အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးမည့်အစီအစဉ်ကို ယနေ့တွင်စတင်မည်ဟု စစ်တပ်ထိန်းချုပ်သတင်းစာများ မှတဆင့် ကြေညာလိုက်သည်။
အချိန်ပိုင်းလျှပ်စစ်မီးပေးမည့် အဆိုပါအစီအစဉ်သည် လာမည့်နှစ် ၂၀၂၇ မိုးရာသီအထိ ကြာမြင့်နိုင်သည်ဟု လည်း စစ်အာဏာရှင် အစိုးရ၏ လျှပ်စစ်ဌာနထုတ်ပြန်ချက်ကဆိုသည်။
မြို့နယ်လျှပ်စစ်ဌာနအချို့၏ Facebook မှတဆင့် ကြေညာချက်များအရ ခြောက်နာရီမီးလာ၊ ခြောက်နာရီမီးပျက်စနစ် စတင်မည်ဖြစ်ပြီး ၂၄ နာရီ တစ်ရက်လျှင် ၁၂ နာရီသာ လျှပ်စစ်မီးပေးမည်ဟု နားလည်ရသည်။
မန္တလေးမြို့ခံတစ်ဦးက လျှပ်စစ်မီးပြတ်တောက်မှုကို အောက်တိုလာလဆန်းမှစတင်၍ ဆိုးဆိုးရွားရွား ကြုံတွေ့နေရသည်ဟုဆိုပြီး အချို့ရက်များတွင် တစ်ရက်လေးနာရီသာ လျှပ်စစ်မီးရသည်အထိ ကြုံနေရသည်ဟုဆိုသည်။
“… တအားပူတဲ့ညကဆို တစ်ညလုံးမလာလို့ တခေါက်ခေါက်ကျိန်ဆဲနေရတာ၊ အတော်စိတ်ပျက်စရာ ကောင်းတယ်” ဟု မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
လျှပ်စစ်မီး ပုံမှန်မရှရိမှုကြောင့် လူနေမှုဘဝများလည်း ထိခိုက်လာပြီး၊ အိပ်ချိန်မမှန်တော့ဘဲ မီးဖိုချောင်စရိတ် အဖြစ် ဂတ်စ်မီးဖို၊ မီးသွေးအပါအဝင် အထွေထွေကုန်ကျစရိတ်များနှင့် ကျန်းမာရေးလည်း ထိခိုက်လာကြောင်း ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်နေ အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“အခုက(နံနက်)ကိုးနာရီလောက်ဆို နေက အတော်ပြင်းနေပြီ၊ သက်ကြီးရွယ်အိုတွေတောင် ဒုက္ခရောက်နိုင်တယ်၊ လျှပ်စစ်မီးမရှိရင် ပိုက်ဆံရှိတဲ့သူတောင် အဲယားကွန်းတပ်ထားပြီး မီးမလာလို့ မဖွင့်နိုင်ရင် သက်ကြီးပိုင်းတွေ ပိုထိတာပေါ့၊ ဆိုလာဈေးနှုန်းတွေကလည်းတက်လာတော့ ကုန်ကျစရိတ်တွေ ပိုတက်လာတောပေါ့”ဟု ၎င်းက ဆိုသည်။
အလှည့်ကျမီးပေစနစ် စတင်မည်ဖြစ်ကြောင်း စစ်တပ်ထိန်းချုပ်သတင်းစာ မကြေညာမီကပင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစု၌ လျှပ်စစ်မီး အပြည့်အဝ မရရှိဘဲ ကိုယ်ထူကိုယ်ထ အရန်မီးပေးစနစ်ကို အသုံးပြုနေရသည်ဟု ရန်ကုန်မြို့ခံ တစ်ဦးက ဆိုသည်။
ချက်ပြုတ်ရန်အတွက် လျှပ်စစ်မီးအစား မီးသွေးနှင့် ဂတ်စ်ကို အားထားအသုံးပြုနေရပြီး အဆိုပါ လောင်စာစျေးနှုန်းတို့မှာလည်း တရိပ်ရိပ်တက်လာနေပြီ မီးသွေးတစ်ပိဿာ ၃၂၀၀/ ၃၅၀၀ ကျပ်၊ ဂက်စ်တစ်ပိဿာ ၁၅၀၀၀ ကျပ်အထိ ရှိလာသည်ဟု ထိုမြိုခံက ဆိုသည်။
အများပြည်သူကို လျှပ်စစ်မီးအချိန်ပိုင်းသာပေးနေသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ကိုးကွယ်သည့် ဒက္ခိဏသီရီမြို့နယ်ရှိ မာရဝိဇယဆင်းတုတော်၊ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် စစ်ခေါင်းဆောင်ဟောင်းများ နေထိုင်သည့် ခြောက်လုံးတန်းအိမ်ရာတို့တွင် ဓာတ်အား ပြတ်တောက်ခြင်း မရှိဘဲ လင်းထိန်နေကြောင်း ယင်းနေရာများသို့ မကြာခဏရောက်ရှိသူ ဝန်ထမ်းများထံက စုံစမ်းသိရှိရသည်။
ထို့အပြင် စစ်တပ်မြို့တော် ပြင်ဦးလွင်တွင်လည်း ဌာနဆိုင်ရာ အဆောက်အအုံများနှင့် မြို့ထဲရှိ စစ်တပ်ဝင်း အိမ်ရာများတွင်လည်း လျှပ်စစ်မီး ပြတ်တောက်မှုမရှိကြောင်း ယင်းမြို့နယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။



