ကစ္ဆပနဒီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသော အိန္ဒိယစျေးမှာ လူအများအပြားဖြင့် စည်ကားလှသည်။ အသက် ၂၆ နှစ်အရွယ် မယုယုသွယ်သည် ထိုစျေး၌ ကုန်စုံဆိုင်ဖွင့်လှစ်ထားသောကြောင့် နံနက် ၇ နာရီ အချိန်မှစ၍ စျေးဆိုင်သို့ အရောက်သွားပြီး ဆိုင်ဖွင့်သည်။
စျေးသည် အေးအေးချမ်းချမ်းသာသာယာယာရှိနေပြီး သီချင်းသံ၊ ကားသံ၊ ဆိုင်ကယ်သံ တညံညံဖြင့် ယခင်နေ့ ပုံမှန်ရက် အတိုင်းပင်။
မွန်းတည့် ၁၂ နာရီကျော်အချိန် မယုယုသွယ်သည် ဆိုင်သို့ ကုန်ပစ္စည်းလာယူမည့်သူတစ်ဦးကို စောင့်ဆိုင်း နေလေသည်။ ထိုစဥ် မျှော်လင့်မထားသည့် ဖြစ်ရပ်ဆိုးကြီးတစ်ခု ပေါ်ပေါက်လာသည်။
ဂျက်တိုက်လေယာဥ်တစ်စီး ပျံဝဲနေသံကိုကြားလိုက်ရသောကြောင့် ဆိုင်ထဲသို့ဝင်၍ ဝပ်နေလိုက်သည်။ မကြာမီ ပေါက်ကွဲသံများ ကြားရပြီး ငိုကြွေးသံများ၊ ကြောက်လန့်တကြား အော်ဟစ်သံများလည်း အစီအရီထွက်ပေါ်လာ၏။
ယင်းဖြစ်စဉ်သည် စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအပါအဝင် လူပေါင်း ၅၀ သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၇ ဦး ရှိသည်။ ထိုဒဏ်ရာရသူများအထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၂၁ ဦး အထိ ပါဝင်သည်။
အဆိုပါဂျက်တိုက်လေယာဥ်သည် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ကစ္ဆပနဒီတံတားအောက်ရှိ အိန္ဒိယစျေး ကို ပထမဆုံးဗုံးကြဲသည်။ နောက်ထပ် လေးမိနစ်ခန့်အကြာတွင် ကစ္ဆပနဒီတံတားကို ထပ်ကြဲချသောကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့ရသည်။
ဗုံးကြဲမှုကြောင့် ကနဦး ၄၉ ဦး သေဆုံးရာမှ သေဆုံးသူထပ်တိုးကာ လူ ၅၀ ရှိလာခြင်းဖြစ်သည်။
ဖိနပ်လေးတစ်ရံနှင့် ကိုယ်ဝန်သည်မိခင်
မယုယုသွယ်သည် ပထမအကြိမ်ဗုံးကြဲခံရပြီးနောက် ဆိုင်ခန်းတွင် လုံခြုံမည်ဟုမထင်တော့ဘဲ ဆိုင်နောက် ကုန်ပစ္စည်းသိုလှောင်သည့် အဆောက်အအုံတစ်ခုသို့ ပြေးဝပ်နေလိုက်သည်။ ဗုံးကြဲပြီး လေယာဥ် ထွက်သွားပြီးမှသာ ထိုနေရာမှ ထွက်ခဲ့သဖြင့် အသက်ရှင် လွတ်မြောက်လာခဲ့ခြင်းဟု သူက ဆိုသည်။
“ကျွန်မအနေနဲ့ဆိုရင် အဲဒီဗုံးသံကို ပြန်လို့စဥ်းစားတောင် မစဥ်းစားချင်လောက်အောင် ကြောက်ဖို့ကောင်း ပါတယ်။ လူစည်ကားတဲ့နေရာကိုမှ တည့်တည့်လာကျတာဖြစ်လို့ ဒီလောက် ထိခိုက်မှုများတာ”ဟု ပြောသည်။
မယုယုသွယ်သည် ဗုံးကြဲမှုကြောင့် မည်သည့်ထိခိုက်မှုမျှမရှိသော်လည်း ကိုယ်ဝန်သည် ဆွေမျိုးရင်းချာတစ်ဦး ဆုံးပါးသွားသည်။ အစ်မဝမ်းကွဲ (မယုယုသွယ် ဖခင်နှင့် အစ်ကိုတော်စပ်သူ၏ သမီး) ဖြစ်သည့် အသက် ၃၂ နှစ် အရွယ် မခင်မာနွယ် သေဆုံးသွားခြင်းဖြစ်သည်။
မခင်မာနွယ်သည် ကိုယ်ဝန်ကိုးလ လွယ်ထားရသူတစ်ဦးဖြစ်ပြီး KG တန်းတက်နေသော ငါးနှစ်အရွယ် မအေးသန္တာနွယ် ဆိုသည့် သမီးမိန်းကလေးတစ်ဦးလည်းရှိသည်
မခင်မာနွယ်နှင့် ငါးနှစ်အရွယ် မအေးသန္တာနွယ်။ (ဓာတ်ပုံ- ပေးပို့)
မခင်မာနွယ်သည် ထိုနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် သမီးကို ကျောင်းပို့ရန်သွားစဥ် သမီးကလေးအတွက် ဖိနပ်တစ်ရံလည်း ဝယ်ရန်အတွက် အိန္ဒိယစျေးကို ရောက်ရှိလာသည်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ပြီး ဖိနပ်များကို ကြည့်ရှုပြီးနောက် သမီးလေးနှင့်သင့်တော်မည့် ဖိနပ်တစ်ရံကို တွေ့သဖြင့် စီးကြည့်ခိုင်းသည်။ အချိန်ကား မွန်းတည့် ၁၂ နာရီကျော်ဖြစ်သွားပြီ။
ထိုစဥ် တိုက်လေယာဥ်တစ်စီးပျံ ဝဲလာကာ စျေးသို့ ဗုံးတစ်လုံးချသောကြောင့် ဖိနပ်စီးနေသည့် သမီးလေးမှာ ဗုံးအရှိန်ကြောင့် လွှင့်စဥ်ထွက်သွားသလို မခင်မာနွယ်၏ ဝမ်းဗိုက်ကို ကျည်စဖောက်ဝင်ထွက်သွားပြီး လူ့လောကကို တကြိမ်တခါမျှ မမြင်ဖူးသေးသော နေ့စေ့လစေ့ သန္ဓေသား (မိန်းကလေး) မှာလည်း ဗိုက်က ထွက်ကျသွားသည်ဟု မယုယုသွယ်က အစ်မဖြစ်သူ၏ အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြသည်။
“ဗုံးတစ်လုံးကျလို့ လက်နက်ကြီးအစဟာ ဝမ်းဗိုက်ကိုတိုက်ရိုက်ဖြတ်ထိသွားပြီး ဘေးစောင်းလဲသွားတယ်။ ပါလာတဲ့သမီးကလေးငယ်လည်း အဝေးကို လွင့်သွားတယ်။ သူ(သမီး)တော့ ဘာမှမဖြစ်ဘူး။ ဆိုတော့ အမေက လဲလို့ …သမီးလေးကိုတော့ မြင်တော့ ‘သမီးလေး ပြေးတော့၊ပြေးတော့’လို့ ပြောပါတယ်တဲ့”ဟု ၎င်းကဆိုသည်။
သမီးငယ် မအေးသန္တာနွယ်သည် မိခင်၏ ဆိုးဝါးလှသည့်အဖြစ်ကို မြင်သော်လည်း မိခင်၏စကားကြောင့် လမ်းသို့ ပြေးထွက်လာသည်။ ထိုစဥ် သူ့ကို စာသင်ကြားပေးနေသည့် ဆရာမတစ်ဦးနှင့် တွေ့ကာ ပြေးပြီး ပွေ့ဖက်လိုက်သည် ။ ဗုံးပေါက်ကွဲမှုအရှိန်ကြောင့် တစ်စုံတစ်ခု၏ အရာဝတ္တုအစအနများသည် သူတို့ကို ထိမှန်ပြီး ခန္ဓာကိုယ်တို့တွင် ဒဏ်ရာအနည်းငယ်ရရှိသွားသည်ဟု မယုယုသွယ်က ပြောသည်။
“ဆရာမမှာလည်း မြေးလေးတစ်ယောက်ပါတယ်။ မြေးလေးနဲ့ ကျွန်မအစ်မရဲ့သမီးလေးကို ခေါ်ပြီး ခြံစည်းရိုးအပေါက်ငယ်လေးတစ်ခုက ထွက်ကြတယ်။ အဲဒီမှာလည်း ဂျက် (တိုက်လေယာဉ်) လာလို့ ဝပ်နေခဲ့ရတယ်။ ဝပ်နေရာကနေ ထွက်တော့ ဘာမှန်းမသိတစ်ခု (လေယာဉ်ပေါ်မှ) ဖြန်း …ဆိုပြီး ပေါက်ကွဲပြီး သူတို့နောက်ကျောတွေ၊ ကျွန်မအစ်မရဲ့ သမီးမှာလည်း လက်တွေ စင်ပါတယ်။ အဲဒီနောက်တော့ သူတို့ ထွက်လာတယ်”ဟု ၎င်းက ဆိုသည်။
ယင်းနောက် သွေးသံရဲရဲဖြစ်နေသော သမီးလေး မအေးသန္တာနွယ်ကို မယုယုသွယ်တို့ ပြန်တွေ့ကြသည်။ ကလေးငယ်သည် “မေမေမရှိတော့ဘူး၊ မေမေမရှိတော့ဘူး”ဟု ငိုယိုကာပြောဆိုနေ၍ အမေဖြစ်သူ၏ အကြောင်းကို မေးမြန်းရာတွင်လည်း “မေမေနဲ့စျေးဝယ်ဖို့လာတာ၊ မေမေ မရှိတော့ဘူး”ဟု ဆက်တိုက် ငိုကြွေးပြောဆိုသဖြင့် မယုယုနွယ်တို့သည် ဆောက်တည်ရာမရဖြစ်သွားသည်။ မအေးသန္တာနွယ်ဆိုသော KG တန်း မိန်းကလေးငယ်သည် အငိုမတိတ်ဘဲ ဆက်၍သာ ငိုကြွေးနေသည်။
ထို့နောက် မိသားစုများသည် မခင်မာနွယ်ကို ဆေးရုံ၊ ဆေးခန်းနှင့်မြို့အနှံ့ပတ်ရှာကြသော်လည်း လုံးဝ မတွေ့ပေ။ ဗုံးကျခဲ့သည့်နေရာများတွင်လည်း သွားရှာကြည့်သော်လည်း ရှာမတွေ့သဖြင့် သင်္ချိုင်းအထိ လိုက်ရှာကြည့်ကြသည်။ မည်သို့မျှ ရှာဖွေမတွေ့သောကြောင့် မိသားစုတို့သည် အပူမီးတောက်လောင်နေ ကြရသည်။ စိတ်ပူပန်နေကြရသည်ဟု မယုယုသွယ်က ပြောသည်။
“(စက်တင်ဘာလ ၂၈ ရက်) ညနေပိုင်းနေဝင်ခါနီးမှာမှ ဝမ်းကြီးမ(ကိုယ်ဝန်သည်မ)အလောင်းတစ်လောင်း သင်္ချိုင်းမှာ (ဝမ်းဗိုက်က) ကလေး ထွက်ကျပြီး ရောက်နေတယ်ကြားလို့ သွားရှာကြည့်တော့ ရုပ် (မျက်နှာ) တွေလည်း ပျက်သွားပြီ။ ဘယ်သူမှန်းလည်း အတည်ပြုလို့မရတော့ဘူး။ ဒါပေမဲ့ ကိုယ့်အစ်မမှာက ကိုယ်ဝန်နဲ့ဆိုတော့ အဲဒါကိုကြည့်ပြီး အတည်ပြုလိုက်ရတာပါ ”
မိခင်ဖြစ်သူနှင့်ဝမ်းဗိုက်မှ ထွက်ကျသွားသည့် သန္ဓေသားလေးမှာ ဗုံးမီးလောင်မှုဒဏ်ကြောင့် မည်းနက် လောင်ကျွမ်းနေသည်။
မခင်မာနွယ်နှင့် သန္ဓေသားလေးတို့ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-One Nation News)
မခင်မာနွယ် ထိုသို့ဖြစ်ပျက်သွားရခြင်းကိုလည်း မိသားစုဝင်များအတိအကျမသိရှိရခဲ့ပေ။ ငါးနှစ်အရွယ် သမီးငယ်လေးမှာလည်း ကြောက်လန့်စိတ်များ လွှမ်းမိုးနေသောကြောင့် တိတိပပပြောဆိုနိုင်ခြင်းမရှိပေ။
ဗုံးကြဲစဉ်က ထိုအနီးပတ်ဝန်းကျင်တွင်ရှိနေသူတစ်ဦးက ထိုဖြစ်စဥ် (မခင်မာနွယ် ဗုံးထိသောဖြစ်စဉ်) ကို မြင်တွေ့ရလိုက်ကြောင်း အိမ်သို့လာရောက် ပြောပြခြင်းကြောင့် ထပ်မံသိရှိရခြင်း ဖြစ်သည်။
မအေးသန္တာနွယ်သည် ကြောက်လန့်စိတ်များ ကြီးစိုးနေကာ မိခင်ဖြစ်သူ ပြန်လာမည့်လမ်းကိုသာ စောင့်မျှော်နေလျက်ရှိသည်။
မခင်မာနွယ်တို့ သားအမိ စျေးသို့သွားနေချိန် လင်ယောကျ်ား အသက် ၃၁ အရွယ် ကိုမောင်စိုးဝင်းသည် ဘေးတွဲဆိုင်ကယ်မောင်းချိန်ဖြစ်၍ မြို့ထဲတွင်ရှိနေသည်။ ထိုဖြစ်စဥ်များဖြစ်ပွားပြီးနောက်ပိုင်းတွင် အဖေတစ်ခု၊ သမီးတစ်ခုဘဝ ဖြစ်သွားရရှာသည့် ကိုမောင်စိုးဝင်းသည် ငိုကြွေးဝမ်းနည်းလျက်ရှိနေသည်။
“သူကတော့ ဘာမှတော့မပြောဘူး။ မယားလည်းသေသွားတယ်။ ဗိုက်ထဲက ကလေးလည်းသေသွားတော့ ဝမ်းနည်းလို့ ငိုလို့ ပူဆွေးနေတာပဲ ”ဟု မယုယုနွယ်က ဆိုသည်။
မယုယုသွယ်သည်လည်း အစ်မအရင်းအချာတစ်ဦးသေဆုံးသွားခြင်းကိုမယုံကြည်နိုင်သေးဘဲ အိပ်မက် တစ်ခုကဲ့သို့ တွေးနေပြီး “ကိုယ့်မိသားစုတစ်ယောက်ဆုံးရှုံးသွားလို့ ဝမ်းနည်းပါတယ်”ဟု ဖွင့်ဟသည်။
“အလောင်းကို ရှာမတွေ့ခင်ကအထိ (အသက်)ရှင်လို့ရှိလိမ့်မယ်လို့ မျှော်လင့်ချက်ရှိခဲ့တယ်”ဟု ဆိုသည်။
ကစ္ဆပနဒီတံတားပေါ်က မောင်နှံ
မယုယုသွယ်ကဲ့သို့ အိန္ဒိယစျေးတွင် ဆိုင်ခန်းဖွင့်လှစ်ထားသည့် အသက် ၂၇ နှစ်အရွယ် မခင်သန္တာ (အမည်လွှဲ) ဆိုသည့် မိန်းကလေးတစ်ဦး ရှိသည်။ သူသည် ပလတ်စတစ်ပစ္စည်းအရောင်းဆိုင် ဖွင့်ထားပြီး ဗုံးကြဲမှုဒဏ်ကို နဖူးတွေ့၊ ဒူးတွေ့ခံစားလိုက်ရသည်။ သူသည် တိုက်လေယာဥ်လာနေခြင်းကို အစပိုင်းတွင် မသိလိုက်ပေ။ သူသိလိုက်သည့်အချိန်တွင် လေယာဉ်သည် စျေးနှင့် အနီးကပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
မခင်သန္တာသည်ဆိုင်မှ ပြေးထွက်ကာ ဗုံးခိုကျင်းသို့ ပြေးဝင်သွားသည်။ ထို့နောက် ဗုံးများကျရောက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးရှိ သစ်ပင်များမှသစ်ရွက်များသည် ကြွေကျသွားသည်။ သူ့ခေါင်းပေါ်တွင်လည်း ဖုန်မှုန့်များ၊သဲမှုန့်များ ပေကျံသွားသဖြင့် အနီးပတ်ဝန်းကျင်မှ ဗုံးကျရောက်လာသည်ကို သိရှိလိုက်ရသည် ဟု ဆိုသည်။
“ဘေးနားမှာ လူတွေလည်းအများကြီးပဲ။ အားလုံး ပုန်းနေကြတယ်။ အဲဒီအချိန်မှာ တချို့လူတွေလည်း ငိုသူငို၊ ရယ်သူရယ်၊ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ကျွန်မပြောပြဖို့မတတ်တော့ဘူး။ မီးခိုတွေလည်း အလိပ်လိပ်တက်လို့၊ မီးလောင်နေတယ်။ ကိုယ့်အနီးအနားမှာ (ဗုံး) ကျတာကို သိပြီ။ ကိုယ့်ခန္ဓာကိုယ် အရင်ဆုံးစမ်းကြည့်တယ်။ ကျွန်မကို ထိသွားပြီလား၊ ခြေ၊လက်ပါသွားပြီလားလို့ အရင်ဆုံးစမ်း ကြည့်တယ်။ ကျွန်မတော့ ဘာမှမဖြစ်။ ဘေးကို လူတွေကိုလည်း ကြည့်သေးတယ်။ ဘေးနားက လူတစ်ယောက်တော့ ခေါင်းမှာ သွေးနည်းနည်းထွက်သွားတယ် ”ဟု ၎င်းက ဗုံးကြဲခံရပုံကို ပြောပြသည်။
ဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းနေစဉ်။ (ဓာတ်ပုံ-One Nation News)
ထိုဗုံးခိုကျင်းတွင် ပုန်းခိုနေရခြင်းမှာ ပထမဆုံးဗုံး ကျရောက်စဥ်ဖြစ်ပြီး ထိုဗုံးကျပြီးနောက်တွင် လုံခြုံမှုမရှိတော့ဟု ခံစားရပြီး နောက်တစ်နေရာသို့ သူ ထပ်မံရွှေ့ပြောင်းသည်။ ထိုအနီးအနားရှိ ပိုက်သည်ရပ်ကွက်၊ အိမ်တစ်အိမ်၌ ဝင်ရောက်ခိုလှုံသည်။
နောက်တစ်ကြိမ် ထပ်မံကျရောက်လာသည့် ဗုံးသည် ကစ္ဆပ နဒီတံတားပေါ်ကို ကျရောက်ပေါက်ကွဲပြီး ဗုံးအရှိန်ကြောင့် သူခိုလှုံနေသည့် နေအိမ်တံခါးလည်းပွင့်ထွက်သွားသည်ဟု မခင်သန္တာက ပြောသည်။
“ကျွန်မက အဲဒီအိမ်မှာ နည်းနည်းနေခဲ့တယ်။ ပြီးမှ ကိုယ့်ဆိုင်ကို ပြန်သိမ်းမယ်ဆိုပြီး ပြန်ထွက်တယ်။ စျေးမှာတော့ ဘယ်သူမှမရှိတော့ဘူး။ အဲဒီမှာ မီးလောင်နေတာကလည်း မီးညွန့်တွေလည်း တက်နေတော့ ဆိုင်ပစ္စည်းတွေကိုအရင်သိမ်းတယ်”ဟု ၎င်းကဆိုသည်။
ထို့နောက် သူသည် မြစ်ကမ်းနံဘေးကိုသွား၍ တစ်နာရီခန့် ထိုင်နေပြီးမှ ဗုံးကျသည့်နေရာအနီးတွင် ကျန်ရှိနေသည့် ဆိုင်ကယ်ကိုသွားယူသည်။ ထိုသို့သွားရောက်စဥ် ဗုံးကျသွားသည့် စျေးမြင်ကွင်းသည် မီးခိုးများ တက်နေပြီး လူမရှိ၊သူမ ရှိ သုသာန်န်တစပြင်ကဲ့သို့ ဖြစ်နေသည်ဟုဆိုသည်။
လူမှုကူညီရေးသမားများသည် အလောင်းများ ထုတ်ယူနေကြပြီး ဒဏ်ရာရရှိသူများကိုလည်း ကယ်ထုတ် နေသည်ကို တွေ့မြင်ခဲ့ရသည်။ ထို့နောက် ကြောက်လန့်စိတ်များဝင်ကာ မြို့ထဲရှိ အိမ်သို့ ပြန်သွားသည်။
ထိုအချိန်တွင် ထမင်းအတူတူ စားကြမည်ဟု ပြောဆိုခဲ့သည့် အစ်မဖြစ်သူ မည်သို့ဖြစ်ပျက်သွားသည်ကို မခင်သန္တာ တစ်ယောက်မသိသေး။ အိန္ဒိယစျေးတွင် စျေးရောင်းချနေသော အသက် ၃၆ နှစ်အရွယ် မသွယ်သွယ်မော်သည် ထမင်းအတူစားမည်ဟု ပြောဆိုခဲ့ကာ နံနက် ၁၁ နာရီကျော်ခန့်တွင် မြို့ထဲသို့ ထွက်သွားသည်။ ထို့ကြောင့် မြို့ထဲတွင် ရှိနေမည်ဖြစ်၍ အသက်အန္တရာယ်ကင်းမည်ဟု ထင်မြင်ထားသည်ဟု မခင်သန္တာက ပြောသည်။
“အစ်မက ကျွန်မဆိုင်ကိုလာသေးတယ်။ ကျွန်မနဲ့ထမင်းအတူတူစားမယ်တဲ့။ ခဏလေးစောင့်ဦးလို့ ပြောတယ်။ သူက စကားတွေပြောတယ် ။ သူ့(အနာဂတ်)အိပ်မက်လေးတွေအကြောင်းကို ပြောတယ်။ တစ်နာရီကျော်လောက် စကားထိုင်ပြောကြတယ်။ ပြောပြီးတာနဲ့ သူအိမ်ကို ခဏသွားမယ်တဲ့ ။ ကျွန်မကလည်း မသွားနဲ့တော့၊ ထမင်းအတူစားကြမယ်လို့ ပြောတယ်။ (သူက) နင့်ခဲအိုကို ပြောစရာတစ်ခု ရှိတယ်။ပြီးရင် နင့်ခဲအိုကို စျေးကို ပြန်ပို့ခိုင်းမယ်တဲ့”
“ထမင်းအတူတူစားကြမယ်။ စောင့်နေလို့ပြောခဲ့သေးတယ်။ ပြီးရင် ကျွန်မကို တာ့တာ ဆိုပြီး လက်ပြခဲ့သေးတယ်။ ကျွန်မက သူ့အင်္ကျီစကို လှမ်းဆွဲသေးတယ်။ မသွားနဲ့တော့လို့။ အင်္ကျီကို ဆွဲထားတဲ့လက်ကိုခါချခဲ့တယ်။ ဆိုတော့ ကျွန်မ စိတ်လေး(လံ)သွားတယ်။ အရင်နေ့တွေက အဲဒီလိုမပြော။ အဲ့ဒီနေ့က သူ့ကို မသွားစေချင်လို့ပေါ့”
မသွယ်သွယ်မော် အိမ်သို့ထွက်ခွာသွားပြီး မကြာမီအချိန်တွင် စျေးကို ဗုံးကြဲချခြင်းဖြစ်သည်။
မသွယ်သွယ်မော်နှင့်ခင်ပွန်း၊ ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့၊ One Nation News)
မခင်သန္တာသည် ဗုံးကြဲမှုဖြစ်ပွားပြီးနောက် အိန္ဒိယစျေးတွင် စျေးဆိုင် ရောင်းချနေသည့် အစ်မကြီး ဖြစ်သူ၏ အိမ်သို့လည်း ဘေးကင်း၊ မကင်း သွားရောက်ကြည့်ရှုရာ အစ်မကြီးက ဘေးကင်းသည်ဟု ဆိုသည်။
ထိုအိမ်တွင် မိသားစုဝင်များအားလုံးဘေးကင်းကြသည်။ သို့သော် အစ်မအလတ်ဖြစ်သူ မသွယ်သွယ်မော် တစ်ယောက်တော့မရှိ။ သို့သော် အိမ်သို့ စောစောပြန်နှင့်ပြီဖြစ်သောကြောင့် ဘေးကင်းလိမ့်မည်ဟု ယူဆ နေသည်။ မကြာမီတွင် မသွယ်သွယ်မော်၏ ယောက္ခမဖြစ်သူရောက်လာပြီး “နင်တို့အစ်မလင်မယား ရှာမတွေ့ဘူး”ဟု ပြောလာသည်။
“အခုထိ အိမ်ကို ပြန်မရောက်သေးဘူး။ အချိန်တွေသိပ်ကြာသွားပြီ။ ပြီးရင် အွန်လိုင်းပေါ်မှာ ပုံတစ်ပုံ တက်တယ်။ အစ်မ သွယ်သွယ်မော်နဲ့တူတယ်လို့ ပြောပါတယ်။ သူအင်္ကျီ ဘာအရောင်ဝတ်ခဲ့တာလဲ ငါ မမှတ်မိတော့ဘူးတဲ့။ ကျွန်မက တချက်ကြည့်ပါမယ်ဆိုပြီး ကြည့်တော့ မမြင်ရဘူး”ဟု မခင်သန္တာက ဆိုသည်။
ထို့နောက် မြို့အနှံ့သာမက သင်္ချိုင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် ဗုံးကျခဲ့သည့်နေရာများကိုလည်း သွားရောက် ကြည့်ရှုခဲ့ သော်လည်း မည်သည့်နေရာတွင်မျှ ရှာဖွေမတွေ့။
သင်္ချိုင်းမှပြန်အထွက် လမ်းတစ်နေရာတွင် သူငယ်ချင်းတစ်ဦးနှင့် တွေ့စဉ် အစ်မဖြစ်သူ၏ ဓာတ်ပုံကို ထုတ်ပြ၍ တိုက်စစ်ရာ တံတားပေါ်တွင် ဗုံးထိသော လင်မယားနှစ်ဦးမှာ အစ်မဖြစ်သူတို့ ဖြစ်နေကာ ရုပ်အလောင်းများကို အခြားရပ်ကွက်တစ်ခု၏ သင်္ချိုင်းတစ်ခု၌ တွေ့ရသည်။
သေဆုံးသူ မသွယ်သွယ်မော်သည် ညီမဖြစ်သူနှင့်ထမင်းအတူတူ စားကြမည်ဟု ပြောဆိုခဲ့ပြီးမှ အိမ်သို့ ထွက်သွားလေသည်။ ထို့နောက် အိမ်မှတဆင့် အိန္ဒိယစျေးသို့ လင်ယောကျ်ားဖြစ်သူကို ဆိုင်ကယ်ဖြင့် ပို့ပေးခိုင်းရာတွင် ကစ္ဆပနဒီတံတားပေါ်တွင် ဗုံးဒဏ်ကြောင့် သေဆုံးသွားခြင်း ဖြစ်သည်။
စစ်တွေ- ရန်ကုန်လမ်းမပေါ်တွင်ရှိသည့် ထိုတံတားသည် ရခိုင်ပြည်နယ် ကျောက်တော်နှင့် မြောက်ဦး၊ မင်းပြားမြို့တို့ကို ဆက်သွယ်ထားပြီး ကုန်စည်ကူးသန်းမှုနှင့် သွားလာမှုတွင် အရေးပါသည်။ လတ်တလောတွင်လည်း ထိုလမ်းပိုင်း အသုံးပြုပြီး အခြားမြို့၊ ရွာတို့မှ ဒေသခံများက ကျောက်တော်မြို့မှ ကုန်ပစ္စည်းတို့ကို ကား၊ ဆိုင်ကယ်တို့ဖြင့် သယ်ယူကြရခြင်းပင်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းက စစ်တပ်၏ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၉) အပါအဝင် ကျောက်တော်မြို့ကို AA က အလုံးစုံထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
ကျောက်တော်မြို့ကို ထိန်းချုပ်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AA)
ယခုအခါ ထိုတံတားသည်လည်း ဗုံးဒဏ်ကြောင့် ပျက်စီးပြီး သွားလာရခက်ခဲနေပြီဖြစ်သည်။
မသွယ်သွယ်မော်နှင့်ခင်ပွန်းဖြစ်သူ ကိုဇွဲညီနိုင်(ခေါ်)ကိုရွှေအိုးတို့သည် ဗုံးကြဲမှုမတိုင်ခင် တစ်ရက်နေ့က မင်္ဂလာဆောင်သက်တမ်း (၁၁) နှစ် ပြည့်မြောက်ခဲ့သည်။ ကိုရွှေအိုးသည် (၁၁) နှစ်ပြည့် မင်္ဂလာသက်တမ်းနှင့်ပတ်သက်ပြီး သူ၏ ချစ်ဇနီးအတွက် အွန်လိုင်းစာမျက်နှာတွင် စာဖွဲ့နွဲ့ရေးသားခဲ့သည်။
“သူတော်စင် မဟုတ်ခဲ့ရင်တောင် ဖြူစင်တဲ့ အချစ်တွေနဲ့ ဖြတ်သန်းလာကြတာ ရက်ပေါင်း လေးထောင်ကျော် ရှိပြီ။ မပျက်မယွင်းတဲ့ မေတ္တာတွေနဲ့ ထပ်ပြီး လေးသိန်း၊ လေးသန်း၊ လေးကမ္ဘာလောက် ဆက်သွားကြမယ်။ သိပ်ချစ်ပါတယ်နော်။ ပျော်ရွှင်စရာ ၁၁ နှစ်ပြည့်ပါ ချစ်ရတဲ့အမျိုးသမီးလေးရေ ”ဟု ရေးသားခဲ့သည်။
မသွယ်သွယ်မော်တို့ ဇနီးမောင်နှံရုပ်အလောင်းကို မြင်ရပြီးနောက် ရင်ထဲ ဆို့နင့်ကာ ပြောပြမတတ်အောင် ခံစားရသည်ဟု ညီမဖြစ်သူက ဆိုသည်။
အစ်မဖြစ်သူ သေသွားသည်ကိုပင် မယုံနိုင်ဘဲ အိပ်မက်ကဲ့သို့ ဖြစ်ကာ ယခုထက်ထိ သေသွားသည်ဟု မယုံကြည်နိုင်သေးဟု မခင်သန္တာက ပြောသည်။
“ကျွန်မက သူ့ကို အမေတစ်ယောက်လို၊ အစ်မတစ်ယောက်လို သိပ်အားကိုးတယ်။ ကျွန်မ တစ်ခုခု လုပ်မယ် ဆိုရင် ဘာကိစ္စမဆို သူ့ကို တိုင်ပင်ပြီးမှ လုပ်တယ်။ သူ့ကို အားကိုးပြီးနေလာခဲ့တာ။ သူ မရှိတော့ဘူးဆိုတော့ ပြောပြဖို့မတတ်ပါ။ သိပ်ခံစားရတယ်။ ဘယ်လောက်ခံစားရလဲဆိုရင် အခုထိ ထမင်းမစားနိုင်သေးဘူး။ ထမင်းစားမယ်လုပ်တော့ အစ်မကို စောင့်ရမယ်ဆိုတဲ့ အတွေးဝင်လာပြီး အခုထိ မစားနိုင်သေးပါ”ဟု သူက ငိုယို၍ ပြောသည်။
မသွယ်သွယ်မော်နှင့် ကိုရွှေအိုးတို့တွင် ကိုးနှစ်အရွယ် သမီးလေးတစ်ဦးနှင့် သုံးနှစ်အရွယ် သားလေး တစ်ဦး ကျန်ရစ်သည်။
ထိုကလေးငယ်တို့သည် မိဘများ ပြန်လာမည့် လမ်းကို စောင့်မျှော် ငိုယိုနေကြသည်။
စက်တင်ဘာလ ၂၈ ရက်က ဗုံးကြဲခံရပြီးနောက် တွေ့ရသော ကျောက်တော်မြို့ဈေးအနီးမြင်ကွင်း။ (ဓာတ်ပုံ-AFP)
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစတင်၍ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲပြီး မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ နယ်မြေအများစု လက်လွှတ်ထားရသည့် ရခိုင်ဒေသကို ပြန်လည် ထိုးစစ်ဆင်ရန် စက်တင်ဘာလ ၄ ရက်မှ စတင်၍ စစ်တွေမြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ထိုးစစ်ဆင်လာပြီး တိုက်ပွဲများ ပြင်းထန်နေသလို ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများဖြစ်နေသည်။
ထိုသို့ အစုလိုက်အပြုံလိုက်သေဆုံးသွားကြရသည့် ကျောက်တော်ဗုံးကြဲမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူ စစ်တပ်သည် နှုတ်ဆိတ်နေဆဲဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများ၊ ကုလသမဂ္ဂတို့က စစ်တပ်ကို ရှုတ်ချကြသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အတွက် အလွန်အမင်း စိုးရိမ် တုန်လှုပ်မိကြောင်း၊ မိမိတို့အစိုးရသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်သည်၊ နိုင်ငံသား ပြည်သူအားလုံးကို အကာအကွယ်ပေးရန်၊လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ပြတ်ပြတ်သားသား ပြောကြားကြောင်း ယူကေနိုင်ငံ၏ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Winterton က ထုတ်ပြန်ထား သည်။
“အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါ ။ ယူကေအစိုးရ အနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု ၎င်းက ဆိုသည်။
ထိုဗုံးကြဲမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ထိုအကြမ်းဖက်မှုတွင် ပါဝင်သူတိုင်းကို မကြာမီအချိန်အတွင်း ထိရောက်သော လက်တုံ့ပြန်မှုများကို ပြုလုပ်သွားမည်ဟု အာရက္ခတပ်တော်(AA)၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ ဒီဖြစ်စဥ်မှာ အသက်ပေးသွားခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှု ရရှိဖို့၊ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ အကြမ်းဖက် မြန်မာ့ တပ်မတော်နဲ့ ပါဝင် ပတ်သက်သူတစ်ယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့ လက်တုံ့ပြန်တိုက်ခိုက်သွားမယ်”ဟု ၎င်းက ဆိုသည်။
မလုံခြုံသည့်ကမ္ဘာ
မခင်သန္တာသည် တိုက်လေယာဥ်ပစ်ခတ်မှု(သို့မဟုတ်)အာဏာသိမ်းစစ်တပ်၊ အာဏာရှင်အစိုးရ၏ ယုတ်မာမှုကို ကြုံဖူးခြင်းမှာ ယခုမှမဟုတ်။ ယခင်ကလည်း ကြုံဖူးလေပြီ။
မြို့ထဲရှိ သူ့နေအိမ်ပတ်ဝန်ကျင်းတွင် ဗုံးကျ၍ လူအများ ထိခိုက်သေဆုံးမှုကိုလည်း မြင်တွေ့ဖူးပြီ။ ထိုစဥ် ကတည်းက လေယာဥ်ကို ကြောက်ရွံ့သွားသည်။ ထို့ကြောင့် ညနေဆိုလျှင် မအိပ်ရဲသည့် စိတ်ဝေဒနာကို ခံစားနေရသည်။
“အသက်တသက် ဆုံးရှုံးဖို့အတွက် မျက်စိတမှိတ်လေးတောင် မကြာလိုက်ဘူး။ အခုမြင် အခုပျောက် ၊ အဲဒီလိုကြောင့် စိတ်ဒဏ်ရာတွေအများကြီးရှိတယ်။ မလုံခြုံမှုတွေအများကြီးရှိတယ်”ဟု မခင်သန္တာက ပြောသည်။
ကျောက်တော်လေကြောင်းတိုက်ခိုက်မှုတွင်သေဆုံးသူအချို့၏ ရုပ်အလောင်းများ။(ဓာတ်ပုံ- AFP)
ဒေသခံများသည် ခရီးသည်တင်လေယာဥ်ဖြစ်ဖြစ် မည်သည့် လေယာဥ်သံမျိုးကို မဆို ကြောက်လန့်နေသည်။ စိုးရိမ်မှုများ ကြီးစိုးနေပြီး မြို့သူ၊ မြို့သားအချို့လည်း ကျေးလက်ဒေသများသို့ ရှောင်ပြေးသွားကြသည်။
ယခင်ကလည်း ရခိုင်အပြည်အနှံ့ကို စစ်တပ်က ဗုံးလာကြဲသောကြောင့် ဒေသခံများစွာ သေဆုံး၊ ဒဏ်ရာ ရကြရသည်။ ဒေသခံများသည်ကျီးလန့်စာစားနေထိုင်ကြရသည်ဟု ဆိုကြသည်။
မခင်သန္တာသည်လည်း ကြောက်လန့်တကြီးဖြင့်သာ ဈေးရောင်းချနေရခြင်းပင် ဖြစ်သည်။ မည်သည့် အချိန်တွင် ဗုံးလာမည်မသိဟု စိုးရိမ်စိတ်အပြည့်ရှိနေသော်လည်း စားဝတ်နေရေး အရ အသက်စွန့်ကာ လုပ်ကိုင်ရသည်ဟုဆိုသည်။
“ဈေးရောင်းနေရတာလည်း စိတ်မဖြောင့်ဘူး။ အားလုံး ကျွန်မလို ရှိမယ်ထင်တယ်။ အရေးကြီးတယ်ဆိုရင် ဆိုင်ပိတ်ကြတယ်။ ပြီးရင် ရောင်းကြတယ်။ အခုအခြေအနေအရ စားဝတ်နေရေးက အဲဒါတစ်ခုပဲ ရှိတာကို ” ဟု ၎င်းက ပြောသည်။
ကိုယ်ဝန်သည် အစ်မဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် မယုယုသွယ်သည်လည်း ဗုံးကြဲမှုဒဏ်ကြောင့် စိုးရိမ် ကြောက်လန့်နေသည်။ လတ်တလောတွင် မိုးကြိုးပစ်သံကိုပင် ကြောက်နေပြီး စျေးပြန်ဖွင့်လျှင်လည်း စျေးမရောင်းရဲတော့ ဟု ဆိုသည်။ “ဂျက်”ဆိုသည့်အသံကို နားနှင့်မကြားချင်တော့ဟု ညည်းတွားသည်။
“အခုထိခိုက်သေဆုံးသွားကြရတဲ့လူတွေဟာ ကိုယ့်ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ အပြစ်မရှိတဲ့ လူတွေပါ။ စစ်ကို စစ်နဲ့တူအောင်တိုက်ကြပါ။ ပြည်သူတွေဟာ မြေစာပင်မဟုတ်ဘူး”ဟု မယုယုသွယ်က ဆိုသည်။
ကျောက်တော်ရှိ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီ တံတားတို့ကို တိုက်ခိုက်မှုအပြီး အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်အနှံ့ ထပ်မံဗုံးကြဲနေသောကြောင့် လူအများအပြား ထိခိုက် သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။
ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော (ဝီရဌာနီ) ၊ ကျောက်တော်နှင့် သံတွဲမြို့တို့ကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၂ ရက်အထိ ဗုံးကြဲသောကြောင့် တစ်ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။
ထို့နောက် အောက်တိုဘာ ၃ ရက်၊ ၄ ရက်၊ ၅ ရက်၊ ၆ ရက်တို့တွင် ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင် ရှိသော စစ်ရှောင်စခန်းများနှင့် အရပ်သားကျေးရွာများကို ဗုံးကြဲခဲ့ရာ သေဆုံးသူ ၁၆ ဦးထက်မနည်းရှိကာ ထိခိုက်ဒဏ်ရာရသူ ၃၀ ထက်မနည်း ရှိနေသည်။
အောက်တိုဘာလ ၃ ရက်က ရသေ့တောင်မြို့နှင့် ပြားချောင်းကြီးရွာ၊ ပြင်ခေါင်ရွာနှင့်အငူမော်ရွာတို့ကို ဗုံးကြဲသောကြောင့် နှစ်ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရရှိသွားသည်။
နောက်တစ်နေ့ (အောက်တိုဘာလ ၄ ရက်) ညနေ ၅ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ သရက်ချိုနှင့် ယိုးငူရွာအကြား တည်ရှိသည့် ဗျာလစစ်ဘေးရှောင်စခန်းအား ဗုံးကြဲရာ ခြောက်ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရသွားသည်။
အလားတူ အောက်တိုဘာလ ၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာစစ်ဘေးရှောင်(IDP)စခန်းနှင့် အောင်ဖြူပြင်ကျေးရွာတို့ကို ဗုံးကြဲခံရမှုကြောင့် ရှစ်ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရရှိသွားသည်။ ထို့အပြင် အောက်တိုဘာလ ၆ ရက်ကလည်း ကျောက်တော်မြို့နယ် ချောင်းတူရွာကိုလည်း ဗုံးကြဲသောကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိသွားသည်။
ဗုံးကျရောက်ပြီးနောက် မီးလောင်နေသော ကျောက်တော်ဈေးအနီးကို ဝေဟင်မှ ရိုက်ကူးထားစဉ်။ (ဓာတ်ပုံ-AA)