ရေဘေးသင့်နေသော တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ယနေ့၊ (အောက်တိုဘာလ ၁ ရက်) ညနေတွင် လေယာဉ်များက ဗုံးကြဲ၊ ပစ်ခတ်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
စစ်လေယာဉ်နှစ်စီးက သရက်ချောင်းမြို့တောင်ဘက် ငါးမိုင်ခန့်အကွာ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဘေးမှ တဆက်တည်း တည်ရှိသည့် ဆင်ကျွန်း၊ ကျောက်ပြင်၊ လဘ၊ ပိတိုင် စသည့်ရွာများအနီး ဗုံး ငါးလုံးကြဲချခဲ့သည်ဟု ဆိုကြသည်။
“လေယာဉ်နဲ့ ကြဲသွားတယ်၊ စက်သေနတ်နဲ့လည်း ပစ်သွားတယ်။ အခုကတော့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတော့ အဆက်အသွယ်မရ ဖြစ်နေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ၏ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ပြောသည်။
ပြီးခဲ့သည့် ရက်များက ထားဝယ်ခရိုင် လောင်းလုံး၊ သရက်ချောင်း၊ ထားဝယ်၊ ရေဖြူ လေးမြို့နယ်တွင် ရေဘေးသင့်ခဲ့ပြီး လူ သုံးဒါဇင်နီးပါး သေဆုံးကာ ရာနှင့်ချီ ပျောက်ဆုံးနေသည်။ ယင်းအပြင်ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်လျက်ရှိပြီး စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သည့် အခြေအနေများကို အတည်ပြုရန် ခက်ခဲနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောကြသည်။
ယနေ့ ဗုံးကြဲမှုအတွင်း ရေဘေးကယ်ဆယ်ရေးရောက်နေသည့် လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ လက်မတင်လေး လွတ်မြောက်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း စစ်တပ်သည် သရက်ချောင်းနယ်မြေအတွင်း ဆင်ကျန်းကျေးရွာနှင့် လဘကျေးရွာဝန်းကျင်တို့ကို ညနေ ၃ နာရီဝန်းကျင်တွင် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပစ်ခတ်ကာ လေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဗုံးကြဲခံရသော ကျေးရွာများသည် KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၄) နယ်မြေ မြိတ်ထားဝယ်ခရိုင်အတွင်း ပါဝင်နေပြီး ရေဘေးသင့်နေချိန် စစ်တပ်က လူမဆန်သော လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း KNU က ဖော်ပြထားသည်။
စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ပြို၊ ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သော သရက်ချောင်းမြို့နယ်အပါအဝင် မြို့နယ်လေးခုတွင် ကယ်ဆယ်ရေးနှင့် ပြန်ထူထောင်ရေးလုပ်ငန်းများကို အရပ်ဘက်လူမှုကူညီရေးအဖွဲ့များက ခက်ခဲစွာ ဆောင်ရွက်နေရသည်။
တနင်္သာရီတိုင်း ထားဝယ်ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များကလည်း ရေဘေးသင့်ပြည်သူများကို ကူညီနေကြောင်း ဆိုကြသည်။

ထိုသို့ လူထု ကပ်ဘေးဆိုက်နေချိန် စစ်တပ်က အခွင့်ကောင်းယူ၍ စစ်ကြောင်းထိုးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းနှင့် ရေဘေးအပေါ် နိုင်ငံရေးအရ အသုံးချနေခြင်းများသည် လူမဆန်သော လုပ်ရပ်သာ ဖြစ်သည်ဟု နည်းဗျူဟာ (၃၃/၃၄) မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။
၎င်းတို့အနေဖြင့် ထားဝယ်ခရိုင်အတွင်းရှိ စစ်တပ်၏ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ ရေဖုံးလွှမ်းခံရပြီး ပျက်စီးဆုံးရှုံးနေချိန်တွင် ပြည်သူများ၏ မေတ္တာရပ်ခံချက်၊ လူသားချင်းစာနာထောက်ထားမှုများအရ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းအပါအဝင် စစ်ရေးလှုပ်ရှားမှု မပြုခဲ့ကြောင်း ၎င်းက ဆိုသည်။
“ပြည်သူလူထုရဲ့ မေတ္တာရပ်ခံချက်အရ ကျွန်တော်တို့ဘက်က ကိုယ်ပိုင်အသိအတွေးအခေါ်အရ ဒီကာလမှာ အခွင့်ကောင်းယူပြီးတော့ မလုပ်သင့်မလုပ်ထိုက်တဲ့ အပြုအမူလို့ပဲ မြင်တယ်။ ကျွန်တော်တို့ဘက်က အခွင့်ကောင်းယူပြီးတော့ စစ်ရေးချဲ့ထွင်တာ၊ နယ်မြေချဲ့ထွင်တာတွေ မရှိပါဘူး”
ယမန်နေ့ (စက်တင်ဘာလ ၃၀ ရက်) ကလည်း ထားဝယ်မြို့အရှေ့ဘက် ပကာရီကျေးရွာအုပ်စု၊ ရေဝိုင်းကျေးရွာအနီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ရှိခဲ့ပြီး အထိအခိုက်မရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်တပ်က သရက်ချောင်းမြို့တောင်ဘက်တွင် ရေဘေးကယ်ဆယ်ရေး အကြောင်းပြ၍ စစ်ကြောင်းထိုးလျက်ရှိပြီး ရေဘေးသင့်မှုကို အခွင့်ကောင်းယူ၍ ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပါက လက်တုံ့ပြန်သွားမည်ဟု ကိုမင်းထက်က ပြောသည်။
ထားဝယ်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ ညနေအထိ စစ်တပ်ဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်းမရှိသေးပေ။ သို့ရာတွင် ထားဝယ်မြို့ပေါ်၊ သရက်ချောင်းမြို့နှင့်အချို့နေရာများတွင် ကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။
ရေဘေးသင့်နေသော ရေဖြူမြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးလာမှုများကြောင့် စက်တင်ဘာလ ၂၅၊ ၂၆ နှင့် ၂၉ ရက်တို့တွင် ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သေးသည်။
ရေဘေးကြောင့် အထိအခိုက် အများဆုံးဖြစ်ခဲ့သော လောင်းလုံးမြို့နယ်သည် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ အားကောင်းသည့်ဒေသ ဖြစ်သည်။
ထို့ကြောင့် ရေဘေးသင့်မှုကို အခွင့်ကောင်းယူ၍ စစ်တပ်က တော်လှန်ရေးထိန်းချုပ်ဒေသများအတွင်း ဒေသခံများအဖြစ်အသွင်ယူ စိမ့်ဝင်လျက်ရှိသည်ဟုလည်း PDF နည်းဗျူဟာ ၃၃ က ယနေ့ ညနေတွင် သတိပေးထုတ်ပြန်ထားသည်။
စစ်တပ်ရန်ကြောင့် လောင်းလုံ၊ သရက်ချောင်းမြို့နယ်များသို့ လာရောက်သည့် ကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေး ယာဉ်များ၊ ထောက်ပံ့ရေးယာဉ်များအနေဖြင့် အလံဖြူထောင်၍ သွားလာခြင်း မပြုကြရန် တော်လှန်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။
ရေဘေးသင့်နေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ အရပ်သား သေဆုံး၊ ဒဏ်ရာ ရရှိမှုများ ယခုနှစ် နှစ်လယ်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်စစ်ကိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ် ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ရေဘေးသင့်နေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ သုံးနှစ်ကလေး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး ရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
အလားတူ ဩဂုတ်လအတွင်း မြန်မာနိုင်ငံအနောက်မြောက်ဖက် စစ်ကိုင်းတိုင်းအတွင်း ရေဘေး အကြီးအကျယ်သင့်နေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် အရပ်သား နှစ်ဦး သေဆုံးပြီး တစ်ဒါဇင်နီးပါး ဒဏ်ရာရရှိခဲ့သည်။




