အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘီးလင်းနှင့် ကြာအင်းဆိပ်ကြီး ဗုံးကြဲခံရ၊ အရပ်သား ၈  ဦးထက်မနည်း သေဆုံး

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ကျေးရွာများတွင်  စစ်တပ်က   ဗုံးကြဲခဲ့ရာ အရပ်သား သေဆုံး၊ ဒဏ်ရာရမှု များပြားကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းဌာနများထံက သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်းရှိ ကျေးရွာများကို စစ်တပ်က ယမန်နေ့(အောက်တိုဘာလ ၁၃ ရက်) ညနေပိုင်းမှစတင်၍ ဗုံးကြဲခဲ့ရာ အနည်းဆုံးအရပ်သား ရှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ ခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းဌာနများထံက သိရသည်။

လူသေဆုံးမှုအများဆုံး ဗုံးကြဲခံရမှုမှာ ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာတွင်ဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက် ည ၁၀ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဘီးလင်းမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

အလူးကြီးရွာသည် ဘီးလင်းမြို့အနောက်မြောက်ဘက်  ခုနစ်မိုင်အကွာတွင်ရှိပြီး ရန်ကုန်- ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်း၏ အစိတ်အပိုင်းဖြစ်သည့် ကျိုက်ထို- ဘီးလင်းလမ်း၏ မြောက်ဘက် သုံးမိုင်အကွာတွင်ရှိသည်။

အဆိုပါရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားရာ နယ်မြေတွင် ပါဝင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗုံးကြဲခံရမှုအတွင်း အရပ်သား ငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားကြောင်း ၊ လူနေအိမ် ၁၀ လုံးပျက်စီးသွားကြောင်း ဘီးလင်းမြို့နယ် ဒေသခံ အမျိုးသမီးသတင်းရင်းမြစ်က Myanmar Now ကိုပြောသည်။

သေဆုံးသူများ၏ အချက်အလက်အသေးစိတ်ကိုမူ လတ်တလောမသိရသေးပေ။

“တိုက်ပွဲတော့ မရှိဘူး။ စစ်ကြောင်းထိုးတော့မှာကြောင့် လုပ်တာလားလို့ မြင်မိတယ်” ဟု ဘီးလင်းမြို့နယ် ဒေသခံ အမျိုးသမီးသတင်းရင်းမြစ်ကဆိုသည်။

မွန်နှင့် ကရင်လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မြေပုံ။

အလားတူ မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် ထိစပ်နေသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန်ရွာဝန်းကျင်၌လည်း အောက်တိုဘာလ ၁၃ ရက် ညနေပိုင်းတွင် စစ်တပ်ဘက်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း မွန်နှင့် ကရင်ပြည်နယ်အခြေအနေ အထူးပြုဖော်ပြသည့်သတင်းဌာနများက ရေးသားသည်။

ပုလိန်ရွာဝန်းကျင်တွင် အရပ်သား သုံးဦးသေဆုံးထားသည်ဟုလည်း မွန်တိုင်းရင်းသားရေးရာ သတင်းများ အဓိကတင်ဆက်သည့် Independent Mon News Agency က ရေးသားသည်။

သေဆုံးသွားသည့်အရပ်သားများမှာ မုဒုံမြို့နယ် အဘစ်ရွာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ရွာကြားသွားနေသော ခရီးသွားများဖြစ်ပြီး ကျည်စထိမှန်မှုကြောင့်သေဆုံးခြင်းဖြစ်ကြောင်း Independent Mon News Agency ၏ သတင်းတွင်ပါရှိသည်။

ရာမညမွန်တပ်တော် (RMA) ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားကမူ ၎င်းတို့၏တပ်များသည် ကရင်တပ် KNU နှင့်ပေါင်းပြီး အဘစ်ရွာနှင့် ပုလိန်ရွာကြားတွင် စစ်တပ်ကိုခုခံတိုက်ခိုက်နေသည်ဟု Myanmar Now ကိုပြောသည်။

စစ်တပ်က အဘစ်ရွာဘက်မှ ပုလိန်ရွာဘက်သို့ ဦးတည်ကာ အောက်တိုဘာလ ၁၂ ရက်တွင် စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်နေကြောင်း၊ မုဒုံ- ကြာအင်းဆိပ်ကြီးလမ်း၏ လမ်းပိုင်းတစ်ခုဖြစ်သည့် အဘစ်- ပုလိန်ရွာလမ်းတွင် တိုက်ပွဲကြောင့် ခရီးသည်ကားများ ဆက်သွားမရဖြစ်နေကြောင်း နိုင်ကောင်းစကားက ဆိုသည်။

မွန်ပြည်နယ် ဘီးလင်းနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များကို ပိုမိုသိနိုင်ရန် စစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို Myanmar Now က ဖုန်း သုံးကြိမ်ဆက်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်တွင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ  NUG အထူးတိုင်းစစ်ဌာန၏ ဆက်သွယ်ရေးစခန်းတစ်ခုအား စစ်တပ်က စစ်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သည်။

ဗုံးပေါက်ကွဲမှုအတွင်း အထူးတိုင်းစစ်ဌာနနယ်မြေသို့ ခေတ္တရောက်နေသည့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ထားသည့် တပ်ကြပ်ကြီး နေဝင်းအောင်နှင့် တော်လှန်ရေးရဲဘော် လေးဦးသေဆုံးခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက စက်တင်ဘာလ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်ခံရသည့် အကြောင်းအရင်းမှာ စစ်တပ်၏ ဖမ်းဆီးခံရသည့် အထူးတိုင်းစစ်ဌာန ရဲဘော်အချို့အား စစ်တပ်က အတင်းအကျပ် စစ်ကြောမေးမြန်းစဉ် အချက်အလက်များပေါက်ကြားခဲ့သောကြောင့် ဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles