စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ဘာသာရေးအဆောက်အအုံနှင့် အရပ်သားနေထိုင်ရာ ကျေးရွာတို့အား အောက်တိုဘာလ ၁၁ ရက်နှင့် ၁၂ ရက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦး ထက်မနည်းသေဆုံးပြီး နှစ်ဒါဇင်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၊ ဒေသကာကွယ်ရေးအဖွဲ့ များထံက သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) က ဧရာဝတီမြစ်အနောက်ဘက်ကမ်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာရှိ မဟာစည်ဆရာတော်ကြီး သီတင်းသုံးခဲ့ရာ မဟာစည်ဘုန်းကြီးကျောင်းဝင်းကို နံနက် ၁၁ နာရီကျော်တွင် တိုက်လေယာဉ်ဖြင့် သုံးကြိမ် ဗုံးကြဲခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောသည်။
ဗုံးကြဲမှုကြောင့် အသက် ၂၃ နှစ်ဝန်းကျင်အရွယ် စစ်ရှောင်များဖြစ်သော မနှင်းသန့်ကျော်နှင့် မဝင်းမေတို့ သေဆုံးခဲ့ပြီး ကလေးများ၊ အသက် ၄၀ ကျော်မှ ၇၅ နှစ်ကြား သက်ကြီးပိုင်းများအပါအဝင် ရှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
ဥပုသ်နေ့လည်းဖြစ်သဖြင့် ဘုန်းကြီးကျောင်းအတွင်း သီလဆောက်တည်နေကြသည့် သက်ကြီး ရွယ်အိုများလည်း ရောက်ရှိနေသည့်အပြင်၊ ယခင်လကုန်ပိုင်းက ရွှေဘိုနယ်အတွင်း စစ်တပ် စစ်ကြောင်း ထိုးမှုကြောင့် လာရောက်ခိုလှုံနေကြသည့် စစ်ရှောင်များလည်း နေထိုင်နေသောနေရာကို ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်ဟု ရွှေဘိုမြို့နယ်ပကဖအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“စစ်ဘေးရှောင်တွေကို သက်သက်၊ ရည်ရွယ်ချက်ရှိရှိ (ဗုံး) ချတာ။ ဘာ (တိုက်ပွဲ) မှ မရှိဘူး။ ဥပုသ်နေ့ဆိုတော့ ဥပုသ်သည်တွေလည်းရှိတယ်။ လောလောဆယ်က စစ်ဘေးရှောင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ဆိုတော့ လောလောဆယ်တော့ (စစ်ရှောင်တွေ) ပြန့်သွားအောင် လုပ်လိုက်ရတာပေါ့”
ထို့အပြင် ဗုံးပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံများ၊ ရိပ်သာဆောင်များ၊ ဇရပ် စောင်းတန်းများနှင့် ကျောင်းဆောင် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ရကြောင်း ရွှေဘိုဒေသ အခြေစိုက် တော်လှန်ရေးအင်အားစုများ ထုတ်ပြန်သည့် ဓာတ်ပုံများအရ သိရသည်။
ရွှေဘို-မုံရွာလမ်းဘေးရှိ ဆိပ်ခွန်ရွာမှာ အိမ်ခြေနှစ်ထောင်ကျော်ရှိသည့် ကျေးရွာကြီးဖြစ်ပြီး စစ်တပ်က ကျေးရွာရဲစခန်းတွင် ခြေကုပ်ယူထားနိုင်ကြောင်း ဒေသခံများက ပြောကြသည်။

ယနေ့ (အောက်တိုဘာလ ၁၂ ရက်) နံနက်အစောပိုင်းကလည်း ရွှေဘိုနယ်နှင့်ကပ်လျှက် ဝက်လက်မြို့နယ် အနောက်ခြမ်းကျေးရွာများကို Y -12 အမျိုးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ပြည်သူ လေးဦး သေဆုံးပြီး ၁၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
သန်းခေါင်ယံအကျော် လူအများအိပ်မောကျနေချိန် နံနက် ၃ နာရီခွဲဝန်းကျင်မှစတင်၍ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်း မဲကုန်း၊ ရေထွက်၊ ဥယျာဉ်နှင့် ကျီးကန်(မြောက်)ရွာတို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် မဲကုန်းရွာမှ ပြည်သူ လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကာ၊ ရေထွက်ရွာမှ လေးဦး၊ ဥယျာဉ်ရွာနှင့် ကျီးကန်(မြောက်)ရွာတို့မှ တစ်ဦးစီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများကိုဖော်ပြနေသည့် Wetlet Informational Network က ထုတ်ပြန်သည်။
“ ရွာ လေးရွာကို ဗုံးသီးအလုံး ၅၀ ရွာပေါ်တည့်တည့်ကြဲချမှတော့ ထိပြီပေါ့ဗျာ။ ရွာတွေပေါ်ချည်း တည့်တည့် ချတာ။ ထိခိုက်တာ ပြည်သူတွေချည်းပဲ။ စစ်ကြောင်းလည်းမရှိဘူး။ ဘာဆိုဘာမှမရှိဘူး။ ဒဏ်ရာရတဲ့အထဲမှာ အမျိုးသမီးတွေတော့ပါတယ်။ စာရင်းကောက်တုန်းပဲရှိသေးတာ။ အကုန်လုံးက ထွက်ပြေးနေတော့ စာရင်းကောက်ရတာ ကြန့်ကြာနေတာ”ဟု ဝက်လက်မြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ၊ အရပ်သားနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပုန်းခိုကျင်းများ တူးထားကြရန်နှင့် စကားပြောစက် (အိုင်ကွန်) မှတဆင့် ထုတ်ပြန်ပေးနေသည့် လေကြောင်းကာကွယ်ရေးအချက်များကို သတိပြုလိုက်နာကြရန်နှင့် လေကြောင်းသတင်းတက်လာပါက လုံခြုံရာတွင်ခိုလှုံကြရန် ဝက်လက်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်တွန်းသည်။
လက်ရှိတွင် ရွှေဘိုမြို့နယ်အနောက်ခြမ်း အိုးဘိုကျေးရွာတွင် ယခင်လကုန်ခန့်တွင် စစ်တပ်စစ်ကြောင်း တစ်ခု ရောက်ရှိနေပြီး ဝက်လက်မြို့နယ်ဘက်မှ အဝင်အထွက်များကိုလည်း စစ်ဆေးမှုများ တင်းကျပ်နေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံကသိရသည်။
“အဓိကကတော့ ပြည်သူတွေကိုအကြောက်တရားသွင်းနေတယ်လို့ပဲမြင်တယ်။ စစ်ကြောင်းထိုးခြင်း၊ မထိုးခြင်းကတော့သူ့အပိုင်းပေါ့။ လောလောဆယ်တော့ (စစ်ကြောင်းထိုးဖို့) အရိပ်အယောင်တွေတော့ တွေ့ရတယ်။ အခုလိုမျိုး ပြည်သူလူထု အိပ်နေတဲ့အချိန်မှာ ကြဲတာတွေ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘုန်းကြီးကျောင်း၊ ကျောင်းဆောင်၊ စာသင်ကျောင်းတွေကို လိုက်ချနေတာ တော်တော့်ကို အောက်တန်းကျတဲ့ စစ်ရာဇဝတ်မှုတွေ (war crime)တွေ”ဟု ဝက်လက်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက မှတ်ချက်ပြုသည်။
စစ်တပ်ကြိုးကိုင်သည့်ရွေးကောက်ပွဲအပြီး ကိုယ့်ကိုယ်ကိုယ်သမ္မတအဖြစ် ခန့်အပ်ထားသည့် စစ်ခေါင်းဆောင်သည် တရုတ်၊ ရုရှား၊ အိန္ဒိယအပါအဝင် အာဆီယံနိုင်ငံများကိုသွားရောက်ပြီး နိုင်ငံတကာတွင်ပြန်လည်ဝင်ဆံ့ရန် ကြိုးပမ်းနေချိန် တစ်ဖက်တွင်လည်း နိုင်ငံအနှံ့ရှိ လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားရာ ဝါတွင်းကာလတွင် ဥပုသ်သီလဆောက်တည်၊ ကုသိုလ်ယူ လေ့ရှိကြသော်လည်း အာဏာသိမ်းစစ်တပ်က ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားသည့်လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ်လကလည်း တရားစခန်း ဖွင့်ထားသည့် မြောင်မြို့နယ် ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီး ရွယ်အိုများအပါအဝင် တစ်ဒါဇင်ကျော်သေဆုံးခဲ့ရသည်။
ဝက်လက်နှင့် ရွှေဘိုနယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာများကိုဦးတည်သည့် လေကြောင်း တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်းမရရှိခဲ့ပါ။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်စပ်ရှိ ကသုံးလုံး (ကသာ- ကောလင်း- ကန့်ဘလူ) ဒေသကို စစ်တပ်က စစ်ရေးအရှိန်မြှင့်နေပြီး စစ်ကိုင်းတိုင်း အောက်ပိုင်း ဝက်လက်၊ ရွှေဘိုနယ်တွင်ရွှေဘို- မန္တလေးလမ်း အနောက်ခြမ်းရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။




