အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်း သဖန်းဆိပ်ဆည် ရွှေမျှောဖောင်များကို လေတပ်ဗုံးကြဲမှု ၆ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရ

မွန်းလွဲ ၁ နာရီကျော်နှင့် ညနေ ၄ နာရီကျော်တို့တွင် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲသလို ရော့ကတ်များဖြင့် လည်း ပစ်ခတ်သဖြင့် ရွှေမျှောဖောင်များ ပျက်စီးမီးလောင်ခဲ့သည်။ ပထမ တကြိမ် တိုက်ခိုက်မှုအပြီး ကယ်ဆယ်ရေးလုပ်နေစဉ် နောက်တကြိမ် တိုက်ခိုက်ခံရသဖြင့် အထိအခိုက် များပြားခဲ့ရခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် အနောက်ဘက်ရှိ သဖန်းဆိပ်ဆည်တွင် တနိုင်တပိုင် ရွှေမျှောလုပ်ကိုင်ကြသူများကို စစ်တပ်က လေယာဉ်များဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦး သေဆုံး၊ ၃၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဒေသခံ တော်လှန်ရေးအဖွဲ့များက ပြောသည်။

ကျွန်းလှမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ သဖန်းဆိပ်ဆည်တွင် ရွှေတူးဖော်သည့် ဖောင်များကို စစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၅ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် တိုက်လေယာဉ်တစီးဖြင့် တကြိမ် ဗုံးကြဲခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် ထပ်မံဗုံးကြဲခဲ့သည်။

ပထမ အကြိမ် ဗုံးကြဲမှုအပြီး  ကယ်ဆယ်ရေးနှင့်  မီးငြှိမ်းသတ်မှုလုပ်နေစဉ် ဒုတိယအကြိမ် တိုက်လေယာဉ်နှစ်စီးဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်သည်ဟု ကန့်ဘလူခရိုင် ပြည်သူ့တော်လှန်ရေးတပ်မတော် တပ်ရင်းတခုမှ ရဲဘော်တဦးက ပြောသည်။ 

“ပထမတစီးက ဗုံးချပြီးတော့ ရော့ကတ်နဲ့ပစ်တယ်။ အဲဒီမှာ ဖောင်တွေမီးလောင်ပျက်စီးပြီး သေဆုံးတာတွေ များသွားတယ်။ အဲဒါကို ကယ်လို့မပြီးသေးဘူး ညနေမှာ နောက်ထပ်နှစ်စီးနဲ့ လာပစ်တာ ဒဏ်ရာရသူတွေတော်တော်များသွားတယ်၊ မီးတွေလည်း တော်တော်လေးကို လောင်သွားတာ မီးခိုးတွေကို အူနေတာပဲ” ဟု အဆိုပါ တော်လှန်ရေးရဲဘော်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ညနေ ၄ နာရီခွဲခန့်တွင် ဟုမ္မလင်းမြို့မှ တက်လာသည့် ဂျက်တိုက်လေယာဉ်ဖြင့် သုံးကြိမ်၊ ဗုံးခြောက် လုံးကြဲချခဲ့ပြီး နောက်တကြိမ်ရောက်လာသည့် တိုက်လေယာဉ်က ဗုံး သုံးလုံးကြဲချခဲ့ကာ ရော့ကတ်ဖြင့် အတွဲလိုက်ပစ်ခတ်သွားခဲ့သည်ဟု အဆိုပါ ရဲဘော်က ပြောသည်။

ပထမအကြိမ် ဗုံးကြဲမှုအတွင်း ဒေသခံ ငါးဦး ချက်ချင်းသေဆုံးခဲ့သလို ဒဏ်ရာပြင်းထန်သူများထဲမှ တဦး ထပ်မံသေဆုံးခဲ့သည့်အတွက် သေဆုံးသူခြောက်ဦးအထိ ရှိသွားခဲ့သည်။ ကယ်ဆယ်ရေးလုပ်နေစဉ် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်အထိ မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရသူအရေအတွက် ၃၀ ကျော်တွင် အချို့မှာ ပြင်းထန်သည့် ဒဏ်ရာများကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် အဆင့်တွင် ရှိနေပြီး ထိခိုက်သေဆုံးသူအရေအတွက်မှာ ထပ်မံတိုးမြင့်လာနိုင်သည်ဟု  အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။

“… ဖောင်နှစ်ဖောင် ပိုင်ရှင်ဆိုရင် သူ့ဖောင်ပေါ်တည့်တည့်ကျလို့  နှစ်ဖောင်လုံး မီးလောင်ပျက်စီးပြီး အလုပ်သမား ရှစ်ယောက်လုံး ထိခိုက်တယ်၊ အဲဒီအထဲက နှစ်ယောက်သေတယ်” ဟု အထက်ပါ ရဲဘော်က ပြောသည်။

ဗုံးကြဲမှုကြောင့် ရွှေမျှောဖောင် ခုနစ်စီး မီးလောင်ပျက်စီးခဲ့ပြီး အခြားဖောင်  လေးစီးမှာ မီးမလောင်သော်လည်း ပျက်စီးသွားခဲ့ကြောင်း၊ ရွှေမျှောလုပ်ကိုင်သူအများစုမှာ ဗုံးထပ်ကြဲမည်ကို စိုးရိမ်နေကြကြောင်း ကျွန်းလှဒေသခံ အမျိုးသမီးတဦးက ပြောသည်။

“လေယာဉ်က သုံး၊ လေးစီးနဲ့ကို မနက်ရော ညနေရောလာကြဲတာဆိုတော့ ဒေသခံတွေက တော်တော်လန့်သွားကြပြီ။ အရင်တခေါက်ကြဲတုန်းကလည်း တော်တော်သေခဲ့တော့ အားလုံးက လန့်နေကြတာ။ တချို့ဆို ပစ္စည်းတွေပြန်သိမ်းနေကြပြီ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း ယခုလိုပင် စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲကာ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွှေမျှောလုပ်ကိုင်သူ ဒေသခံ ၁၃ ဦးသေဆုံးခဲ့သည်။

သဖန်းဆိပ်ဆည်၏ အနောက်ဘက်ကမ်းဒေသများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကာ ရွှေမျှောများနှင့် ရွှေလုပ်ကွက်အများစုထံမှ အခွန်ငွေ ရရှိနေကြသည်။

တိုက်ပွဲဖြစ်ပွားရာမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားသည့် စစ်တပ်၏ ရည်ရွယ်ချက်မှာ တော်လှန်ရေးတပ်များ၏ ရန်ပုံငွေကို ဖြတ်တောက်လိုခြင်းဖြစ်နိုင်သည်ဟု ဒေသခံ​တော်လှန်ရေးအဖွဲ့များက သုံးသပ်ကြသည်။

“ ရွှေလုပ်ငန်းတွေ ရေနံလုပ်ကွက်တွေ ဒီလုပ်ငန်းတွေကနေ တော်လှန်ရေးအတွက် ရန်ပုံငွေရနေတယ်၊ ဒီလုပ်ငန်းမှာလုပ်နေတဲ့ သူတွေကလည်း တော်လှန်ရေးကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေပါ ဆိုပြီးတော့ ကန့်ဘလူ ပျူခေါင်းဆောင် (သင်္ကန်းဝတ်) ဝါသဝက လေယာဉ်ပစ်(ကူ)ပေးဖို့ သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ခဏခဏ တောင်းဆိုထားတာ”ဟု အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။

ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်သည် စစ်တပ်ထောက်တိုင် ပြည်သူ့စစ် ပျူစောထီးများ အများအပြားရှိသည့် ဒေသဖြစ်ပြီး ကျွန်းလှမြို့အနောက်ဘက် သဖန်းဆိပ်ဆည်၏ အရှေ့ဘက်ကမ်းဒေသများကို စစ်တပ်နှင့် ပျူစောထီးများက ထိန်းချုပ်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles