အာဏာသိမ်းစစ်တပ်သည် ၎င်းတို့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)ကို တွေ့ဆုံဆွေးနွေးရန် ယခင်လအတွင်း ဖိတ်ကြားခဲ့သော်လည်း KIA က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် အဆင်မပြေကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ရက် ၁၀၀ စီမံကိန်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့်အဖွဲ့များအပြင် အပစ်အခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ တွေ့ဆုံမှုများ ပြုလုပ်သည်။
ထိုအထဲ KIA နှင့် နီးစပ်သည့် ရှမ်းပြည်နယ်အခြေစိုက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သော “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNTJP/ MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်- မိုင်းလားအဖွဲ့ (NDAA) တို့က နေပြည်တော်၌ စစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် လာရောက်တွေ့ဆုံထားကြသည်။
လတ်တလောတွင် စစ်တပ်နှင့်တိုက်ပွဲပြင်းထန်နေသည့် KIA နှင့် အာရက္ခတပ်တော် (AA) တို့အနက် KIA ကို စစ်တပ်က တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
“ နိုင်ငံရေးဆွေးနွေးမှုအတွက် နေပြည်တော်ကိုလာပါလို့ ဖိတ်ခေါ်တာ ရှိပါတယ်။ လွန်ခဲ့တဲ့လမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့ နေပြည်တော်မှာတော့ အဆင်မပြေဘူးလို့ အကြောင်းပြန်ထားတာ ရှိတယ်” ဟု KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်တပ်၏ ဆွေးနွေးပွဲဖိတ်ခေါ်ခြင်းသည် လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး ကချင်ပြည်နယ်တွင် စစ်အင်အား ဖြည့်တင်းပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခိုင်းခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
“ ခါတိုင်း လုပ်ထုံးလုပ်နည်းလိုပုံစံပဲ။ အဲဒါကြောင့်အခုလည်းပဲ စစ်ကြောင်း ထိုးတာတွေလည်းထိုးတယ်။ ဆွေးနွေးပွဲ လုပ်တာတွေလည်း လုပ်တယ်။ ပုံမှန်ပါပဲ။ ဒါပေမဲ့ လက်တွေ့ပိုင်းနဲ့ပြန်ကြည့်ရင်တော့ နည်းနည်း စစ်အင်အားနဲ့ ဖြည့်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခိုင်းတဲ့ပုံစံမျိုးပဲ ဖြစ်နိုင်တာပေါ့”
“ ကျွန်တော်ပြောလိုတာကတော့ ဆွေးနွေးပွဲ မလုပ်ရင်လည်း တိုက်ပွဲကတော့ ဆက်လက်ရှိပါတယ်။ တိုက်ပွဲရှိရင်လည်း ဆွေးနွေးပွဲကတော့ ခေါ်ပါတယ်။ ဒါကတော့ သူတို့အမြဲတမ်းလုပ်နေတဲ့ လုပ်ထုံးလုပ်နည်း တစ်ခုလိုဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
တွေ့ဆုံပွဲ အခြေအနေနှင့်ပတ်သက်၍ ၎င်းအနေဖြင့် အတိအကျမသိရှိဘဲ KIO ဗဟိုကော်မတီကသာ အဓိက ကိုင်တွယ်သည်ဟု သူက ဆိုသည်။
လတ်တလောတွင် ကချင်ဒေသ ဗန်းမော်မြို့နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အနီး KIAနှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်နေသည်။
ပြီးခဲ့လများအတွင်း မန္တလေး-ရွှေကူမြို့မှတဆင့် စစ်သင်္ဘောများဖြင့် အင်အားဖြည့်ပြီးနောက် ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေသည်။
“ ဗန်းမော်ဘက်မှာတော့ ခပ်စိပ်စိပ်တိုက်ပွဲတွေ ရှိပါတယ်။ ခလရ ၄၇ နဲ့နီးတဲ့ ရပ်ကွက်တွေမှာပေါ့။ အဲဒီ တကြောမှာ သူတို့(စစ်တပ်) လက်နက်ကြီးနဲ့ပစ်တယ်။ မြေပြင်ကနေ လိုက်ပြီး ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေ ရှိပါတယ်။ နောက် စကခ ၂၁ (အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) နဲ့နီးတဲ့နေရာပေါ့ ဗန်းမော်တက္ကသိုလ်နားက နမ့်ဖားဆိုတဲ့ ရပ်ကွက်ဘက်မှာလည်း တိုက်ပွဲတွေ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်မြို့မှ မိုးမောက်မြို့ဘက်အတက် သုံးမိုင်တွင်လည်း တိုက်ပွဲများဖြစ်နေပြီး စစ်တပ်က ခရစ်ယာန် ဘုရားကျောင်းတစ်ခုကိုလည်း မီးရှို့ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်များက ဗန်းမော်မြို့ပေါ်ရှိ အာဏာသိမ်းတပ်၏ စခန်းများကို၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး ယခုနှစ်အထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။
၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့်ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ် မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။
KIA အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) တွင်လည်း ပါဝင်နေရာ ထိုအခြေအနေတွင် SCEF မှ ခွဲထွက်ကာ စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“ KIA အနေနဲ့ အဲဒီအထဲကနေ ရုန်းထွက်ပြီးတော့ သီးခြားတွေ့ဆုံဖို့ဆိုတာ သိပ်မလွယ်ဘူး ထင်ပါတယ်။ အဲဒီ အလားအလာက သိပ်ပြီး မဖြစ်နိုင်ပါဘူး။ ပိုကောင်းတာနဲ့ပိုဆိုးတာ ဘာဖြစ်နိုင်လဲဆိုတော့ ရခိုင်ပါ အဲဒီအထဲ ပါလာရင် ပိုကောင်းတာပေါ့”
စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ဖြတ်ဖယ်ရှားပစ်ရန် ဆိုသည့် ရည်မှန်းချက်ဖြင့် SCEF ကို ယခုနှစ် မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းထားပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ KIO၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ KNPP တို့ပါဝင်သည်။
မကြာသေးမီကာလက နေပြည်တော်ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ရှမ်းမြောက်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် UWSA နှင့် TNLA တပ်ဖွဲ့တို့က ပြည်နယ်ရရှိရေး၊ MNDAA က လက်ရှိနယ်မြေများကို အထူးဒေသ (၁) အဖြစ် နယ်မြေ သတ်မှတ်ပေးရေး၊ မိုင်းလားတပ် NDAA တို့က အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် အဓိက တောင်းဆိုထားသည်။
စစ်တပ်၏ ငြိမ်းချမ်းရေးကော်မတီက NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စသည့် ခြောက်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးထားသည်။
လက်ရှိတွင် ရှမ်းမြောက်တစ်ခုလုံးနီးပါး တိုက်ပွဲများရပ်တန့်သွားကာ နိုင်ငံအလယ်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်၊ ရခိုင်ပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နှင့် မွန်ပြည်နယ်အစပ်၊ ပဲခူးတိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေသည်။
ထိုဒေသများ၌ KIA၊ AA၊ KNPP၊ KNUနှင့် ချင်းအမျိုးသားတပ်ဦး (CNF) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဓိက ဦးဆောင်မှုများ ပြုလုပ်နေရာ CNF ကိုလည်း ကမ်းလှမ်းသော်လည်း၊ တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ခဲ့သည်။
အာရက္ခတပ်တော် (AA) ကို စစ်တပ်က ဖိတ်ကြားခြင်းမရှိသေးဘဲ လတ်တလော၌ AA ထိန်းချုပ်နယ်မြေများကို ကြည်း၊ ရေ၊ လေ ဖြင့် ထိုးစစ်ဆင်နေချိန် ၎င်း၏မဟာမိတ် KIA ကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ KIA ကို ဖိတ်ခေါ်သည်နှင့်ပတ်သက်၍ စစ်တပ်က ယနေ့အထိ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။



