အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးလေ့လာသုံးသပ်ချက်

မူးယစ်ဆေးဝါးထုတ်လုပ်သူများနှင့် ငြိမ်းချမ်းရေးယူထားသော စစ်အုပ်စု၏ မူးယစ်နှိမ်နင်းမှုဗျူဟာ

အာဏာသိမ်းထားသော စစ်ဗိုလ်ချုပ်အဆက်ဆက် မူးယစ်ဆေးနှိမ်နင်းသည် ဆိုသော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာတွင် မူးယစ်ဆေးအများဆုံးထုတ်လုပ်ရာနိုင်ငံ ဖြစ်လာသည်။

မြန်မာနိုင်ငံက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် အခါတိုင်း “သတင်းအရ” ဖမ်းဆီးရမိကြောင်း ဝါဒဖြန့် ထုတ်ပြန်လေ့ ရှိသည်။   ရဲတပ်ဖွဲ့နှင့် ပြည်သူသည် တသားတည်း ရှိနေပြီး၊ ပြည်သူများက မူးယစ်ဆေးဝါးဂိုဏ်းများ၏ လှုပ်ရှားမှုများကို ကြိုတင် “သတင်းပေး” မှုကြောင့် ဖမ်းဆီးရမိခြင်းဟု ဆိုလိုချင်ဟန်တူသည်။ 

အဆိုပါ မြန်မာရဲတပ်ဖွဲ့၏ ဝါဒဖြန့်သတင်းများသည် ပြည်သူများအကြား လှောင်ပြောင်ရယ်မောစရာ ဖြစ်နေခဲ့သည်မှာ အာဏာရှင်ဟောင်း နေဝင်းလက်ထက်ကတည်းက ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး အထောက်အပံ့များရယူပြီး၊ ဘိန်းစစ်ဆင်ရေးအမျိုးမျိုး ဆင်နွှဲအောင်မြင်နေပြီ ဟု ကြွေးကြော်လာခဲ့ရင်း၊ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူထုတ်လုပ်ဖြန့်ဖြူးသော ကမ္ဘာ့နံပါတ်တစ်နေရာကို အာဖဂန်နစ္စတန်နိုင်ငံ လက်ထဲမှ လွှဲပြောင်းရယူနိုင်ခဲ့သည်။      

မြန်မာရဲတပ်ဖွဲ့၏ စွမ်းရည်မှာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတိုင်း အခကြေးငွေယူ သယ်ဆောင်သူများကိုသာ ဖမ်းဆီးပြခြင်း ဖြစ်သည်။ ပို၍အရေးကြီးသော မူးယစ်ဆေးဝါးထုတ်လုပ်သူ ပိုင်ရှင်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာစခန်းများကို “သတင်းအရ” ဖော်ထုတ်ဖမ်းဆီးနိုင်စွမ်း မရှိသည်မှာ အဘယ်ကြောင့်နည်းဟု ပြည်သူများအကြား ဆယ်စုနှစ်များစွာ မေးခွန်းထုတ်ခဲ့ပြီး ယနေ့တိုင် အဖြေမရသော ပုစ္ဆာ ဖြစ်ပါသည်။ 

သို့သော် ပြည်သူများတွင် အဖြေရှိသည်ဆိုလျှင် အံ့ဩကြမည်မထင်။ မူးယစ်ဆေးဝါးငွေကြေးများကို ပြောင်ပြောင် တင်းတင်း ငွေကြေးခဝါချပေးခဲ့ပြီး၊ ဘိန်းဘုရင်များကို မြို့တော်ရန်ကုန်၏ ဈေးအကြီးဆုံး ဇိမ်ခံရပ်ကွက်များတွင် ဇိမ်ခံအိမ်ကြီးများထဲ အစောင့်အရှောက် အခြွေအရံ ပြည့်စုံစွာဖြင့် စည်းစိမ်ယစ်မူး ခွင့်ပြုခဲ့ကြသည်မှာ စစ်ဗိုလ်ချုပ်များကိုယ်တိုင် မဟုတ်ပါလား။   

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မူးယစ်ဆေးဝါးထုတ်လုပ်ရာ ဗဟိုချက်မ နေရာများကို “သတင်းအရ” မဖော်ထုတ်နိုင်သရွေ့ စစ်အုပ်စု၏ မူးယစ် ဆေးဝါးနှိမ်နင်းရေး ဆိုသည်မှာ “ပလိုင်းပေါက်နှင့် ဖားကောက်” ပြသော နည်းနာမျှသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံတကာ မူးယစ်ဆေးဝါး နှိမ်းနင်းရေး အစီရင်ခံစာများနှင့် သတင်းများတွင် မြန်မာနိုင်ငံ အခြေအနေသည် တစ်နှစ်ထက် တစ်နှစ် ပို၍ဆိုးရွားလာနေပြီး၊ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှု ပြုလုပ်ရာ ထိပ်တန်းနိုင်ငံဖြစ်လာပြီ ဖြစ်သည်။ 

ထို့အတူ စစ်အာဏာသိမ်းချိန်မှစ၍ ကျဆင်းလာသော တိုင်းပြည်၏စီးပွားရေးကို မူးယစ်ဆေးဝါး ငွေကြေးများက မည်မျှကျားကန်ပေးနေသနည်း၊ နိုင်ငံ၏ ဘဏ်များထဲ မူးယစ်ဆေးဝါးငွေကြေးများ ပုံသဏ္ဌာန်မျိုးစုံဖြင့် ရုပ်ဖျက် ဝင်ရောက်နေသနည်း၊ စဉ်းစားစရာ ဖြစ်လာပါသည်။ 

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအဆင့်အတန်းတွင် ထိပ်ဆုံးအထိ တိုးတက်လာသောဖြစ်ရပ်ကို ပြပါဆိုလျှင် မူးယစ်ဆေးဝါးများ တိုးတက်ထုတ်လုပ်ဖြန့်ဖြူးမှုဟု ဆိုရပေလိမ့်မည်။  အရှေ့တောင်အာရှဒေသ၏ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရာ ဗဟိုချက် ဖြစ်လာခြင်းက နိုင်ငံ၏အနာဂတ် မျိုးဆက်လိုက် ဆိုးကျိုးခံစားရမည့် အန္တရာယ်ကျရောက်နေခြင်းပင် ဖြစ်သည်။  

မူးယစ်ဆေးဝါးထုတ်လုပ်သော စခန်းများ “ပိုင်ရှင်မဲ့” တွေ့ရှိခြင်း

၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပနေချိန် ရှမ်းပြည်မြောက်ပိုင်း သီပေါနှင့် မိုင်းရယ်မြို့အကြား မက်သ်အဖက်တမင်း (Methamphetamine) သို့မဟုတ် ဒေသအခေါ် “ရာဘ” စိတ်ကြွရူးသွပ်ဆေးဝါးများ ထုတ်လုပ်သည့် စခန်း သုံးခုကို စစ်တပ်စစ်ကြောင်း များက ဖော်ထုတ်နှိမ်နင်းနိုင်ခဲ့သည့် သတင်းကို ပြည်သူများ သတိပြုမိမှု နည်းပါးခဲ့သည်။  

အတုအယောင်ရွေးကောက်ပွဲများဖြင့် အချိန်ကုန် အလုပ်ရှုပ်နေသည့်ကြားမှ ရှားရှားပါးပါး ထိုဖြစ်ရပ်ကို ထိုစဉ်က စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းတို့ ဦးဆောင်ပြီး ဇန်နဝါရီလ ၁၄ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။ မူးယစ် ဆေးဝါးထုတ်လုပ်သည့် စခန်းများ ဖော်ထုတ်ဖမ်းဆီးနှိမ်နင်းနိုင်ခဲ့ပုံကို စစ်တပ်မြို့တော် ပြင်ဦးလွင်၊ အနီးစခန်းလေဆိပ်သို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အရာရှိများ၊ နိုင်ငံခြားသံတမန်များ ဖိတ်ခေါ်၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ ဖြစ်သည်။  

အဆိုပါ သတင်းနှင့်အတူ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း မူးယစ်ဆေးဝါးနှိမ်နင်းမှုများ အောင်မြင်နေသည့်အလား၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အရေအတွက် ကျဆင်းနေသယောင် ဝါဒဖြန့်ဆောင်းပါး တစ်ပုဒ်ကိုလည်း စစ်အုပ်စုက ဝါဒဖြန့်သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။ 

နိုင်ငံတကာအစီရင်ခံစာများက မြန်မာနိုင်ငံတွင်  မူးယစ်ဆေးဝါးထုတ်လုပ်မှု အလျှင်အမြန် ကြီးထွားကျယ်ပြန့် လာနေကြောင်း ဆက်တိုက်ဖော်ပြနေချိန် ထိုဆောင်းပါးက အောက်ဖော်ပြပါ ဇယားအတိုင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ဖမ်းဆီးရမိသော မူးယစ်ဆေး တန်ဖိုးများ၊ ဖမ်းဆီးမှုအကြိမ်ရေနှင့် ဖမ်းဆီးမိသူ ဦးရေတို့ကို ဖော်ပြထားသည်။

သို့သော် သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သည့် ဓာတုဗေဒပစ္စည်းများသည် မူးယစ်ဆေးဝါးအဖြစ် ပြောင်းလဲသွားမည်ဆိုလျှင် ကာလတန်ဖိုး ကျပ်ငွေ ၁,၆၂၀ ဘီလီယံခန့် ရှိပြီး၊ “သမိုင်းတလျှောက်တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေး၌ အကြီးမားဆုံးနှင့် ပမာဏ အများဆုံး ရှင်းလင်းဖျက်ဆီး ဖမ်းဆီးမိသည့် စစ်ဆင်ရေး” ဟု ဆိုသည်။ ထိုတန်ဖိုးကို အထက်ပါဇယားတွင် ဖော်ပြထားသော ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် ဖမ်းဆီးရမိမှု  တစ်နှစ်တာတန်ဖိုးများနှင့် နှိုင်းယှဉ် ကြည့်လျှင် ပထမ လေးနှစ်တာ၏ နှစ်စဉ် တစ်နှစ်ပတ်လုံး ဖမ်းဆီးရမိမှုတန်ဖိုး စုစုပေါင်းထက် များပြားသည်ကို တွေ့ရှိရသည်။

အဆိုပါ စခန်းများကို စစ်အုပ်စု စစ်ကြောင်းက မတွေ့ရှိမီ အနီးဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများတွင် ကင်းစခန်းများ စနစ်တကျချထားပြီး လက်နက်ကိုင် လုံခြုံရေးပေးထားကြောင်း၊ တွေ့ရှိချိန်တွင် ဖမ်းဆီးရမိသူ ခြောက်ဦးရှိပြီး၊ ရှမ်းပြည်တိုးတက်ရေး ပါတီ/လက်နက်ကိုင်အဖွဲ့ (SSPP/SSA-North) တပ်ဖွဲ့ဝင်အချို့ ပါဝင်ကြောင်း၊ ဖမ်းဆီးရမိသည့်ပစ္စည်းများအထဲ ထိုလက်နက်ကိုင်အဖွဲ့၏ စစ်ဝတ်စုံများ တွေ့ရှိရကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထွန်းထွန်းနောင်နှင့် ဇော်မင်းထွန်းတို့က ပြောသည်။ 

သို့သော် သတင်းစာရှင်းလင်းပွဲတွင် ပျောက်ဆုံးနေသော အချက်အလက်မှာ ထိုမူးယစ် ဆေးဝါးစခန်းများ၏ ပိုင်ရှင် မည်သူမည်ဝါဖြစ်သည် ဆိုသောအချက် ဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် ကိုးလမျှ ရှိနေပြီး ဖြစ်သော်လည်း၊ မူးယစ်ဆေးဝါးစခန်းများ၏ပိုင်ရှင် မည်သူဖြစ်ကြောင်း စစ်အုပ်စု ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိခဲ့ပါ။ မြန်မာပြည်သူများအတွက် ရှေးယခင်ကတည်းက ရင်းနှီးကျွမ်းဝင်သော ဇာတ်လမ်း တစ်ပုဒ်ကို ကြည့်ခဲ့ရခြင်း ဖြစ်သည်။ 

ထိုသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ရက်ပိုင်းအတွင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထွန်းထွန်းနောင်ကို ရာထူးမှ ရုတ်တရက် ဖယ်ရှားလိုက်သည်။ မတ်လကုန်ပိုင်းတွင် စစ်အာဏာသိမ်းမှု တလျှောက်လုံး မင်းအောင်လှိုင် ယုံကြည်အားထားခဲ့သော ဇော်မင်းထွန်း လူမြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ် သွားခဲ့ပြီး၊ ရာထူးက ဖယ်ရှားခံလိုက်ရသည်။ တိုက်ဆိုင်သည်ဟု ဆိုရမည်လား မသိ၊ ထိုနှစ်ဦးလုံးသည် ရိုးရိုးအနား ယူသွားခြင်းမျိုး မဟုတ်ဘဲ၊ အများပြည်သူကို အတိအကျ အသိပေးနိုင်ခြင်း မရှိသော ပြစ်မှုများဖြင့် အရေးယူခံခဲ့ကြရသူများ ဖြစ်နေသည်။  

မူးယစ်ဆေးဝါးထုတ်လုပ်သူများနှင့် ငြိမ်းချမ်းရေးယူထားသော စစ်တပ်

သီပေါ်နှင့် မိုင်းရယ်မြို့အကြား မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းများသည် တစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့် ပမာဏကို ထုတ်လုပ်နိုင်သော စခန်းများဖြစ်သည်ဟု ထွန်းထွန်းနောင်နှင့် ဇော်မင်းထွန်း တို့က သုံးသပ်သည်။ သို့သော် ထိုစခန်းများ၏ ပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်း  စစ်အုပ်စုက ယနေ့အချိန်ထိ ထုတ်ဖော် ပြောဆိုနိုင်မှု မရှိချေ။ စခန်းများကို မသိမ်းပိုက်မီ ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ မည်သည့် လက်နက်ကိုင်အုပ်စုနှင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း တိတိပပ ထုတ်ဖော်ပြောဆိုမှု မပြုလုပ်ဘဲ “ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့” ဟုသာ သုံးနှုန်းခဲ့သည်။ စင်စစ် ထိုဒေသသည် SSPP/SSA-N ကြီးစိုး ထိန်းချုပ်ရာ ဒေသဖြစ်သည်မှာ ထင်ရှားပါသည်။ 

အဘယ်ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်သည် စခန်းများသည် SSPP/SSA-N တပ်ဖွဲ့များ၏ စခန်းများ သို့မဟုတ် ၎င်းတို့၏ လုံခြုံရေးအစောင့်အရှောက်ဖြင့် ထုတ်လုပ်လည်ပတ်နေသည့်စခန်းများဟု စစ်အုပ်စုက တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်းကို ရှောင်ရှားခဲ့သနည်း။ အကြောင်းရင်းက ရှင်းပါသည်၊ စစ်အုပ်စုနှင့် SSPP/SSA-N တို့ ငြိမ်းချမ်းရေးယူထားပြီး၊ ပြီးခဲ့သော ဩဂုတ်လ ၇ ရက်တွင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ SSPP/SSA-N ခေါင်းဆောင်များ နေပြည်တော်တွင် စစ်အုပ်စုနှင့် ဆွေးနွေးခဲ့ ကြသေးသည်။ ရန်သူပတ်လည်ဝိုင်းခံထားရသော မင်းအောင်လှိုင်သည် SSPP/SSA-N နှင့် ထပ်၍ တိုက်ပွဲ ပြန်ဖြစ်မည်ကို စိုးရိမ်သည်။ SSPP/SSA-N သည် မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းများ၏ ပိုင်ရှင်ဟု ပြောဆိုရဲခြင်း မရှိပါ။ 

ထို့အတူ မက်သ်အဖက်တမင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုဖြင့် ကမ္ဘာသိကျော်ကြားလျက်ရှိပြီး၊ အမေရိကန် အစိုးရက အလိုအရှိဆုံးသော မူးယစ်ရာဇာ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (UWSA) ခေါင်းဆောင်များနှင့်လည်း မင်းအောင်လှိုင် ငြိမ်းချမ်းရေးယူထားသည် မဟုတ်ပါလား။ စစ်အုပ်စုက ကြွေးကြော်နေသော မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်၏ ရန်သူဟု ဆိုလျှင်၊ အဘယ်ကြောင့် ထိုရန်သူနှင့် ဆယ်စုနှစ်များစွာ ငြိမ်းချမ်းရေး ယူထားသနည်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဟန်ပြလုပ်နေသနည်း။ 

အဆိုပါ ငြိမ်းချမ်းရေးယူထားသော လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများထဲ ငြိမ်းချမ်းရေး အသီးအပွင့်များအဖြစ် မူးယစ်ဆေး အတားအဆီးမရှိ အမြောက်အမြား ထုတ်လုပ်၍ ကမ္ဘာတဝန်း ဖြန့်ဖြူး ရောင်းချနေခြင်းကို စစ်အုပ်စုသည် ၎င်းတို့တွင် တာဝန်ရှိသည်ဟု မည်သည့်အခါကမျှ ခံယူမထားခဲ့ပေ။ ဖမ်းမိသော မူးယစ်ဆေးဝါးများသည် ၎င်းတို့စိုးမိုးဒေသများတွင် ထုတ်လုပ်ခြင်းမဟုတ်ဟုသာ  ဆိုတတ်သည်။ ယင်းအပြုအမူသည် ထိုလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လက္ခဏာပင် ဖြစ်သည်။ 

ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ၏ နိုင်ငံတော်

သီပေါမြို့နှင့် မိုင်းရယ်မြို့အကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာ စခန်းများကို ပိုင်ရှင်မဲ့ ဖော်ထုတ်နှိင်နင်းသည့် ဖြစ်စဉ်မျိုး၊ မြန်မာနိုင်ငံအနှံ့ အဝေးပြေးကားလမ်းမများပေါ်နှင့် လမ်းဘေးရပ်ထားသော ကားများပေါ်တွင် “သတင်းအရ ပိုင်ရှင်မဲ့” သိမ်းဆည်းရမိသော မူးယစ်ဆေးများက မနည်းလှပါ။ သတင်းလည်း ရသေး၊ ပိုင်ရှင်လည်း မပေါ်သည့် မြန်မာရဲတပ်ဖွဲ့၏ အံ့မခန်းစွမ်းရည်ကို ပြည်သူများ ဟာသပြက်လုံးသဖွယ် တွေ့မြင်ရနေသည်မှာ စင်စစ် ဆယ်စုနှစ်များစွာရှိပြီ ဖြစ်သည်။

ဤဆောင်းပါးတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကိုးလအတွင်း စစ်အုပ်စု ဝါဒဖြန့် သတင်းစာတွင် ဖော်ပြခဲ့သော မြန်မာနိုင်ငံအနှံ့ “သတင်းအရ” ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး သတင်း အချက်အလက်များကို Myanmar Now က စုဆောင်းသုတေသနပြု၍ သုံးသပ်တွေ့ရှိချက်များကို တင်ပြထား ပါသည်။    

အရေးအကြီးဆုံး တွေ့ရှိချက်မှာ ၂၀၂၆ ခုနှစ်၏ ကိုးလတာ ကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၏ တန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော စစ်အာဏာသိမ်းကာလအတွင်း နှစ်စဉ်ဖမ်းဆီးရမှုများအနက် အများဆုံးဖြစ်နေပြီး၊ တန်ဖိုးအားဖြင့် ကျပ်ငွေ ၁,၉၂၃ ဘီလီယံကျော် ရှိသည်။ ထိုအထဲတွင် သီပေါနှင့် မိုင်းရယ်မြို့အကြား မူးယစ်ဆေးဝါးစက်ရုံများ ဖမ်းဆီးရမိမှု တန်ဖိုးလည်း ပါဝင်သည်။ 

ဒုတိယ ထူးခြားချက်မှာ ဖမ်းဆီးမှုပေါင်း ၁၂၈ ကြိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရသူ ၃၀၀ သည် သယ်ဆောင်ပေးကြသူများဖြစ်ပြီး၊ မူးယစ်ဆေးဝါးများ၏ မူလပိုင်ရှင်များ မဟုတ်ကြပါ။  ဖမ်းဆီးမှု အနည်းငယ်တွင် မူးယစ်ဆေးဝါးပိုင်ရှင် ဆိုသူတို့ကို မည်သူမည်ဝါဟု ဖော်ထုတ်နိုင်ခြင်း သို့မဟုတ် ဖမ်းဆီးနိုင်ခြင်း ရှိခဲ့သော်လည်း၊ ထိုသူများသည် မူးယစ်ဆေးဝါးများကို ဝယ်ယူရောင်းချသူများသာဖြစ်ပြီး၊ ထုတ်လုပ်သူများနှင့် မူးယစ်ဆေးဝါး လာရာ ပင်ရင်းနေရာများကို ဖော်ထုတ်နိုင်သော ဖြစ်စဉ် တစ်ခုမျှမရှိခြင်းကို လေ့လာတွေ့ရှိရသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် Global Initiative against Transnational Organized Crime (GI-TOC) အဖွဲ့က ထုတ်ပြန်ခဲ့သော The Mekong Meth Business: Myanmar-linked Supply Chains and Risks for New Zealand and Australia အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ မက်သ်အဖက်တမင်း မူးယစ်ဆေးဝါး စီးပွားရေးသည် ကမ္ဘာ့ ဈေးကွက်တစ်ခုလုံး၏ အလယ်ဗဟိုချက်တွင်ရှိနေပြီး၊ ဆယ်စုနှစ်နှင့်ချီပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ထွက်ရှိသော မက်သ်အဖက်တမင်း မူးယစ်ဆေးဝါးများသည် အရှေ့ တောင်အာရှဒေသ တစ်ခုလုံး၊ ထိုမှတဆင့် ရေလမ်း၊ လေကြောင်းလမ်းနှင့် ကုန်လမ်းများဖြင့် ကမ္ဘာ့ဈေးကွက်ထဲသို့ ပျံ့နှံ့နေသည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံမှ နည်းလမ်းမျိုးစုံဖြင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင် ရောင်းချနေသော မူးယစ် ဆေးဝါး ပမာဏနှင့် နှိုင်းယှဉ်ပါက ပြည်တွင်း၌ ဖမ်းဆီးရမိမှုသည် ရာခိုင်နှုန်းအနည်းငယ်သာ ရှိပါသည်။ GI-TOC အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်အတွင်း ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားစသည့် လေးနိုင်ငံမှ မက်သ်အဖက်တမင်း ဆေးပြားနှင့် ပုံဆောင်ခဲ (အိုက်စ်) နှစ်မျိုးလုံး ဖမ်းဆီးရမိမှု ကိန်းဂဏန်းများကို လေ့လာနိုင်ရန် အောက်ပါဂရပ်ဖ်အတိုင်း ဖော်ပြထားသည်။ 

    ရင်းမြစ်။   ။ GI-TOC အစီရင်ခံစာ

မြန်မာနှင့်အိမ်နီးချင်းဖြစ်ပြီး နယ်စပ်အရှည် ကီလိုမီတာ ၂၄၀၀ ထိစပ်နေသော ထိုင်းနိုင်ငံသည် ရှမ်းပြည်နယ်မှ နယ်စပ်ဖြတ်ကျော်၍ ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်များထဲ ဝင်ရောက်လာသော မက်သ်အဖက်တမင်းများ ဖမ်းဆီးရမိမှုသည် အလွန်များပြားလျက်ရှိသည်။  မြန်မာပြည်တွင်း ဖမ်းဆီးရမိမှုထက် ပို၍များပြားသည်။ 

၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိမှုပမာဏ နှိုင်းယှဉ်လေ့လာချက်အရ ပြည်တွင်း၌ မက်သ်အဖက်တမင်းဆေးပြား ၃၃၇ သန်း ဖမ်းဆီးရမိချိန်၊ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခဲ့သော ဆေးပြား သန်းပေါင်း ၁,၀၀၀ ကျော် ဖမ်းဆီးရမိသည်။  ထို့အတူ အိုက်စ် (မက်သ်အဖက်တမင်း ပုံဆောင်ခဲ) ကိုလည်း ပြည်တွင်း၌ ၃၇ တန်၊ ထိုင်းနိုင်ငံသို့ ဖြတ်ကျော်သယ်ဆောင်ပြီးနောက်  ၅၅ တန်ခန့် ဖမ်းဆီးရမိခဲ့သည်။

စစ်အုပ်စု ဖော်ပြသော ပြည်တွင်းမူးယစ်ဆေးဝါးဈေးကွက်နှင့် ဈေးနှုန်းများ

စစ်အုပ်စု ဝါဒဖြန့်သတင်းစာများ၏ ဖော်ပြချက်များအရ ၂၀၂၆ ခုနှစ် ကိုးလအတွင်း မက်သ်အဖက်တမင်း ဖမ်းဆီးရမိမှု အရေအတွက် ၁၂၈ သန်းကျော်ရှိပြီး၊ အိုက်စ် ပုံဆောင်ခဲ ၇ ဒသမ ၁၇ တန် ရှိသည်ကို Myanmar Now က လေ့လာတွေ့ရှိရသည်။ ၂၀၂၆ ခုနှစ် ကုန်ဆုံးရန် သုံးလခန့်သာလိုပြီး၊ လက်ရှိ ဖမ်းဆီးရမိမှုပမာဏသည် ၂၀၂၅ ခုနှစ် ဖမ်းဆီးရမိမှုပမာဏ ၃၇၇ သန်းထက် များစွာလျော့နည်းနေသည်ကို လေ့လာတွေ့ရှိရသည်။ ဖြစ်တန် ရာခြေ အကြောင်းရင်းတစ်ခုမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု ကျဆင်းသွားခြင်း လုံးဝမဟုတ်ဘဲ၊ စစ်အုပ်စုသည် ရဲတပ်ဖွဲ့ဝင်များကိုပါ တော်လှန်ရေးတပ်ပေါင်းစုများနှင့် ဖြစ်ပွားနေသော နိုင်ငံအနှံ့ရှိ စစ်မျက်နှာများသို့ စေလွှတ် နေခြင်းကြောင့် ဖြစ်နိုင်သည်။

စစ်အုပ်စု ထုတ်ပြန်သော သတင်းအချက်အလက်များထဲ စိတ်ဝင်စားစရာကောင်းသော အချက်တစ်ခုမှာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးမိသော မြို့နယ်၏ မူးယစ်ဆေးဝါးဈေးကွက် ပေါက်ဈေးနှုန်းများဖြင့် တွက်ချက်ပြခြင်း ဖြစ်သည်။ ထိုအချက်က စစ်အုပ်စုသည် ပြည်တွင်းမူးယစ်ဆေးဝါးဈေးကွက်ကို ကောင်းစွာ သိရှိထားကြောင်း ပြသနေသည်။ အောက်တွင်ဖော်ပြထားသော မြို့နယ်အလိုက် မက်သ်အဖက်တမင်းဆေးပြား တစ်ပြားနှုန်း တန်ဖိုးများမှာ စစ်အုပ်စုရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသတင်းများမှ စုစည်းဖော်ထုတ် ထားခြင်း ဖြစ်သည်။ 

လေ့လာချက်အရ စစ်ကိုင်းတိုင်း ကလေးဝနှင့် ကလေး၊ မွန်ပြည်နယ် ရေးမြို့၊ ဧရာဝတီတိုင်း ညောင်တုန်းမြို့ တို့တွင် ဆေးပြားတစ်ပြားလျှင် ၃,၀၀၀ ကျပ်နှင့် ၂,၅၀၀ ကျပ် အသီးသီးဖြင့် အမြင့်ဆုံးဈေးနှုန်းရှိပြီး၊ ရန်ကုန်၊ မန္တလေး၊ မြဝတီ၊ သာစည်၊ လယ်ဝေး၊ အမရပူရ၊ စဉ့်ကိုင်၊ စစ်ကိုင်း၊ အောင်လံ၊ မိုးညှင်း၊ မိုင်းရယ်၊ ပြင်ဦးလွင်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ထန်းတပင်၊ မကွေးနှင့် ပန်းတောင်းမြို့များတွင် ၂,၀၀၀ ကျပ်နှင့် ၁,၅၀၀ ကျပ် အသီးသီးရှိသည်။ ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါးဖမ်းမိသော မြို့နယ်များမှာ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သင်္ဃန်းကျွန်း၊ တာမွေ၊ လှိုင်၊ မရမ်းကုန်း၊ ကမာရွတ်၊ ဗဟန်းနှင့် မြောက်ဥက္ကလာပ မြို့နယ်များ ဖြစ်သည်။ 

မက်သ်အက်ဖတမင်းဆေးပြားသည် ရှမ်းပြည်နယ်ထဲတွင် ဈေးအနည်းဆုံး ဖြစ်ပြီး၊ ထိုအချက်က ရှမ်းပြည်နယ်သည် ဆေးပြားထွက်ရှိရာဒေသဖြစ်ကြောင်း ညွှန်ပြနေသကဲ့သို့ ဖြစ်သည်။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လားရှိုးနှင့် နောင်ချိုမြို့တို့တွင် ဆေးတစ်ပြား ၁,၀၀၀ ကျပ်နှင့် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့တို့တွင် ဆေးတစ်ပြား ၆၀၀ ကျပ်၊ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေ၊ တောင်ကြီး၊ ကလော၊ ပင်လောင်းနှင့် မိုင်းပျဉ်မြို့များတွင် ၅၀၀ ကျပ် ဈေးနှုန်း အသီးသီးရှိသည်။ GI-TOC ၏ အစီရင်ခံစာတွင် မက်သ် အဖက်တမင်း အဓိက ထွက်ရှိရာဒေသမှာ ရှမ်းပြည်နယ်ဟု ဖော်ပြထားချက်နှင့် ဆေးတစ်ပြားတန်ဖိုး ဈေးအနည်းဆုံးဒေသမှာလည်း ရှမ်းပြည်နယ် ဖြစ်နေခြင်းက ယုတ္တိကွင်းဆက် ချိတ်ဆက်မိနေသည်ကို လေ့လာတွေ့ရှိရသည်။

အလားတူ အိုက်စ် သို့မဟုတ် မက်သ်အဖက်တမင်း ပုံဆောင်ခဲ ဖမ်းဆီးရမိမှု ပမာဏကို  ကီလိုဂရမ် ဖြင့်ဖော်ပြပြီး၊ ဖမ်းမိသောမြို့နယ်အလိုက် ဈေးနှုန်းများကိုလေ့လာရာ ရန်ကုန်နှင့် ထန်းတပင်မြို့နယ်တို့တွင် တစ်ကီလို သိန်း ၂၅၀  ဖြင့် အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ မန္တလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် သိန်း ၁၅၀၊ ရှမ်းပြည်နယ် ကွန်ဟိန်းနှင့် လွိုင်လင်မြို့များတွင် သိန်း ၁၄၀၊ တာချီလိတ်တွင် သိန်း ၈၀  ဖြစ်သည်။ 

တာချီလိတ်သည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်မြို့ဖြစ်ပြီး၊ နာမည်ကျော် ဘိန်းဖြူအများဆုံး ထွက်ရှိရာ ရွှေတြိဂံဒေသထဲတွင် ပါဝင်သည်။ ထို့ကြောင့် မက်သ်အဖက်တမင်း ဆေးပြားဖြစ်စေ၊ အိုက်စ် ပုံဆောင်ခဲဖြစ်စေ ဈေးအပေါဆုံးမြို့နယ်များထဲ တာချီလိတ်မြို့ ပါဝင်နေသည်ကို တွေ့ရှိရသည်။ ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်က တာချီလိတ်မြို့တွင် လမ်းဘေး ရှေ့နောက်တန်းစီရပ်ထားသော ကားသုံးစီးထဲမှာ မက်သ်အဖက်တမင်း ဆေးပြား ၁၇ ဒသမ ၈သန်းကို ‘ပိုင်ရှင်မဲ့’ ဖမ်းဆီးရမိခဲ့သည်၊ မတ်လ ၂၄ ရက်တွင် ဆေးပြားထုတ်လုပ်သည့်နေရာကို ဖော်ထုတ်တွေ့ရှိပြီး၊ နောက်ထပ် ဆေးပြား ၆ ဒသမ ၉သန်းနှင့် ကုန်ကြမ်းဓာတုဗေဒပစ္စည်းများ သိမ်းဆည်းရမိသည်။

မက်သ်အဖက်တမင်း တစ်ကီလိုဂရမ်သည် မြန်မာနိုင်ငံမှတဆင့် ထိုင်း၊ မလေးရှားနှင့် ဩစတေးလျနိုင်ငံများသို့ ရောက်ရှိသွားလျှင် ထိုနိုင်ငံများရှိ မူးယစ်ဆေးဈေးကွက်တွင် အဆပေါင်းများစွာ တန်ဖိုးကြီးမြင့်သွားသည်။ GI-TOC ၏ အောက်ပါမြေပုံတွင် ဖော်ပြထားချက်အရ မက်သ်အဖက်တမင်း တစ်ကီလို ဈေးနှုန်းသည် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သည့်နေရာတွင် အမေရိကန်ဒေါ်လာ ၄၀၀ သာ ရှိသော်လည်း၊ ထိုင်းနိုင်ငံထဲ ရောက်လာသည့်အခါ ဒေါ်လာ ၃,၀၀၀အထိ ဖြစ်သွားသည်။   မလေးရှားနိုင်ငံကို ရောက်သွားလျှင် ဒေါ်လာ ၁၅,၀၀၀ မြင့်တက်သွားသည်။ ဩစတေးလျနိုင်ငံသို့ ရောက်သွားလျှင်  ဒေါ်လာ ၃၀,၀၀၀ အထိ ပေါက်စျေးရှိသည်။ 

                      ရင်းမြစ်။   ။ Global Initiative against Transnational Organized Crime (GI-TOC)

ယခုနောက်ပိုင်းနှစ်များတွင် မက်သ်အဖက်တမင်းထက် ကတ်တမင်း (Ketamine) မူးယစ်ဆေးဝါးသည် သုံးစွဲသူများအကြား ပို၍ခေတ်စားလာနေကြောင်း၊ ဗီယက်နမ်နိုင်ငံသည် နိုင်ငံသား မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ ဆီးစစ်ချက်များကို သုတေသနပြုလေ့လာခဲ့ရာမှ တွေ့ရှိခဲ့သည်။ အဆိုပါ လေ့လာချက်အရ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အကြား ဗီယက်နမ်တွင် မက်သ်အဖက်တမင်းသုံးစွဲမှု သိသိသာသာ လျော့ကျသွားပြီး၊ ကတ်တမင်းသုံးစွဲမှု ထိပ်ဆုံးသို့ရောက်ရှိလာသည်ဟု GI-TOC အစီရင်ခံစာအရ ဆိုသည်။  

ကတ်တမင်း တစ်ကီလိုဂရမ်၏တန်ဖိုးသည် ရန်ကုန်မြို့တွင် သိန်း ၆၀၀ ဈေးနှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး၊ အိုက်စ် (မက်သ်အဖက်တမင်း ပုံဆောင်ခဲ) တစ်ကီလိုဈေးနှုန်းမှာ သိန်း ၂၅၀ ဖြစ်သည်။ ပြည်တွင်းမူးယစ်ဆေးဝါးများ၏ အဓိကဈေးကွက်မှာ ရန်ကုန် ဖြစ်နေပြီး၊ နိုက်ကလပ်များ၊ KTV များသည် မူးယစ်ဆေးဝါးအလွယ်တကူရရှိသော နေရာများ ဖြစ်သည်။ ရန်ကုန်မြို့ ရဲများ၏ စားကျက်နေရာများလည်း ဖြစ်သည်။ 

မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ကတ်တမင်း တစ်ကီလိုဂရမ် သိန်း ၃၅၀ ဈေးပေါက်၍ ဒုတိယအများဆုံး ဈေးနှုန်းဖြစ်ပြီး၊ သာစည်မြို့တွင် သိန်း ၃၀၀ နှင့် တာချီလိတ်မြို့တွင်  သိန်း  ၁၂၀ အသီးသီး ဈေးပေါက်သည်။ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲမှ သာစည်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ချိတ်ဆက်နေပြီး မူးယစ်ဆေးဝါး သယ်ဆောင်ပို့ဆောင်မှု အချက်အချာကျသော မြို့ဖြစ်သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးလောကတွင် ဘုရင်တစ်ဆူကဲ့သို့ မင်းမူခဲ့သော ဘိန်းဖြူ ဈေးနှုန်းများ

 လက်ရှိကာလ တွင် ဓာတုဗေဒပေါင်းစပ် မူးယစ်ဆေးဝါးအသစ်များ ခေတ်စားလာသော်လည်း မြန်မာ့မူးယစ်ဆေးဝါးလောကတွင် ဘုရင်တစ်ဆူကဲ့သို့ ဖြစ်ခဲ့သော ဘိန်းဖြူက ဆက်လက် မင်းမူနေဆဲဖြစ်ပြီး၊ ဘိန်းဘုရင်မျိုးဆက်များ တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ် မင်းမူနေသကဲ့သို့ အခြေအနေ ဖြစ်သည်။ 

၂၀၂၆ ခုနှစ်အတွင်း စက်တင်ဘာလအထိ ဘိန်းဖြူဖမ်းဆီးရမိမှုသည် စစ်အုပ်စု ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြ ချက်အရ ကီလို ၄၅၀ ကျော် ဖမ်းမိသည်။ ဘိန်းဖြူ တစ်ကီလို၏ တန်ဖိုးကို ဖမ်းဆီးရမိသော မြို့အလိုက် ဖော်ပြရာတွင် စစ်ကိုင်းတိုင်း ကလေးနှင့် ကလေးဝမြို့နယ်တို့သည် တစ်ကီလို သိန်း ၅၀၀ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ကြောင်း တွေ့ရှိရသည်။ ဒုတိယဈေးနှုန်းအမြင့်ဆုံးမှာ မန္တလေးတိုင်းအတွင်းရှိ ပုသိမ်ကြီး၊ ချမ်းအေးသာစံနှင့် တောင်ငူမြို့တို့ဖြစ်ပြီး၊ တစ်ကီလို သိန်း ၃၅၀ ဈေးပေါက်သည်။     

ဘိန်းဖြူ တစ်ကီလို သိန်း ၂၅၀ ဈေးနှုန်းပေါက်သော မြို့များမှာ စစ်တပ်မြို့တော် ပြင်ဦးလွင်၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပျော်ဘွယ်၊ အမရပူရ၊ ပြည်ကြီးတံခွန်တို့ ဖြစ်သည်၊ မန္တလေးနှင့် အနီးဝန်းကျင် မြို့နယ်များ လည်း ဖြစ်ကြသည်။ တာချီလိတ်တွင် တစ်ကီလို သိန်း ၂၃၀၊ ကချင်ပြည်နယ် ဝိုင်းမော်တွင် သိန်း ၂၂၀၊ ရှမ်းပြည် မြောက်ပိုင်း လားရှိုးတွင် သိန်း ၂၀၀၊  ကွန်ဟိန်းမြို့တွင် သိန်း ၁၂၀  နှင့် ဈေးအနည်းဆုံး တွေ့ရသည်။ 

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်းတွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ၏ တစ်နှစ်တာ ဘိန်းဖြူထုတ်လုပ်မှု တန်ပေါင်း ၁,၀၁၀  ရှိပြီး၊ ပြည်တွင်းဈေးနှုန်းများထဲက အနည်းဆုံးဈေးနှုန်းဖြစ်သော တစ်ကီလို သိန်း ၁၂၀ ဖြင့် တွက်လျှင် ကျပ်ငွေ ၁၁ ထရီလီယံကျော် (တစ်ထရီလီယံ = ၁,၀၀၀ ဘီလီယံ) ရှိပါသည်။ ထိုပမာဏကို ကြည့်လျှင် တချိန်က ကမ္ဘာ့နံပါတ်တစ် ဘိန်းဖြူအများဆုံး ထုတ်လုပ်သော အာဖဂန်နစ္စတန်ထက် နှစ်ဆကျော် ထုတ်လုပ်နေသော အခြေအနေ ဖြစ်ကြောင်း တွေ့ရသည်။ စစ်အာဏာသိမ်းမှုကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မြန်မာနိုင်ကို ကမ္ဘာ့နံပါတ်တစ်နေရာသို့ စံချိန်တင် လွတ်လွတ်ကျွတ်ကျွတ် ရယူပေးနိုင်သော တိုးတက်မှုဆိုလျှင် ဘိန်းဖြူထုတ်လုပ်မှုသာ ဖြစ်နေကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။