သတ်မှတ်ချိန်အတွင်း အခန်းအပ်မည့် စာချုပ်ပါကတိပျက်သည့် ရန်ကုန်အခြေစိုက် အဆင့်မြင့်ကွန်ဒိုမီနီယံ စီမံကိန်း အနည်းဆုံးသုံးခုကြောင့် ယုံကြည်မှုပျက်ပြားကာ ပြီးခဲ့သည့်နှစ်လအတွင်း ပုဂ္ဂလိကအိမ်ရာ ဆောက်လုပ်ရေးဈေးကွက် ကသောင်းကနင်း ဖြစ်လာခဲ့သည်။
အများဆုံး ၉၀ ရာခိုင်နှုန်းအထိ လက်ငင်းငွေချေစနစ် သို့မဟုတ် အရစ်ကျကြိုတင်ငွေသွင်း စနစ်ဖြင့် လူနေတိုက်ခန်းများ ရောင်းချထားသည့် ထိုစီမံကိန်းများမှာ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ The Central ခေါ် Myanmar Landmark၊ အလုံမြို့နယ် ဗဟိုလမ်းနှင့် အလုံလမ်းထောင့်ရှိ The Park နှင့် ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဈေးလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ Six One City Complex Project စီမံကိန်းတို့ ဖြစ်ကြသည်။
နိုင်ငံတကာမှ ကျွမ်းကျင်လုပ်ငန်းရှင်များပါဝင်သည်ဆိုသော ဟောင်ကောင်အခြေစိုက် Marga Group ကုမ္ပဏီက ခေတ်မီတိုက်ခန်း၊ ရုံးခန်းနှင့် ဈေးဝယ်စင်တာများထည့်သွင်းတည်ဆောက်မည့် The Central နှင့် The Park ဘက်စုံစီမံကိန်းများမှ ကွန်ဒိုတိုက်ခန်းများကို ငွေအကျေချေစနစ်၊ အရစ်ကျစနစ်တို့ဖြင့် ကြိုတင် ရောင်းချထားသော်လည်း နှစ်ပေါင်းများစွာကြာသည်အထိ အခန်းမအပ်နိုင်သေးဘဲ ကြန့်ကြာနေခဲ့သည်။ ထိုကိစ္စကိုဖြေရှင်းပေးရန် အခန်းကြိုတင်ဝယ်ယူထားသူများက ကုမ္ပဏီတာဝန်ရှိသူများကို မျက်နှာချင်းဆိုင် တောင်းဆိုရင်း အချေအတင်ဖြစ်သည့် ရုပ်သံမှတ်တမ်းတခု စက်တင်ဘာလကုန်ပိုင်းတွင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည်။
တပြိုင်တည်းတွင် ကမာရွတ်မြို့နယ်ရှိ Time City စီမံကိန်းကို တည်ဆောက်ခဲ့သည့် ကုမ္ပဏီဟု ဆိုသည့် ကုမ္ပဏီက ကျပ်ဘီလီယံပေါင်း ၆၀ အကုန်အကျခံပြီး ၂၀၂၄ ခုနှစ်မှစ၍ ရန်ကုန်မြို့လယ်၌ အကောင်အထည်ဖော်ခဲ့သည့် Six One City စီမံကိန်းမှာလည်း အခက်အခဲမျိုးစုံကြောင့် ဆက်လက်ဆောင်ရွက်ရန် အဆင်မပြေတော့သဖြင့် ဖျက်သိမ်းကြောင်း အောက်တိုဘာလ ၉ ရက် နေ့စွဲဖြင့် တိုက်ခန်းဝယ်ယူသူများကို အကြောင်းကြားခဲ့ပြန်သည်။ Time City စီမံကိန်းကို Crown Advanced Construction နှင့် ရန်ကုန်မြို့တော်စည်ပင်တို့ အကျိုးတူတည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း Six One City ဖျက်သိမ်းကြောင်း အကြောင်းကြားစာတွင်မူ အကောင်အထည်ဖော်သည့် ကုမ္ပဏီကို School City Co Ltd ဟု ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် ဆောက်လုပ်ခွင့်ပါမစ် ချထားပေးမှု ကြန့်ကြာခြင်း၊ သွင်းကုန်ကန့်သတ်ခြင်းကြောင့် ကုန်ကြမ်းရှားလာခြင်းတို့နှင့်အတူ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများကြန့်ကြာသည်မှာ ယေဘုယျမှန်ကန်သော်လည်း နိုင်ငံပိုင်မြေပေါ် တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် မြေငှားရမ်းလည်ပတ်လုပ်ကိုင်သည့် Marga Group ကဲ့သို့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကြန့်ကြာနေခြင်းမှာ ကုမ္ပဏီကိုယ်တိုင်၏ ပျက်ကွက်မှုဖြစ်ကြောင်း ဝယ်ယူသူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
အပြောရွှေမန်း အကချိုမိုင်မိုင် နာမည်ကြီး စီမံကိန်းနှစ်ခု
အင်းလျားကန်ရှုခင်းပါဝင်သည့် အကွက်အကွင်းအလွန်ကောင်းသောThe Central စီမံကိန်းကို Marga Group နှင့် ပြည်တွင်းကုမ္ပဏီ ‘သုခရတနာ’ တို့ ဖက်စပ်ထူထောင်ထားသည့် Marga Landmark Development ကုမ္ပဏီက အကောင်အထည်ဖော်ခြင်းဖြစ်ပြီး R1, R2, R3, R8 နှင့် SoHo အစရှိသည့် တာဝါအဆောက်အအုံများ ထည့်သွင်းတည်ဆောက်မည်ဟု ကြော်ငြာထားသည်။
ဟောင်ကောင်အခြေစိုက် Marga Group အုပ်စုသည် အာဆီယံနိုင်ငံများတွင် အဓိကရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး အိမ်ခြံမြေ၊ ဆက်သွယ်ရေး၊ လက်လီရောင်းဝယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလုပ်ကိုင်ကြောင်း ထိုကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုကုမ္ပဏီကို တည်ထောင်သူနှင့် ဥက္ကဋ္ဌမှာ ဟောင်ကောင်စီပွားရေးလုပ်ငန်းရှင် ဒေါက်တာစတီဗင်ဆွန်း (Dr Stephen Suen) ဆိုသူဖြစ်သည်။ Marga Group တွင် ၎င်းအပါအဝင် အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်ခြောက်ဦး၊ စီမံကိန်းအဖွဲ့ဝင် ကိုးဦးရှိပြီး ယခုပြဿနာများပေါ်လာပြီးနောက် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ၎င်းတို့၏ အမည်နှင့် အချက်အလက်များကို ရက်ပိုင်းအတွင်း ဖြုတ်ချသွားခဲ့သည်။
ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်စာရင်းများဖော်ပြသော Open Corporates ၏ အချက်အလက်များအရ သုခရတနာကုမ္ပဏီ၏ ဒါရိုက်တာတဦးမှာ ဦးသောင်းထိုက်မင်း ဆိုသူဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သလို Jewellery Luck Group of Companies ၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်ကြောင်း သိရသည်။ ဦးသောင်းထိုက်မင်း၏ Jewellery Luck ကုမ္ပဏီအုပ်စုသည် အာဏာသိမ်း စစ်တပ်နှင့် စီးပွားရေးဆက်နွှယ်မှုများရှိနေသဖြင့် အရေးယူဒဏ်ခတ်ရန် Justice for Myanmar အဖွဲ့က နိုင်ငံတကာအစိုးရများကို တောင်းဆိုထားသည်။
ယခု နစ်နာနေသော ဝယ်ယူသူများသည် ထိုအဆောက်အအုံ စီမံကိန်းများမှ အခန်းများကို ငွေအကျေပေးသွင်း၍သော်လည်းကောင်း၊ တိုက်ခန်းတန်ဖိုး၏ ၂၀ မှ ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်း၍ ကျန်ငွေကို လစဉ် အရစ်ကျပေးသွင်း၍ သော်လည်းကောင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် စာချုပ်ပါ အခန်းလွှဲပြောင်းရန်သဘောတူထားသည့် သတ်မှတ်ရက်ထက် နှစ်နှင့်ချီ ကျော်လွန်လာသလို အချို့တိုက်ခန်းများမှာ လွှဲပြောင်းရမည့် နေ့ရက်နီးကပ်လာသော်လည်း တည်ဆောက်ရေးလုပ်ငန်းများမှာ တိုးတက်လာခြင်းမရှိ၍ ဝယ်ယူထားသူများမှာ စိုးရိမ်မှုမြင့်တက်လာကြသည်။
ထို့သို့ အခန်းအပ်ရန် နှစ်နှင့်ချီ ကြန့်ကြာနေခြင်းကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ဝယ်ယူသူများက အရောင်းပြခန်းသို့ သွားရောက်မေးမြန်းရာ နှစ်ဖက်အချေအတင်စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၏ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) က အရောင်းပြခန်းကို ချိပ်ပိတ်၍ စုံစမ်းစစ်ဆေးနေကြောင်း တိုက်ခန်းဝယ်ယူထားသူ နှစ်ဦးက ပြောသည်။
စာချုပ်ချုပ်ဆို ဝယ်ယူသောရက်မှစ၍ နှစ်နှစ်အတွင်း အခန်းအပ်မည်ဆိုသည့် The Central စီမံကိန်း R3 Tower ရှိ အမေရိကန်ဒေါ်လာနှစ်သိန်းတန် အခန်းနှစ်ခန်းကို ၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့သော်လည်း လက်ရှိအချိန်ထိ ထိုအဆောက်အအုံကို အုတ်မြစ်ပင် မချရသေးကြောင်း အမည်မဖော်လိုသည့် အမျိုးသမီးတဦးက Myanmar Now ကို ပြောသည်။
“R3 ကို ယနေ့ထက်ထိ ဖောင်ဒေးရှင်းကို မတူးတဲ့အတွက် ဘယ်သောအခါမှ ရမှာလဲ။ အခုတောင် ခုနစ်နှစ်ရှိပြီ။ ပြီးတော့ ပိုဆိုးတာက ဒီမြေကြီးက အစိုးရဆီက နှစ် ၅၀ ပဲရတယ်။ နှစ် ၅၀ ပြီးမှ ၁၀ နှစ် သက်တမ်းတိုး၊ နောက် ၁၀ နှစ်သက်တမ်းတိုး။ အခုတောင် ၁၃ နှစ်ကုန်ဆုံးသွားပြီ။ အဲ့ဒီအတွက် ကျွန်မတို့က စိတ်ပူတာတွေက တနေ့တခြားမြင့်တက်လာတာပေါ့” ဟု ၎င်းက ပြောသည်။
နှစ်ပေါင်းများစွာ စုဆောင်းထားသော ချွေးနှဲစာဖြင့် အခန်းတန်ဖိုး၏ ၉၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေ၍ ဝယ်ယူထားခြင်းဖြစ်ပြီး အခန်းအပ်ရန် တိကျရေရာသော ကတိကဝတ်များ ကုမ္ပဏီက မပေးသလို ကုမ္ပဏီဘက်ကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း အဓိကတာဝန်ရှိသူများက ရှောင်နေကြကြောင်း ထိုအမျိုးသမီးက ပြောသည်။
“ကတိကဝတ်လိုချင်တာပေါ့။ ဘယ်တော့ကျရင် စတင်မယ်။ ဘယ်တော့လောက် (ဥပမာ) နောက်သုံးနှစ်မှာ အခန်းရမယ်။ နောက်ငါးနှစ်မှာရမယ်။ တိကျရေရာတဲ့ အဖြေလေးကို ပြောစေချင်တာကို ဘာဆိုဘာမှ မေးလို့မရဘူး” ဟု ၎င်းက ပြောသည်။
ကွန်ဒိုတိုက်ခန်းအရောင်းအငှားဝက်ဘ်ဆိုက် Shwe Nets တွင် ဖော်ပြထားသော ဈေးနှုန်းများအရ The Central ကွန်ဒိုတခန်းလျှင် ကျပ်သိန်းပေါင်း ၁၄,၀၀၀ မှ ၄၀,၀၀၀ အထိရှိသည်။
၂၃ ထပ်အမြင့်ရှိပြီး အခန်းပေါင်း ၃၃၂ ခန်းစီပါဝင်သည့် R1 နှင့် R2 တာဝါနှစ်လုံးမှာမူ ပြီးစီးနေပြီ ဖြစ်သော်လည်း ထိုအခန်းဝယ်ယူထားသူများအား သတ်မှတ်ရက်ထက်နောက်ကျပြီးမှ အခန်းအပ်ခဲ့ကြောင်း ဝယ်ယူထားသူများက ဆိုသည်။

Marga Landmark Development ကုမ္ပဏီသည် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဝန်းကျင်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ် လက်ရှိစစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ဖွင့်လှစ် ထားသည့် စစ်ရုံးဟောင်းနှင့် မော်တော်ယာဉ်တပ်မြေ ၂၂ ဧကပေါ်တွင် ဒဂုံစီးတီးအိမ်ရာ စီမံကိန်း (၁) ကို အကောင်ထည်ဖော်ရန် စတင်ကြိုးပမ်းခဲ့သည်။ သို့သော် ထိုစီမံကိန်းသည် ရွှေတိဂုံစေတီနှင့် နီးကပ်လွန်းသဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ မြို့ပြအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်ဆန္ဒပြခံရသည့်နောက် ရပ်ဆိုင်းသွားခဲ့သည်။
ထို့နောက် လက်ရှိ ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ အမှတ်(၆) သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနပိုင်မြေအနက်မှ ၁၇ ဒသမ ၇ ဧကကို နှစ် ၅၀ သက်တမ်းဖြင့် အစားထိုးမြေနေရာရရှိခဲ့ပြီး လက်ရှိ The Central စီမံကိန်းကို တည်ဆောက်နေခြင်းဖြစ်သည်။
Marga Group ၏ လုပ်ငန်းခွဲပင်ဖြစ်သည့် Green Urban Venture ကုမ္ပဏီက တည်ဆောက်မည့် ဗဟိုလမ်းနှင့် အလုံလမ်းထောင့်ရှိ The Park စီမံကိန်းမှာ ကြိုတင်ငွေသွင်းစနစ်ဖြင့် ရောင်းချထားသော်လည်း တည်ဆောက်ရေးလုပ်ငန်းများမှာ လောက်လောက်လားလား တိုးတက်မှုမရှိကြောင်း ၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးကာလအတွင်း အရစ်ကျစနစ်ဖြင့် The Park တွင် ကွန်ဒိုတိုက်ခန်းတခန်းဝယ်ယူခဲ့သည့် အမည်မဖော်လိုသူ အမျိုးသားတဦးက ပြောသည်။
၎င်းဝယ်ယူထားစဉ်က ၂၀၂၇ ခုနှစ် ဧပြီလတွင် အခန်းအပ်မည်ဟု ကတိပြုထားကြောင်း၊ ထိုကာလအတွင်း မအပ်နိုင်လျှင် ၁၀ လနှစ်ကြိမ်အထိ စောင့်ဆိုင်းကာလသတ်မှတ်နိုင်ပြီး ထို့အတွက် အပိုစောင့်ဆိုင်းရသည့် တလကြာတိုင်း အခန်းတန်ဖိုး၏ ၁ ရာခိုင်နှုန်းကို ပြန်လျှော်ပေးမည်ဟု ကုမ္ပဏီဘက်က ကတိပြုခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဒီလိုပရောဂျက်ကြီးတွေက မဂ္ဂါပရောဂျက် (မဟာစီမံကိန်းကြီး) တွေပါ။ လူတွေအများကြီးနဲ့ အုန်းဒိုင်း၊ အုန်းဒိုင်းနဲ့ လုပ်နေရမယ့်ဟာမျိုးပေါ့။ ဒါပေမဲ့ သူတို့က ဆိုက်ထဲမှာ အမြဲတမ်း လူ လေး၊ ငါး၊ ဆယ်ယောက်လောက်နဲ့ တရားစွဲလို့မရရုံ၊ မဆောက်ဘဲမနေပါဘူးဆိုတဲ့ပုံစံမျိုးလုပ်ပြနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုစီမံကိန်းထဲတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အခန်းအပ်ရမည့် အဆောက်အအုံသည်ပင် လက်ရှိအချိန်အထိ အုတ်မြစ်ချ၍ မပြီးသေးကြောင်း၊ ထို့ကြောင့် အရစ်ကျပေးသွင်းမှုကို ရပ်ဆိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။
မြေအကျယ် ခုနစ် ဧကပေါ်တွင် တည်ဆောက်မည့် The Park စီမံကိန်းတွင် အခန်းပေါင်း ၇၇၃ ပါဝင်မည့် အဆောက်အအုံပေါင်း ကိုးလုံးအထိ တည်ဆောက်သွားမည်ဟု ကွန်ဒိုတိုက်ခန်းအရောင်းအငှားဝက်ဆိုက် Shwe Nets တွင် ဖော်ပြထားသည်။
သို့ရာတွင် စီမံကိန်းမှာ လက်ရှိအချိန်ထိ အုတ်မြစ်ချ၍မပြီးစီးခြင်းကြောင့် ကြိုတင်ငွေပေးသူများမှာ ထိခိုက်နစ်နာကြောင်း The Park တွင် အခန်းဝယ်ထားသည့် အဆိုပါအမျိုးသားက ဆိုသည်။
“ဒီပိုက်ဆံက တကယ်လို့သာ ဒီကိစ္စတွေထဲမှာ နစ်မြုပ်နေတာမဟုတ်လို့ရှိရင် ကျွန်တော်တို့… လုပ်လို့ရတာတွေ အများကြီးရှိတယ်… အနည်းဆုံးဘဏ်ထဲမှာထားရင်တောင် ဘဏ်တိုးရတယ်” ဟု ၎င်းက ဆိုသည်။
ထို့စီမံကိန်းနှစ်ခုတွင် ကြိုတင်ငွေသွင်းစနစ်ဖြင့် ဝယ်ယူထားပြီး အခန်းမရသေးသူ ၁၀၀ ကျော်ရှိကြောင်း၊ လက်ရှိ ထိုဖြစ်စဉ်ကို စသုံးလုံးက စစ်ဆေးနေသော်လည်း အသေးစိတ်မသိရသေးသလို ကုမ္ပဏီတာဝန်ရှိသူများနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း အဆိုပါ အမျိုးသားနှင့် The Central တွင် အခန်းဝယ်ယူထားသူ အမျိုးသမီးတို့က ပြောသည်။
Marga Landmark နှင့် Green Urban Venture ကုမ္ပဏီနှစ်ခု၏ ဖုန်းနံပါတ်များကို Myanmar Now က အကြိမ်ကြိမ်ဆက်သော်လည်း ဖုန်းဖြေကြားခြင်း မရှိပါ။ အောက်တိုဘာလ ၅ ရက် နေ့စွဲဖြင့် The Central ၏ ထုတ်ပြန်ချက် နှင့် The Park ၏ ထုတ်ပြန်ချက် တို့တွင်မူ စသုံးလုံး၏ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်နေပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နစ်နာမှုများအတွက် ရသည့်နည်းဖြင့် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း တိုက်ခန်းဝယ်ထားသူတို့က ဆိုသည်။ သို့ရာတွင် စစ်တပ်လက်အောက်ခံ အာဏာပိုင်အဖွဲ့များ၏ ကိုင်တွယ်စစ်ဆေးမှုများအပေါ်တွင် ရလဒ်ထွက်ပေါ်လာရန်စောင့်ဆိုင်းနေကြောင်း The Park ကွန်ဒိုစီမံကိန်းတွင် ကြိုတင် အခန်းဝယ်ထားသူ အမျိုးသားကပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သော ယခုစီမံကိန်းနှစ်ခုသည် နိုင်ငံပိုင်မြေကို နှစ်ရှည်စာချုပ်ဖြင့် မြေငှားရမ်းလုပ်ကိုင်ရခြင်းကြောင့် အားသာချက်များစွာရှိပြီး တွန်းတွန်းတိုက်တိုက် တည်ဆောက်ပါက အချိန်မီပြီးစီးနိုင်ဖွယ်ရှိကြောင်း အမည်မဖော်လိုသည့် ကန်ထရိုက်တိုက်ခန်းနှင့် ကွန်ဒိုမီနီယံတိုက်ခန်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အမျိုးသားတဦးက ပြောသည်။
ထို့အပြင် ပြဿနာတခုခုဖြစ်လျှင် စစ်တပ်က ဖမ်းဆီးစစ်ဆေးခြင်းမှာလည်း ပြဿနာမပြေလည်ဘဲ ပိုဆိုးသွားစေကြောင်း၊ လုပ်ငန်းများတိုးတက်မှုမရှိ၍ ဝယ်ယူသူများ၏ စောဒကအတက်ခံနေရသော ဆောက်လုပ်ရေးစီမံကိန်းကို ချိပ်ပိတ်လိုက်ခြင်းမှာ ကုမ္ပဏီကို လုပ်ငန်းရပ်ထားရန် ခွင့်ပေးလိုက်သလို ဖြစ်နေကြောင်း သူက ဆိုသည်။
စင်စစ်အားဖြင့် ထိုစီမံကိန်းကိုခွင့်ပြုသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အပါအဝင် ဆက်စပ်ဌာနဆိုင်ရာများက ပြဿနာ၏ ဇာစ်မြစ်ကို ပွင့်လင်းမြင့်သာစွာချပြဖြေရှင်းရန်သာ လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ပြဿနာ၏ဇာစ်မြစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အထမမြောက်သေးမီ မက်လုံးမျိုးစုံပေး၍ ဆွဲဆောင်ရောင်းချမှုဖြစ်ကြောင်း၊ ထိုအခြေအနေကို သက်ဆိုင်ရာ ဌာနများက ကြီးကြပ်မှုအားနည်းခြင်း၊ မည်သို့မည်ပုံဖြေရှင်းမည်ကို မသိရခြင်းတို့ကြောင့် ဖြစ်ကြောင်း စီးပွားရေးနှင့် ဥပဒေအကြံပေးတဦးဖြစ်သူ ဦးတင်သန်းဦးက ပြောသည်။
“… သူတို့က ငွေဖော်ချင်တဲ့ တိုက်ခန်းမျိုးကို အရင်ပြီးအောင်လုပ်ပြီးတော့ (ကြိုတင်ငွေ ယူထားသူတွေ ဆီက) မတရားငွေတောင်းတယ်။ မရရင်သိမ်းမယ်တို့ဘာတို့နဲ့ ဥပဒေအရ ခြိမ်းခြောက်ခံနေရတယ်… သူတို့က တိုက်ခန်းရဲ့ပြီးစီးနေမှုကိုပြောတယ်။ အဆောက်အအုံတခုလုံးပြီးစီးနေမှုနဲ့ … ဝင်းကြီးတခုလုံးထဲမှာ အဆောက်အအုံ ဘယ်နှလုံးရှိမယ်၊ ကားပါကင်၊ တင်းနစ်ကွင်း ဘာညာပေါ့၊ incentive (မက်လုံးပေး) ထားတာတွေနဲ့နှိုင်းယှဉ်ရင် ရာခိုင်နှုန်းတော်တော်များများ မပြီးသေးဘူးလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
စာချုပ်အရ သတ်မှတ်အချိန်အတွင်း အခန်းအပ်ရမည်ဟုပါရှိပြီး မအပ်နိုင်ပါက တရားရုံးတွင် တရားမ အမှုအဖြစ်စွဲဆိုနိုင်ကြောင်း ဦးတင်သန်းဦးက ဆိုသည်။
ယခုပြဿနာတက်နေသော The Central နှင့် The Park စီမံကိန်းနှစ်ခုမှာ ပြည်တွင်းပြည်ပ ဖက်စပ်လုပ်ငန်း The Marga Landmark က နိုင်ငံတော်မြေပေါ်တွင် အကောင်အထည်ဖော်ခြင်းဖြစ်သဖြင့် လက်ရှိအာဏာကိုင်ထားသူများ၏ ဖြေရှင်းပေးမှုလိုကြောင်း ၎င်းက ဆိုသည်။
“အထူးသဖြင့် နိုင်ငံတော်စီမံကိန်းဆိုပြီးတော့ Developer တွေက ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအနေနဲ့ မြေယာတွေကို အများကြီးဈေးသက်သက်သာသာနဲ့ နိုင်ငံတော်က ချပေးထားပေမယ့်လို့ အဲ့ဒီစီမံကိန်းကို အကောင်အထည်မဖော်ဘဲ တိုက်ခန်းဝယ်ယူနေထိုင်သူတွေဆီကနေ ငွေတွေကြိုတင်ကောက်ခံပြီးတော့ အလွဲသုံးစားပြုလုပ်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု သူက ပြောသည်။
နိုင်ငံပိုင်မြေပေါ်အကောင်ထည်ဖော်ရာတွင် အချိန်မီမပြီးစီးနိုင်သည့် စီမံကိန်းများကို ပြန်လည်သိမ်းယူမည်ဟူသည့် ကြေညာချက်များလည်း သတင်းစာများတွင် မကြာခဏတွေ့နေရပြီး ယခုကဲ့သို့ပြဿနာများကို နိုင်ငံဘက်က ဖြေရှင်းပေးရန်လိုကြောင်း ၎င်းက ဆိုသည်။
ရပ်ဆိုင်းလိုက်သည့် Six One City စီမံကိန်း
ရန်ကုန်မြို့လယ် ခြောက်မြို့နယ်တွင် အကောင်းဆုံးကွန်ဒိုစီမံကိန်းတခုအဖြစ်တည်ဆောက်မည်ဟု ကြုံးဝါးခဲ့သည့် Six One City စီမံကိန်းကို အခက်အခဲမျိုးစုံကြောင့် ဖျက်သိမ်းလိုက်ကြောင်း ယခုနှစ် အောက်တိုဘာလ ၉ ရက် နေ့စွဲဖြင့် အခန်းဝယ်ယူသူများကို အကြောင်းကြားစာပေးပို့ခဲ့သည်။
စီမံကိန်းဖျက်သိမ်းသည်မှာ မှန်ကန်ပြီး ကြိုတင်ငွေပေးသွင်း၍ အခန်းဝယ်ယူထားသူများကို ငွေပြန်အမ်းသွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ကုမ္ပဏီဝန်ထမ်း အမျိုးသားတဦးက Myanmar Now ကို အတည်ပြုသည်။ သို့သော် အသေးစိတ်အခြေအနေကို ဖြေဆိုခြင်းမရှိပေ။
ထိုစီမံကိန်းတွင် ဈေးဝယ်စင်တာ၊ ရုံးခန်း၊ လူနေတိုက်ခန်းများထည့်သွင်းတည်ဆောက်ရာတွင် ၃၃ ထပ် အမြင့်ရှိ အဆောက်အအုံများ၊ ကားအစီး ၇၀၀ ရပ်နားနိုင်မည့်ကားပါကင်နှင့် ၂၄ နာရီလျှပ်စစ်မီးအတွက် ဒီဇယ်မီးစက်များထည့်သွင်းထားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အခြားစီမံကိန်းတခုဖြစ်သော Yangon Golden Paragon Investment ကုမ္ပဏီက သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းတွင် တည်ဆောက်နေသည့် Emerald Bay စီမံကိန်း၏ အထပ်မြင့် အဆောက်အအုံတခုမှာ ဆောက်လုပ်ခွင့်ပါမစ်မကျမီကတည်းက အရစ်ကျစနစ်ဖြင့် ရောင်းချထားသော်လည်း လုပ်ငန်းတိုးတက်မှုမရှိဘဲ ငွေသွင်းနေရ၍ ဝယ်သူများက စိုးရိမ်ကြောင်း သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ကြသည်။
အဆိုပါ Yangon Golden Paragon Investment ကုမ္ပဏီကို တက်လမ်းကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ၃၀ ရာခိုင်နှုန်း၊ စင်ကာပူ Golden Paragon ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ထည့်ဝင်ထူထောင်ထားခြင်းဖြစ်သည်ဟု ကုမ္ပဏီ၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်
ကုမ္ပဏီဘက်ကမူ သတ်မှတ်အချိန်အတွင်း စီမံကိန်းအပြီးသတ်၍ အခန်းအပ်နိုင်ရန်စီစဉ်နေသည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော အကျပ်အတည်းပေါင်းစုံကြောင့် ဝယ်လက်များ၏ ယုံကြည်မှုကျဆင်းသွားနိုင်ပြီး အရောင်းအဝယ်အေးကာ ဆောက်လုပ်ရေးလုပ်ငန်းတခုလုံး ထိခိုက်မှုရှိနိုင်ကြောင်း အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင် အမျိုးသားက ပြောသည်။
လက်ရှိတွင် အရပ်သားအရေခြုံ စစ်အစိုးရက အိမ်ခြံမြေအခွန် (property tax) ကောက်ရန်စီစဉ်ခြင်း၊ သွင်းကုန်ကန့်သတ်မှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများဈေးမြင့်တက်ပြီး တည်ဆောက်ရေးစရိတ်များ ပိုမိုမြင့်တက်လာကြောင်း ၎င်းက ဆိုသည်။
“ဝယ်တဲ့သူက အေးသွားတယ်။ အရောင်းအဝယ်မသွက်တော့ဘူး။ ဈေးတွေက ကျလာတယ်။ နောက်ပြီးတော့ တည်ဆောက်မှုစရိတ်တွေကလည်းမြင့်လာတယ်။ အကြောင်းကြောင်းတွေ ဆုံပြီးဖြစ်လာတယ်။ အခုက တခုပြီးတခုဖြစ်နေတာလေ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တွင် ရပ်ဆိုင်းနေသည့် ဆောက်လုပ်ရေးစီမံကိန်းများရှိနေပြီး စစ်အာဏာသိမ်းပြီးနောက် ရပ်နားထားသည့် ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့် မြန်မာ့မီးရထားရုံးချုပ်ဟောင်း မြေနေရာတွင် အကောင်အထည်ဖော်နေသည့် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်တန် Yoma Central စီမံကိန်းလည်း ပါဝင်သည်။
ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် အဆင့်မြင့်အိမ်ရာ တည်ဆောက်ရေးများ ပါဝင်သည့် ထိုစီမံကိန်းတွင် ရင်းနီးမြှုပ်နှံထားကြသည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် မစ်ဆူဘီရှီအုပ်စုတို့က ရင်းနှီးမြှုပ်နှံမှုကို ရောင်းချ၍ ထွက်ခွာသွားကြောင်း အောက်တိုဘာလ ၃ ရက် နေ့စွဲဖြင့် ရန်ကုန်စတော့အိတ်ချိန်း(YSX) ထံအကြောင်းကြားသည့် စာတွင် ဖော်ပြထားသည်။
ထိုစီမံကိန်း၏ ရှယ်ယာများအားလုံးကို Serge Pun ခေါ် ဦးသိမ်းဝေ၏ ကုမ္ပဏီများဖြစ်ခဲ့သည့် စင်ကာပူစတော့အိတ်ချိန်းဝင် Yoma Strategic Holdings Ltd နှင့် FMI (First Myanmar Investment Company) တို့က ဝယ်ယူခဲ့သည်။ သို့ရာတွင် စီမံကိန်းပြန်လည်စတင်ရန်ထက် အကွက်အကွင်း ကောင်းသောနေရာကို ဈေးပေါပေါဖြင့် ရရှိခြင်းကြောင့် ဝယ်ယူထားခြင်းဖြစ်ပြီး ဆောက်လုပ်ရေး ဈေးကွက်မကောင်း၍ အင်တိုက်အားတိုက် တည်ဆောက်နိုင်ဖွယ်မရှိသေးကြောင်း အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင် အမျိုးသားက ဆိုသည်။
“နေရာလည်းနေရာကောင်းဖြစ်တဲ့အတွက်လေ။ သူတို့ကျတော့ ဘယ်သူ့ကိုမှ (ကြိုရောင်းချထားတာ မရှိတဲ့) စီမံကိန်းဖြစ်တဲ့အတွက် ဘယ်အချိန်ပြီးပြီး အဆင်ပြေတယ်လေ။ ဒီ (အနေအထား) လေးကို မပျောက်ပျက်အောင်ဝင်ထိန်းထားတဲ့သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မလုပ်တာကြာသွားရင် ဒီဟာကို တခုခုလုပ်မှာစိုးလို့ပေါ့” ဟု ၎င်းက သုံးသပ်သည်။
FMI ကမူ ယခုခြေလှမ်းသည် မရေရာသော စီးပွားရေးအခြေအနေများကြောင့် ရပ်ဆိုင်းထားသည့် စီမံကိန်းကို အဆင့်လိုက်ပြန်စတင်ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။



