အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ကို ထိုးဖောက်လိုသည့် စစ်တပ်က နယ်မြေထိစပ်နေသည့် မင်းတုန်းတွင် ဗုံးကြဲ၊ ၃ ဦး‌ သေဆုံး

အာရက္ခတပ်တော်ထံ နယ်မြေအများစု လက်လွှတ်ထားရသည့် စစ်တပ်က နယ်မြေထိစပ်နေသည့် မကွေးတိုင်း- ယော- ချင်းတောင်ပိုင်းတို့မှတဆင့် ထိုးဖောက်နေရာ စက်တပ်လေထီးများဖြင့် ဗုံးကြဲမှုကြောင့် တစ်ပတ်အတွင်း မင်းတုန်းဒေသခံ သုံးဦး သေဆုံးခဲ့သည်။

မကွေးတိုင်းဘက်မှတဆင့် ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းနေသည့် စစ်တပ်သည် သရက်ခရိုင် မင်းတုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို အောက်တိုဘာလ ဒုတိယပတ်အတွင်း စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ပြည်သူသုံးဦး သေဆုံးခဲ့သည်။

မင်းတုန်းမြို့အရှေ့တောင်ဘက် ပုသိမ်- မုံရွာကားလမ်းအနီး တည်ရှိသည့် မဲဇလီကျေးရွာကို ယမန်နေ့ (အောက်တိုဘာလ ၁၂ ရက်) နံနက်တွင် စက်တပ်လေထီး နှစ်စီးက ဗုံးကြဲခဲ့ရာ လူနေအိမ်အနီး ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် ကိုစည်သူ သေဆုံးခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်ကလည်း မင်းတုန်းမြို့တောင်ဘက် ၂၁ မိုင်ကျော်အကွာ ချင်းနှစ်ရွာကို စက်တပ်လေထီး သုံးစီးဖြင့် ဗုံးကြဲခဲ့ရာ အသက် ၈၃ နှစ်အရွယ် ဦးထွန်းတင်နှင့် အသက် ၁၂ နှစ် အရွယ် မောင်ဝေယံဦးတို့သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

လေကြောင်းတိုက်ခိုက်ခံရသည့်ကျေးရွာတို့မှာ စစ်တပ်ခြေကုပ်ယူထားရာ မင်းတုန်းမြို့ဝန်းကျင်နှင့် ပုသိမ်- မုံရွာ ကားလမ်းအနီးတွင် ရှိပြီး စစ်တပ်က လတ်တလော စစ်ကြောင်း ထိုးနေသည့် ရခိုင်ရိုးမနှင့် အလှမ်းဝေးကွာကြောင်း သိရသည်။

“ ဒီကျေးရွာတွေက စစ်ကြောင်းတွေဝင်ရောက်နေတဲ့ မင်းတုန်းအနောက်ခြမ်း ရခိုင်ရိုးအခြေတွေနဲ့ လားလားမှမဆိုင်တဲ့ဒေသတွေဖြစ်ပါတယ်။ ဒီတော့ ပြည်သူတွေကိုပဲ ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်”ဟု ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုမြတ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ရာတွင် သရက်မြို့ အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂)မှ တက်လာသည့် စက်တပ်လေထီးအများစုကို အသုံးပြု တိုက်ခိုက်နေကြောင်း ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက ဆိုကြသည်။  

-မကွေးတိုင်း မင်းတုန်းမြို့နယ် မဲဇလီရွာကို အောက်တိုဘာလ ၁၂ ရက်က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ကိုစည်သူ (၄၀ နှစ်)။(ဓာတ်ပုံ- သရက်ခရိုင် အမှတ် ၄ တပ်ရင်း) 

အထက်ပါ ကလေးနှင့်သက်ကြီးပိုင်းအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိသည့် မင်းတုန်းမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် မကွေးတိုင်း ပြောရေး ဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်ကို Myanmar Now က ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရခဲ့ပါ။ 

ရခိုင်ပြည်နယ် နယ်မြေအများစု လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် နယ်မြေ ထိစပ်နေသည့် မကွေးတိုင်း ထဲမှတဆင့် ထိုးဖောက်နိုင်ရေးအတွက် မင်းတုန်းမြို့နယ်အနောက်ခြမ်း ရခိုင်ရိုးမတောင်ခြေကို ယခုနှစ် ဇွန်လအတွင်း အင်အားဖြည့်တင်းစုဖွဲ့ကာ ရိုးမပေါ်တက်ရောက်နိုင်ရန်  ကြိုးပမ်းနေသော်လည်း လေးလနီးပါး ကြာမြင့်သည်အထိ ထိုးဖောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

“လက်ရှိအချိန်ထိတော့ သူတို့ရိုးပေါ်ကိုတက်နိုင်ခြင်းမရှိသေးပါဘူး။ ရိုးအခြေမှာပဲရှိနေဆဲ ဖြစ်တယ်။ သူတို့ရဲ့လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ အုပ်ချုပ်ရေး ထောက်ပံ့လမ်းကြောင်းတွေကိုလည်း ခလရ ၄၄ ကနေ ကပစ ၁၂၊ ကပစ ၁၂ ကနေမှ မင်းတုန်း၊ မင်းတုန်းကနေ ရိုးအခြေအထိကို ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းဆက်သွယ်ထားပြီးတော့ လက်ရှိအချိန်အထိ စုဖွဲ့ပြင်ဆင်နေသေးတာမလို့ စစ်ကြောင်းတွေကတော့ ဆက်ပြီးတော့ ထိုးနိုင်မယ့် အခြေအနေမှာ ရှိပါတယ်”ဟု သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုမြတ်ကပြောသည်။

ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရှိရာကျောက်ဖြူနှင့် မာန်အောင်မြို့တို့မှအပ ကျန် ၁၄ မြို့နယ်ကိုလက်လွှတ်ထားရသည့် စစ်တပ်သည် ရခိုင်ဒေသနှင့် ထိစပ်နေသည့်ဒေသများ ဖြစ်သော ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှတဆင့် ဝင်ရောက်နိုင်ရန် အပြင်းအထန် ကြိုးပမ်းနေရာ တိုက်ပွဲများ ပြင်းထန်နေသည်။ 

စစ်တပ်ဝင်လာရာ လမ်းသုံးသွယ်

မကွေးတိုင်းအနောက်ပိုင်းကို အခြေပြုပြီး ရခိုင်ကို ဝင်ထွက်နိုင်သောလမ်းကြောင်းဖြစ်သည့်  မကွေးတိုင်း ငဖဲမြို့နယ်၊ မင်းတုန်းနှင့် ယောဒေသ-ချင်းတောင်ပိုင်းတို့မှတဆင့် စစ်တပ်က ဝင်ရောက်နိုင်ရန် ကြိုးပမ်းနေသည်။ 

ရခိုင်ပြည်နယ် အမ်းမြို့နှင့် ဆက်သွယ်ထားသည့် မကွေးတိုင်း ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းမှတဆင့် စစ်တပ်က ထိုးစစ်ဆင်လျက်ရှိသည့်အပြင် ရခိုင်တောင်ပိုင်း တောင်ကုတ်၊ မအီမြို့အထိ လမ်းပေါက်သည့် မင်းတုန်းမြို့နယ်ဘက်မှလည်း ထိုးဖောက်ရန် စစ်တပ်က ပြင်ဆင်လာသည်။ 

ထို့အတူ အာရက္ခတပ်တော်(AA)  ထိန်းချုပ်ထားရာ ပလက်ဝမြို့နယ်အထိလမ်းသင့်သည့် ချင်းပြည်နယ် တောင်ပိုင်းကိုလည်း ယခုနှစ် မေလမှ စတင်၍ မကွေးတိုင်း ယောဒေသဘက်မှတဆင့် အင်အား တစ်ထောင်ကျော်သုံးပြီး ထိုးစစ်ဆင်လျက်ရှိရာ ချင်း၊ ယောတော်လှန်ရေးအင်အားစုများနှင့်အတူ AA က ပူးပေါင်း ခုခံတိုက်ခိုက်လျက် ရှိသည်။ 

အဆိုပါ ထိုးစစ်သည် AA နှင့် မဟာမိတ်ဖြစ်သည့် ချင်းတော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့ (CB) ထိန်းချုပ်ထားရာ ကန်ပက်လက်နှင့် မင်းတပ်မြို့တို့ကို ဦးတည်တိုက်ခိုက်နေပြီး ပြီးခဲ့သည့်လများအတွင်း လေကြောင်းမှလည်း နေ့စဉ်နီးပါး အပြင်းအထန်တိုက်ခိုက်နေသည်။

ချင်း-မကွေး-ရခိုင်စစ်ရေးအခြေအနေပြမြေပုံ။

တိုက်ပွဲကာလ လေးလကျော်ကြာလာချိန် ပြုန်းတီးလာသော စစ်အင်အားများအတွက် စစ်တပ်က စက်တင်ဘာလကုန်တွင် မကွေးတိုင်းဘက်မှ လာသော ကားအစီးရေ ၁၈၀ ကျော်ပါဝင်သည့် ယာဉ်တန်း၊ အောက်တိုဘာလ ပထမပတ်တွင် မင်းဘူးမြို့မှဘက် စစ်ကား ၂၅ စီးခန့်ဖြင့် ယောဒေသ ဆောမြို့နယ်၊ လောင်းရှည်မြို့အခြေစိုက် အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅) တွင် အင်အားများ ဖြည့်တင်းခဲ့သည်။ 

ထို့နောက် စစ်တပ်က လောင်းရှည်မြို့ဘက်မှတဆင့် အနောက်ဘက် (မျဉ်းဖြောင့်တိုင်းပါက မိုင် ၃၀ ကျော် ခန့်အကွာ) ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး လက်ရှိတွင် ကျင်ဒွေးမြို့နှင့် ၁၂ မိုင်ခန့်အကွာ မောချောင်းအနီး မဆာတွီကျေးရွာသို့ ရောက်ရှိနေသည်။

စစ်တပ်စစ်ကြောင်း ချင်းပြည်နယ်အတွင်း ရောက်လာသော်လည်း ချင်းတော်လှန်ရေးအင်အားစုများက  ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း ယောဒေသမှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ခြေကုပ်ယူတဲ့နေရာ (လောင်းရှည်)ကနေ စတွက်ရင် သုံးပုံတစ်ပုံလောက်ရောက်နေပြီ။ ဒါပေမဲ့ (စစ်)တပ်ကတော့ လန်လန် ကျနေတယ်”ဟု ထိုသူက ဆိုသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းအပြင် ယခုနှစ်မေလလယ်ကလည်း ဆော- ကန်ပက်လက်လမ်းအတိုင်း ကန်ပက်လက်မြို့သို့ ဦးတည်တက်လာသည့် စစ်တပ်စစ်ကြောင်းတစ်ခုလည်း အဆိုပါလမ်းပိုင်းပေါ်တွင် ရှိနေဆဲဖြစ်သည်။

အလားတူ မင်းတပ်မြို့ဘက်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေရာ မကွေးနှင့်ချင်းနယ်စပ်ရှိ ကြီးရွာနှင့် ရွှေအောင်သာရွာအနီးတွင်လည်း စစ်တပ်က နောက်ထပ် စစ်ကြောင်းတစ်ခုဖြင့် ထပ်တိုးလှုပ်ရှားလျက် ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံကသိရသည်။ 

မင်းတပ်၌  အင်အားအလုံးအရင်းဖြင့်မြေပြင်ထိုးစစ်ဆင်နေချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ရှိနေပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက် ညနေက လေယာဉ် ငါးစီးဖြင့် အုပ်စုဖွဲ့ လေကြောင်း တိုက်ခိုက်ခဲ့သေးသည်။ 

“လေယာဉ်တိုက်ခိုက်မှုကိုကြည့်ရင်သိနိုင်တယ်။ သူတို့အကျအဆုံးများရင် လေယာဉ်က တောက်လျှောက် လာတာ‌လေ။ ကြီးရွာ၊ ရွှေအောင်သာကြားမှာ တိုက်ပွဲကနေ့တိုင်းလိုလိုရှိပါတယ်။ ကိုယ့်ဘက်ကလည်း ပေးဆပ်ရတာရှိတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်”ဟု အထက်ပါ ယောဒေသစစ်ရေး သတင်းရင်းမြစ်အမျိုးသားက ပြောသည်။ 

စစ်တပ်သည် နယ်မြေထိစပ်ဒေသများမှတဆင့် ရခိုင်ပြည်နယ်ကိုထိုးဖောက်နိုင်ရေး ကြိုးပမ်းနေသလို တစ်ဖက်တွင်လည်း ၎င်းတို့အခြေပြုသည့် စစ်တွေမြို့အနီး မြစ်တစ်ခုသာ ခြားသည့် ပေါက်တောမြို့နယ် ငပြီကျွန်းသို့ လေကြောင်း၊ လက်နက်ကြီးပစ်ကူ အားပြုပြီး ရေကြောင်းမှတဆင့် ကမ်းတက်အခြေချ၍ AA ထိန်းချုပ်ဒေသများကို ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေသည်။

မြေပြင်တွင် အင်အားအလုံးအရင်းသုံးကာ ဘက်ပေါင်းစုံမှထိုးစစ်ဆင်နေသည့်နည်းတူ ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ပေါက်တော၊ ကျောက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ တိုးလုပ်နေသည်။ 

ရခိုင်ပြည်နယ်ကို ထိုးစစ်ဆင်နေသည့် စစ်တပ်သည် စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာအပြင်၊ ရခိုင်နှင့် ထိစပ်နေသည့် ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ချင်းပြည်နယ်စပ်နှင့် ကမ်းရိုးတန်းဘက်ကပါ အင်အား နှစ်ဆ၊ သုံးဆနီးပါး တိုးမြှင့်ကာ ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်လာနိုင်ခြေရှိပြီး မိုးအကုန်၊ ဆောင်းအကူး ကာလတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စက်တင်ဘာလကုန်ပိုင်းတွင် စတင်ထုတ်ဝေသည့် ပါတီ စာစောင်မှတဆင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ( ၁) ဒေါက်တာညိုထွန်းအောင်က လူထုကို သတိပေးထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles