ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်စခန်းနှစ်ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံး၊ ၁၂ ဦးဒဏ် ရာရရှိသွားကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနှင့် ယိုးငူကျေးရွာအကြားရှိ ဗျာလစစ်ဘေးရှောင်စခန်းကို စစ်တပ်က ယမန်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ရာ ခြောက်ဦးပွဲချင်းပြီး သေဆုံးသွားကာ ၁၁ ဦးဒဏ်ရာရသွားသည်ဟု လူမှု ကူညီကယ်ဆယ်ရေးသမားတစ်ဦးကပြောသည်။
“ဂျက်လေယာဥ်နှစ်စီးနဲ့ ရှေ့ဆင့်နောက်ဆင့်လာကြဲသွားတာ။ သေဆုံး၊ ဒဏ်ရာရသူတွေ ထပ်တိုးရှိတယ်လို့သိရပါတယ်။ ကျွန်တော်တို့ စာရင်းအတိအကျမသိရသေးဘူး” ဟု ၎င်းကဆိုသည်။
အလားတူ ယနေ့ နံနက် ၉ နာရီကျော်ခန့်ကလည်း ပန်းနီလာကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့သောကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ကြောက်လို့ အပြင်လည်းမထွက်ရဲဘူး။ ကိုယ့်အိမ်မှာနေတယ်။ အပြင်ထွက်ပြီး (သတင်း) နားစွင့်ဖို့လည်း မရတော့ဘူး။ ကိုယ်လွတ်ဖို့အတွက် ရုန်းနေရတယ်” ဟု ၎င်းကဆိုသည်။
စစ်တပ်သည် ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားကို လေကြောင်းမှဗုံးကြဲတိုက်ခိုက် နေသောကြောင့် လူထိခိုက်သေဆုံးမှုများပြားနေပြီး စိုးရိမ်ကြောက်လန့်နေရသည်ဟု ဒေသခံသတင်းထောက် တစ်ဦးကပြောသည်။
“သတင်းရေးမယ့် စားပွဲထိုင်ခုံမှာတောင် မထိုင်ရဲတော့ဘူး။ ဗုံးခိုကျင်းနားမှာပဲထိုင်နေရတယ်။ သတင်းရေးဖို့လည်း စိတ်မဖြောင့်လို့ ကြည့်ပြီးထိုင်နေရတယ်။ သိပ်စိတ်ညစ်တယ်” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် စနေနေ့၊ နံနက် (၁) နာရီအချိန်ခန့်တွင်လည်း ရသေ့တောင်မြို့ရှိ မြို့ပေါ် ရပ်ကွက်များအပါအဝင် ပြားချောင်းကြီးကျေးရွာနှင့် ပြင်ခေါင်ကျေးရွာတို့ကို Y-12 လေယာဉ်တစ်စီးဖြင့် နာရီဝက်ခန့်ကြာ လှည့်ပတ်၍ ဗုံးအလုံးရေ (၂၀) ခန့် ကြဲချခဲ့ရာ ရသေ့တောင်မြို့ပေါ် တောင်ရင်းတန်းရပ်ကွက်မှ ကိုးတန်းကျောင်းသူ မမိုးမိုးနွယ် (၁၅ နှစ်) နှင့် ပြားချောင်းကြီးကျေးရွာမှ ဦးအောင်ကျော်သာ (၇၀ နှစ်) တို့မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။ ထို့အပြင် အရပ်သားပြည်သူ (၁၀) ဦးမှာလည်း ဗုံးစများ ထိမှန်ဒဏ်ရာရရှိခဲ့ကြသည်။
ယင်းနေ့ နံနက် (၁) နာရီ (၃၅) မိနစ်အချိန်ခန့်တွင်လည်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာကို ဗုံးကြဲသောကြောင့် ဒေသခံသုံးဦးဒဏ်ရာရရှိသွားသည်။
အလားတူ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနီ(ပေါက်တော)၊ ကျောက်တော်နှင့် သံတွဲ မြို့တို့ကိုလည်း စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၁ ရက် အထိဗုံးကြဲသောကြောင့် တစ်ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရရှိသွားသည်။
စက်တင်ဘာလ (၂၈) ရက်တွင်လည်း ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးဝန်းကျင်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၅၀ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။



