ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်ကို ပြန်စိုးမိုးနိုင်ရေး စစ်တပ်က ထိုးစစ်ဆင်နေသော်လည်း ပိတ်ဆို့ ခုခံမှုများနှင့် ရင်ဆိုင်ရသောကြောင့် ခရီးမတွင်ဘဲ နှေးကွေးစွာ ချီတက်နေရသည်ဟု KNLA တပ်မဟာ ၅ တာဝန်ရှိသူတဦးက ပြောသည်။
KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပူးပေါင်းတပ်များသည် ဖာပွန်မြို့ကို ၂၀၂၄ ခုနှစ် မတ်လတွင် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဖာပွန်သည် ထိုစဉ်ကတည်းက လူနေထိုင်နိုင်ခြင်းမရှိတော့သော မြို့ပျက်ကြီးဖြစ်သွားခဲ့သည်။
ထို့နောက် မြို့တောင်ဘက်ရှိ စစ်တပ်၏ အခြေချစစ်ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်ခဲ့သော်လည်း လက်ရှိအချိန်အထိ မသိမ်းပိုက်နိုင်သေးဘဲ ဝိုင်းပတ်ပိတ်ဆို့ထားသလို စစ်တပ်ဘက်ကလည်း ဗျူဟာကုန်းမှထွက်၍ မြို့ကို ပြန်မသိမ်းနိုင်သေးပေ။ ကရင်နီ (ကယား) ပြည်နယ် မယ်စဲ့မြို့စွန်မှ သံလွင်နှင့် သောင်ရင်းမြစ်ဆုံအထိ ထိုင်း-မြန်မာနယ်စပ် တလျှောက်ကိုမူ KNLA တပ်မဟာ ၅ က ထိန်းချုပ်ထားနိုင်သည်။

ဖာပွန် အခြေချစစ်ဗျူဟာသည် ဖာပွန်-ကမမောင်းလမ်းမကြီးဘေး ဖာပွန်မြို့မှ သုံးမိုင်ကျော်အကွာ၌ တည်ရှိသည်။ KNLA နှင့် တော်လှန်ရေးတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ခံထားရသည်မှာ နှစ်နှစ်ခွဲ နီးပါး ကြာနေပြီဖြစ်သောကြောင့် စစ်ကူနိုင်ရန် စစ်တပ်က ဖာပွန်မြို့တောင်ဘက် ၅၁ မိုင်အကွာရှိ ကမမောင်းမြို့ဘက်မှ ထိုးစစ်ဆင်လာနေသည်။
စစ်တပ်ထိန်းချုပ် ‘မြန်မာ့အလင်း’ သတင်းစာ၏ စက်တင်ဘာလ ၂၉ ရက်ထုတ် စာစောင်တွင် ဖာပွန်-ကမမောင်း ကားလမ်းကို KNLA နှင့် PDF တပ်များက ထိန်းချုပ်ထားသဖြင့် “လူထု၏ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီး”ခဲ့ရကြောင်း၊ အဆိုပါကားလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်က မေလ ၅ ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ စက်တင်ဘာလ ၂၇ ရက်အထိ ကားလမ်းတလျှောက်ရှိ ရွာပေါင်း ၁၅ ရွာကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်သည်။ ငါးလတာအတွင်း တိုက်ပွဲပေါင်း ၆၅ ကြိမ်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်၏ ယာယီခြေကုပ်စခန်း ၁၁ ခုနှင့် လက်နက် ၁၅ လက် သိမ်းဆည်းရမိကြောင်း ‘မြန်မာ့အလင်း’ က ရေးသည်။
စစ်တပ်စစ်ကြောင်းတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အခြေစိုက် အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံတပ်များမှ စုစုပေါင်းအင်အား ၂၀၀၀ ခန့်အထိ ပါလာနိုင်ကြောင်း တပ်မဟာ ၅ ဘက်က ခန့်မှန်းထားသည်။
ဖာပွန်မြို့နယ် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ပိုမိုသိနိုင်ရန် စစ်အစိုးရ ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးကို Myanmar Now က သုံးကြိမ် တယ်လီဖုန်းခေါ်သော်လည်း ဖုန်းဖြေကြားခြင်းမရှိပါ။
သတင်းစာပါ စစ်တပ်ထုတ်ပြန်ချက်နှင့်ပတ်သက်၍ KNLA တပ်မဟာ ၅ ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က ယင်းသည် စိတ်ဓာတ်စစ်ဆင်ရေးဝါဒဖြန့်ခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင်မူ စစ်တပ်စစ်ကြောင်းသည် ခုခံတိုက်ခိုက်မှုများကြောင့် နှေးကွေးစွာချီတက်နေရသည်ဟု Myanmar Now ကို ပြောသည်။

စစ်တပ်၏ထိုးစစ်ကြောင့် လူမနေထိုင်နိုင်ဘဲ နေရပ်စွန့်ခွာထွက်ပြေးရသည့် ကျေးရွာပေါင်း ၂၇ ရွာရှိကာ လူအနည်းဆုံး ၃၆,၀၀၀ နီးပါး စစ်ရှောင်နေရကြောင်း တပ်မဟာ ၅ က စာရင်းပြုစုထားသည်။
KNLA တပ်မဟာ ၅ နှင့် တော်လှန်ရေးတပ်များသည် စစ်တပ်စစ်ကြောင်းကို ရင်ဆိုင်တိုက်ခိုက်မှုများ လုပ်သလို မကြာခဏချုံခိုတိုက်ခိုက်မှုများလည်း လုပ်နေကြောင်း ပဒိုစောထိုရော်ဘင်က ပြောသည်။
“တခါတလေ ထိပ်ဆုံးရောက်တဲ့အဖွဲ့တွေကို တိုက်ခိုက်တာရှိသလို အောက်ဘက်က လမ်းလုံခြုံရေးယူတဲ့အဖွဲ့တွေကို ဝင်တိုက်တာလည်း ရှိတယ်။ တိုက်ပွဲက အပေါ်မှာဖြစ်လိုက် အောက်မှာ ဖြစ်လိုက်နဲ့ပေါ့။ အဓိက စစ်ကြောင်းက တကြောင်းတည်းပဲ။ တခါတလေ နည်းဗျူဟာအရ နှစ်ကြောင်း၊ သုံးကြောင်းခွဲတာရှိတယ်။ မခွဲဘဲနဲ့ တကြောင်းတည်းစုတာလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်စစ်ကြောင်းသည် ကမမောင်းမြို့မှ မိုင် ၂၀ ခန့်အကွာ ကမမောင်း-ဖာပွန် ကားလမ်းပေါ်ရှိ ကတိုင်တိရွာတပ်စခန်းမှ ရှေ့တိုးရန် ကြိုးစားနေပြီး နေ့စဉ် လက်နက်ကြီး၊ ဒရုန်း၊ တိုက်လေယာဉ်တို့ဖြင့် ပစ်ကူပေးကာတိုက်ခိုက်နေသည်ဟု Free Burma Rangers အဖွဲ့တည်ထောင်သူ David Eubank (ဒေးဗစ်ယူဘန့်) က Myanmar Now ကိုပြောသည်။ ၎င်းသည် ကရင်ပြည်နယ်နှင့် ကရင်နီ (ကယား) ပြည်နယ်ရှိ တော်လှန်ရေးစိုးမိုးနယ်မြေများတွင် ထိခိုက်ဒဏ်ရာရ အရပ်သားများအား အရေးပေါ်ကယ်ဆယ်ရေးနှင့် ဆေးကုသမှုများလုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။
“ဒါပေမဲ့ အခုအချိန်အထိ (တော်လှန်ရေးပူးပေါင်းတပ်တွေက) သူတို့ရဲ့ ထိုးစစ်ကို ဟန့်တားထားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်စစ်ကြောင်းသည် ဖာပွန်မြို့မှ ၂၇ မိုင်ခန့်အကွာ ဆင်စွယ်ရွာသို့ ရောက်ရှိနေကြောင်း၊ ၎င်းတို့ မြန်မြန်ဆန်ဆန် ရှေ့မတိုးနိုင်ရခြင်းမှာ တော်လှန်ရေးတပ်များ၏ ခုခံတိုက်ခိုက်မှု၊ ဖာပွန်မြို့နယ်၏ တောတောင်ထူထပ်သည့် မြေမျက်နှာသွင်ပြင်ကြမ်းတမ်းမှုတို့ကြောင့်ဟု အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဗိုလ်ကြီးဇင်ယော်က ထောက်ပြသည်။
“မြေအနေအထားကြောင့်လည်းပါတယ်။ နောက်တစ်ခုက အဲဒီနယ်မြေက တပ်မဟာ ၅ နယ်မြေဖြစ်တယ်။ တပ်မဟာ ၅ က KNU/KNLA တပ်မဟာတွေထဲမှာ မာတဲ့တပ်မဟာ။ ပြီးရင် KNLA စစ်ဦးစီးချုပ် အဖူး (အဘ) ဘောကျော်ဟဲ ကိုယ်တိုင် ကွပ်ကဲတဲ့နယ်မြေဆိုတော့ စစ်တပ် ထင်သလောက် တိုးမပေါက်တဲ့ အခြေအနေဖြစ်နေတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
စစ်တပ်ဘက်ကမူ တော်လှန်ရေးတပ် စိုးမိုးထားသည့် ဖာပွန်-ကမမောင်း လက်ကျန်လမ်းပိုင်းကို ပြန်လည်သိမ်းပိုက်နိုင်ရန် ဒေသခံများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဟု စက်တင်ဘာလ ၂၉ ရက်ထုတ် မြန်မာ့အလင်းသတင်းတွင်ရေးသည်။



