေထည် ငွေထည်တွေရော အကုန်လုံးက မြေအောက်ကိုရောက်ပြီး ပျက်စီးဆုံးရှုံးသွားတာမျိုးရှိတော့ သူတို့ (ဒေသခံများ) အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက  တော်တော်လေး လိုအပ်နေတဲ့ အနေအထားဖြစ်တယ်လို့ ပြောလို့ရပါတယ်” ဟု သူက ဆိုသည်။ 

မြိတ်၊ ထားဝယ်၊ ဘားအံ့ စသည့် ဒေသများမှ အဖွဲ့များအပါအဝင် အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး သေဆုံးသူ၊ ပျောက်ဆုံးသူနှင့် နေအိမ်အပျက်အစီး အရေအတွက်သည် ဆက်တိုးလာနိုင်သည်။

လက်ရှိတွင် မိုးရွာခြင်း၊ ရေကြီးခြင်းများ မရှိတော့သော်လည်း တောင်ပြိုမှုများ ဆက်ဖြစ်နိုင်သောကြောင့် ဒေသခံများအနေဖြင့် သတိပြုနေထိုင်ကြရန် ထားဝယ်အမျိုးသားအဖွဲ့ချုပ်က အသိပေး တိုက်တွန်းထားသည်။ 

လောင်းလုံးမြို့နယ် တောကျဲကျေးရွာနှင့် သရက်ချောင်းမြို့နယ်အတွင်း ရှင်းလင်းရေးလုပ်ငန်းများ လုပ်နေဆောင်နေကြစဉ်။ (ဓာတ်ပုံ-ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ – ထားဝယ်၊ Ei Ei Sapal Facebook)  

ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ အချက်အလက်များအရ လောင်းလုံးတောင်တန်းများတလျှောက်တွင် တောင်စောင်းများပြိုကျမှုသည် ၂၆ နေရာထက်မနည်း ရှိခဲ့ပြီး ဒေသခံများကလည်း တောင်ကြောတစ်ခုလုံး ပြိုကျနေခြင်းဖြစ်ကြောင်း ဆိုကြသည်။ 

တောင်ပြိုကျမှုများကြောင့်  ဒေသတွင်းရှိ မြို့၊ ကျေးရွာများနှင့် ချိတ်ဆက်ထားလျက်ရှိသော တံတား ၁၀ စင်း ထက်မနည်း ပျက်စီးခဲ့သောကြောင့် သွားလာရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲနေသည်။

ထားဝယ်- လောင်းလုံး- ရှင်မော် လမ်းပိုင်းတွင် တောင်ပြိုကျမှုများနှင့် လမ်းပိုင်း ပိတ်ဆို့နေမှုကြာင့် သကျက်တောကျေးရွာ၏ တောင်ဘက် ကျေးရွာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ မလုပ်နိုင်သေးကြောင်း ဒေသခံများက ဆိုကြသည်။

“ရေတွေပြန်ကျနေပြီဆိုပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေးက ခက်ခဲနေတုန်းပဲဖြစ်တယ်။ အင်တာနက် လိုင်းတွေ လျှပ်စစ်မီးတွေကလည်း ခက်ခဲနေတုန်းပဲဖြစ်တယ်။ တချို့ကျေးရွာတွေမှာဆိုရင် တောင်ပြိုမှု တွေကြောင့်၊ ရေကြီးမှုတွေကြောင့် သစ်ပင်တွေ လဲတာ၊ မြေသားတွေ ဖုံးလွှမ်းတာတွေကြောင့် တစ်ရွာနဲ့ တစ်ရွာ ကူးလူးဆက်ဆံဖို့အတွက်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရောက်ရှိနိုင်ဖို့အတွက်ကတော့ ခက်ခဲနေဆဲဖြစ်ပါတယ်”ဟု ကိုယောနသံက ပြောသည်။ 

သွားလာရေးခက်ခဲနေသလို ရေကြီးရေလျှံမှုများအပြီး နောက်ဆက်တွဲ  သောက်သုံးရေ၊ စားနပ်ရိက္ခာ စသည့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ရေကြီးသည့်နေ့မှစ၍ မိုးရေကိုသာ ကျိုချက်ပြီး သောက်သုံးရေအဖြစ် ကျေးရွာအများစုတွင် အသုံးပြု နေရကြောင်း လောင်းလုံး ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ 

“လက်ရှိတော့ မိုးရေတွေကိုကျိုချက်ပြီးသောက်နေတယ်ရှင်။ တောင်မပြိုတဲ့နေရာတွေမှာလည်း (ရေသွား) ခပ်ကြတယ်။ မိုးရေကတော့အသုံးများနေတယ်။  ရွာထဲက ကုန်စုံဆိုင်မှာတော့ (ရောင်းစရာ) မပြတ်သေးတော့ နှစ်ရက်စာလောက်ရမယ် ပြောနေသေးတယ်။ စားနပ်ရိက္ခာတွေအတွက် အလှူရှင်တစ်ဖွဲ့တော့ ရောက်ပြီ” ဟု ထိုအမျိုးသမီးက ပြောသည်။ 

ထိုသို့ လူပေါင်း ရာနှင့်ချီ ရေဘေးသင့်နေချိန် စစ်တပ်က ထားဝယ်၊ သရက်ချောင်းနှင့် ပလောက်စသည့် မြို့များပေါ်များတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်ဟု စစ်တပ်ထိန်းချုပ် MRTV က ဝါဒဖြန့်ထုတ်ပြန်သည်။ 

တော်လှန်ရေးအားကောင်းရာ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်များ ရေဘေးသင့်နေချိန် စစ်တပ်က ဒေသတွင်း ဝင်ရောက်နေရာယူနိုင်ရန်လည်း ကြိုးပမ်းနေသည်။ 

ယနေ့ နံနက်ပိုင်းမှ စတင်၍ ထားဝယ်မြို့နှင့် သရက်ချောင်းမြို့ကြားရှိ သင်းကျွန်း၊ ညောင်ဇင် ကျေးရွာများအနီး စစ်တပ်စစ်ကြောင်း ရောက်လာ၍ စောင့်ကြည့်နေကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့မှုများ မရှိသေးကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ယနေ့ မွန်းတည့်ချိန်တွင် ပြောသည်။

“ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းနယ်နဲ့ အစပ်ဘက်မှာ ညောင်းဇင်တို့ သင်းကျွန်း၊ ရန်တောင် (ရွာ) ပေါ့။ အဲ့ဒီဘက်ကိုတော့ စစ်ကြောင်းရောက်နေတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိသေးဘူး။ သူတို့အနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ရောက်ရှိလာသလဲဆိုတာကတော့ အခုချိန်အထိ စောင့်ကြည့်နေရတဲ့  အနေအထားပေါ့” ဟု ဆိုသည်။ 

စက်တင်ဘာလ ၂၈ ရက်ကလည်း လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာအနီး မောင်းမကန်နယ်မြေခံ ရဲစခန်းမှတဆင့် ကရင်ကြီးကျေးရွာအနီးရှိ ပြင်ကြီးကျေးရွာသို့ စစ်တပ်က ဝင်ရောက်လာခဲ့သေးသည်။ ပြင်ကြီးကျေးရွာတွင် တစ်ည စခန်းချပြီးနောက် စစ်တပ်က ပြန်ထွက်သွားသည်ဟု သိရသည်။

ရေဖြူမြို့နယ်တွင်မူ  စက်တင်ဘာလ ၂၆ ရက်နှင့် ၂၉ ရက်တို့တွင် စစ်တပ် ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ခဲ့ပြီး ဒေသတွင်း စစ်ရေးအရတင်းမာနေသည်ဟု ကိုယောနသံက ပြောသည်။ 

စက်တင်ဘာလ ၂၉ ရက်က လောင်းလုံးဒေသ အပျက်အစီးများအကြား တွေ့ရသော ဒေသခံများ။ (ဓာတ်ပုံ-Pyi Soe Tun Facebook) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles