လွန်ခဲ့သည့်သုံးနှစ်က စစ်တပ်စစ်ကြောင်းနှင့်တိုး၍ ဖမ်းဆီးခံခဲ့ရပြီး အဆက်အသွယ်ပြတ်တောက် သွားခဲ့သည့် စစ်ရှောင် အမျိုးသား ၁၂ ဦး၏ ရုပ်ကြွင်းများကို မကွေးတိုင်း မြိုင်မြို့နယ်တွင် ပြန်လည်တူးဖော်တွေ့ရှိခဲ့သည်။
မှိုရှာသွားသူတစ်ဦး၏ အမှတ်မထင် သဲလွန်စတွေ့ သတင်းပေးမှုကြောင့် ယင်းရုပ်ကြွင်းများကို ဒေသခံများက ပြန်လည်တူးဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရုပ်ကြွင်းများပိုင်ရှင် လူ ၁၂ ဦးမှာ အသက် ၁၅ နှစ်မှ ၆၁ နှစ်အထိ ရှိကြပြီး ဂွေးကုန်းရွာမှ ကိုးဦး၊ မန်ကျည်းကုန်းရွာ၊ သံချောင်းရွာနှင့် မန်ကျည်းကန်ရွာတို့မှ တစ်ဦးစီပါဝင်သည်။ ၎င်းတို့အားလုံးမှာ အရပ်သား စစ်ရှောင်ပြည်သူများ ဖြစ်ကြောင်း မြိုင်မြို့နယ်အတွင်း စစ်ရှောင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ‘အညာမြေအရပ်ဘက်အဖွဲ့’နှင့် ဒေသခံများကပြောသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက် နံနက်ပိုင်းက မြိုင်မြို့အနီး စစ်တပ်အခြေစိုက်ထားရာ အမှတ် (၂) တပ်မတော် အကြီးစားစက်ရုံ (ဒေသအခေါ် စက်မှု-၂) မှ ထွက်လာသည့် စစ်ကြောင်းသည် Well 2 ရေနံမြေရှိ စစ်တပ် အခြေစိုက်စခန်းသို့ ရုတ်တရက် စစ်ကြောင်းထိုးလာစဉ် စက်မှု-၂ နှင့် နှစ်မိုင်ခွဲခန့်ဝေးသည့် ဂွေးကုန်းကျေးရွာမှ စစ်ရှောင်နေသည့် ပြည်သူများအပါအဝင် အနီးဝန်းကျင်ကျေးရွာတို့မှ အမျိုးသား ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ (အောက်တိုဘာလ ၄ ရက်) နံနက်ပိုင်းတွင် မှိုရှာသူတစ်ဦး၏ အကြောင်းကြားချက်အရ ဂွေးကုန်းရွာနှင့် ငါးမိုင်ခန့်အကွာ ဝက်ပုတ်ရွာ၏အစွန် တောစပ်တွင် မြှုပ်နှံထားသည့် မြေကျင်း နှစ်ကျင်းထဲတွင် အရိုးစုများ၊ ကြိုးများ၊ အဝတ်အစားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဝက်ပုတ်ရွာသည် ၂၀၂၄ ခုနှစ် ဩဂုတ်လက တော်လှန်ရေးအဖွဲ့များ၏ အသိမ်းပိုက်မခံရမီအထိ စစ်တပ်နှင့် ပြည်သူ့စစ် (ပျူစောထီး) များ ခြေကုပ်ယူထားခဲ့သည့် ရွာဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသူများတွင် တစ်ဦးဖြစ်သည့် ဂွေးကုန်းရွာခံ ကိုအောင်ဇင်ဟိန်း၏ နိုင်ငံသား စိစစ်ရေးကတ်ပြားအပါအဝင် ကျောင်းသားကတ်များ၊ ယာဉ်မောင်းလိုင်စင်များကို တွေ့ရှိခဲ့ရပြီးနောက် ရုပ်ကြွင်း ၁၂ ခုသည် ဂွေးကုန်းရွာတွင် စစ်တပ်က လွန်ခဲ့သော သုံးနှစ်က ဖမ်းဆီးသွားခဲ့သူ ၁၂ ဦး ဖြစ်သည်ဟု အတည်ပြုထားနိုင်ကြောင်း အညာမြေအရပ်ဘက်အဖွဲ့မှ ဆရာထွေးက ပြောသည်။
အသက် ၂၆ နှစ်အရွယ် ကိုအောင်ဇင်ဟိန်းမှာ ထိုစဉ်က ဂျပန်နိုင်ငံသို့အလုပ်သွားလုပ်ရန် ရန်ကုန်တွင် သင်တန်း တက်နေခဲ့အပြီး အိမ်သို့ပြန်လာစဉ် စစ်တပ်စစ်ကြောင်းနှင့်တိုးကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုစဉ်က စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ထို ၁၂ ဦးနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာတွင် ၎င်းတို့ အသတ်ခံခဲ့ရပြီးဖြစ်ကြောင်း သိခဲ့ရသည်။ ၎င်းတို့ ၁၂ ဦးကို ဖမ်းခေါ်သွားပြီး နှစ်ရက်အကြာ ဇွန်လ ၁၁ ရက်တွင် စစ်တပ်နှင့် ပျူစောထီးတို့က သတ်ဖြတ်ခဲ့ကြောင်း ဝက်ပုတ်ရွာကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသည့် စာရွက်စာတမ်း အထောက်အထား တစ်ခုကို ကိုးကားပြီး သိခဲ့ရသည်ဟု ဆရာထွေးက ပြောသည်။
သို့သော် အသတ်ခံခဲ့ရသည်ကိုသာ သိခဲ့ရပြီး ရုပ်အလောင်းများကိုမူ ရှာဖွေမရခဲ့ဘဲ ယခုမှသာ တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“ပထမ တစ်ကျင်းက လူခြောက်ယောက်စာတွေ့တယ်။ စနစ်တကျမြှုပ်ထားတာမဟုတ်ဘူး။ ခွေခွေ ခေါက်ခေါက်တွေနဲ့ သင့်သလို လျှောက်မြှုပ်ထားတာ။ မြှုပ်ထားတာမှာ ကြိုးတုပ်လျက်တွေ မြှုပ်ထားတာ။ ပုဆိုးတွေ ဘောင်းဘီတွေ မပါဘူး။ သူက အဲ့ဒီမှာ အပေါ်အင်္ကျီပါတယ်။ တချို့အတွင်းခံ ပါတယ်။ ပုဆိုးမပါဘူးဗျ။ ကိုယ်တုံးလုံး ထားတဲ့သဘော။ အဲ့ဒီလိုပထမတစ်ကျင်းတွေ့တယ်။ ထပ်ရှာတော့ ပထမတစ်ကျင်းနဲ့ ၁၂ ပေလောက် အကွာမှာ မြေကျင်းမသင်္ကာစရာတွေ့တော့ ဖော်တော့ အဲ့ဒီကနေ ခြောက်လောင်းစာထပ်တွေ့တာ”ဟု မြေကျင်းများတူးဖော်ရာတွင် ပါဝင်ခဲ့သူ ဆရာထွေးက ပြောသည်။
အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနှင့် ထိုရွာတွင် တာဝန်ကျနေသည့် တပ်ကြပ်ကြီး အဆင့်ရှိ ဘိုဖြူတို့ ဦးဆောင်ခဲ့ကြောင်း အညာမြေအရပ်ဘက်အဖွဲ့က ထုတ်ပြန်သည်။ ပျူစောထီးခေါင်းဆောင် ဝင်းငွေမှာ ၂၀၂၄ ခုနှစ်အတွင်းမှာပင် တော်လှန်ရေး အင်အားစုများနှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး ဘိုဖြူမှာမူ ဝက်ပုတ်ရွာ အတိုက်ခံရချိန်တွင် စက်မှု-၂ ဘက်သို့ ထွက်ပြေးလွတ်မြောက်သူများတွင် ပါဝင်ခဲ့သည်ဟု ၎င်းကဆိုသည်။
စစ်တပ် ဖမ်းဆီးခံရစဉ်က ပါဝင်ခဲ့သူများ၏ မိသားစုဝင်များကို ဆက်သွယ်နိုင်ရန် Myanmar Now က ကြိုးပမ်းနေသည်။
စစ်တပ် ဖမ်းဆီးသွားသည့်အရပ်သားများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် မကွေးတိုင်း၊ စစ်ကောင်စီခန့်ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရခဲ့ပါ။



