အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ပျူနှင့် ဇိုးတို့ကြား အထိတ်တလန့် မန္တလေးနေ့ရက်များ

မြန်မာဘုရင်များ နောက်ဆုံးစိုးစံခဲ့ရာ မြို့၊ ယဉ်ကျေးမှုမြို့တော် စသည်ဖြင့် အမည်မျိုးစုံ ပညတ်ခေါ်ဝေါ်ကြသည့် မန်းရွှေမြို့သည် စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူများ၊ ဇိုးများ မင်းမူခြယ်လှယ်သည့်ဒဏ်ကို ခါးစည်းခံနေကြရသည်။

ငါးနှစ်ကျော်ကြာ မရောက်ဖြစ်ခဲ့သည့် မန္တလေးမြို့သို့ ယခုရက်ပိုင်းအတွင်း စီးပွားရေးကိစ္စတစ်ခုဖြင့် ရောက်ဖြစ်ခဲ့သည်။ လမ်းဘေးဝဲယာ ရှုခင်းများကို ငေးမောကြည့်ရှုနိုင်ရန် ရန်ကုန်မြို့မှ မနက်ခင်း ခရီးသည်တင်မှန်လုံကားဖြင့် မန္တလေးမြို့ဘက်သို့ ထွက်ခွာခဲ့သည်။

မန္တလေး ချမ်းမြရွှေပြည်ယာယီကားဝင်း ရောက်သည်နှင့် Grab မိုဘိုင်းအက်ပလီကေးရှင်းမှ တဆင့် သုံးဘီး ဆိုင်ကယ် (ဒေသအခေါ် အိုးဝေ) ငှားရမ်းကာ တည်းခိုမည့် ဟိုတယ်သို့ ပို့ဆောင်ခိုင်းခဲ့ရသည်။

မိုးရွာသွန်းထားသော်လည်း မန္တလေး၏ ညနေခင်းမှာ ပူလောင်အိုက်စပ်နေဆဲ ဖြစ်သည်။ မိုးရွာပြီးစ လမ်းမပေါ်တွင် မိုးရေနှင့် မြောင်းရေတို့ တင်ကျန်နေသည်ကို တွေ့ရသည်။ ညနေခင်း ရုံးဆင်း၊ အလုပ်သိမ်းချိန်ဖြစ်၍ လမ်းမများပေါ်တွင် ကား၊ ဆိုင်ကယ်၊ သုံးဘီးများနှင့် ရှုပ်ထွေးနေသည်။

မန္တလေးမြို့၏ ထုံးစံဟုပင် ဆိုရမလား။ ဆိုင်ကယ်များမှာ လမ်း၏ ဘေးဘီဝဲယာမှ အတင်းတိုးကာ မောင်းနှင်နေကြသည်မှာ ရင်တမမ ဖြစ်ဖွယ်ကောင်းလှသည်။ 

လမ်းဘေးဝဲယာတလျှောက်တွင်မူ ၂၀၂၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် တိုက်တာ အဆောက်အအုံများ ဖာထေးပြင်ဆင်နေသည်ကို တွေ့ရပြီး၊ ပြိုကျသွားသောအချို့နေအိမ်များမှာမူ ယနေ့ထက်ထိ အုတ်ပုံများအဖြစ် ကျန်ရှိနေသေးသည်။

ဟိုတယ်သို့သွားသည့် လမ်းခုလတ်တွင် မိတ်ဆွေတစ်ဦးထံက ဖုန်းဝင်လာသဖြင့် ပြောဆိုရန်ပြင်လိုက်စဉ် အိုးဝေမောင်းသူက သတိပေးစကား ဆိုလာသည်။

“ဆရာ… ဖုန်းပြောမယ်ဆို အထဲတိုးပြီးပြောပါ။ ဘေးနားကပ် မပြောပါနဲ့၊ လုသွားလိမ့်မယ်”

ထို့ကြောင့် မိတ်ဆွေဖြစ်သူကို စကားဖြတ်လိုက်ရသည်။

“ဒီမှာက အရင်လိုမဟုတ်ဘူးဗျ။ ဖုန်းပြောနေရင် ဘေးနားကနေ ဆိုင်ကယ်နဲ့ လာလုတာ၊ လိုက်လို့လည်း မမီနိုင်ဘူး။ ဆိုင်ကယ်မောင်းရင်း ဖုန်းပြောရင်လည်း ဘေးကနေ လာလုသွားတာ ခဏခဏပဲ” ဟု အိုးဝေ မောင်းသူက ရှင်းပြသည်။

ထိုသို့ ပြောလိုက်ရသည့်အတွက် အားနာနေသည့်အရိပ်အယောင်ကိုလည်း အိုးဝေ မောင်းသူ၏ မျက်နှာတွင် အထင်းသား။

ယခုနှစ်အတွင်း တွေ့ရသော မန္တလေးမြို့တွင်းတစ်နေရာ။ (ဓာတ်ပုံ- Myanmar Now)

လမ်းပေါ်သွားလာနေသူများ၏ ဆွဲကြိုး၊ ဖုန်း၊ ပိုက်ဆံအိတ်ကဲ့သို့ အရွယ်အစား သေးငယ်သည့်ပစ္စည်းများ မကြာခဏ လုယက်ခံရသည့်အပြင်   ဆိုင်ကယ်များလည်း လုယက်ခံရသည်၊  ရိုက်နှက်သွားကြသေးသည်ဟုလည်း  ၎င်းက ဆက်လက်ရှင်းပြသည်။

ဒေသခံ မိတ်ဆွေအချို့၏အဆိုအရ လုယက်သူအများစုမှာ စစ်တပ်လက်ဝေခံ ပျူစောထီးများနှင့် ပတ်သက်နေသဖြင့်  ဖမ်းဆီးမိပါကလည်း မကြာမီ ပြန်လွတ်မြောက်လာလေ့ရှိသည် ဟု ဆိုကြသည်။

ထို့နောက် တည်းခိုသည့်ဟိုတယ်တွင် ခဏတဖြုတ် အနားယူပြီးနောက် ကျွန်တော့်ကို ခေါ်ဆောင်သည့် မိတ်ဆွေဖြစ်သူနှင့်အတူ ညစာစားရန် ထွက်ခဲ့ကြသည်။

ယခင်က သီချင်းသံများ၊ ဘီယာခွက်တိုက်သံများဖြင့် စည်ကားခဲ့သည့် ဘီယာဆိုင်များနှင့် စင်တင်ဝိုင်းများ၊ ညပိုင်းဖွင့်သည့် လက်ဖက်ရည်ဆိုင်များတွင် စားသောက်သူ ခပ်ကျဲကျဲသာ တွေ့ရတော့သည်။ နိုင်ငံအလယ်ပိုင်း၏ မြို့ပြကြီးတစ်ခုဖြစ်သော်လည်း ညနေခင်းပိုင်းတွင် လူသွားလူလာ သိသိသာသာ ရှင်းလင်းနေသည်။ 

“ဒီမှာက ညပိုင်းဆို လူတွေသိပ်မထွက်တော့ဘူး။ ပေါ်တာဆွဲမှာ ကြောက်လို့” ဟု မိတ်ဆွေဖြစ်သူက ပြောပြသည်။

မိတ်ဆွေ ပြောသည့် “ပေါ်တာ” ဆိုသည်က လိုအပ်နေသော စစ်အင်အားအတွက် လူငယ်၊ လူရွယ်များကို စစ်တပ်ထံ ပို့ဆောင်ရန် အဓမ္မ ဖမ်းဆီးနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။ 

ညစာကို ခပ်သွက်သွက် စားသောက်ပြီးနောက် မန္တလေးကျုံးဘက်မှ ပတ်၍ ပြန်ခဲ့ကြသည်။ ယခင်က ညဉ့်နက်သည်အထိ အားကစားလုပ်သူများ၊ လေညှင်းခံ လမ်းလျှောက်သူများဖြင့် စည်ကားလေ့ရှိသည့် သမိုင်းဝင်ကျုံးဘေးပတ်လည် ညချမ်းသည် ယခုအခါ မည်းမှောင်တိတ်ဆိတ်၍ ခြောက်ကပ်နေလေသည်။

ညချမ်းအချိန် လမ်းလျှောက်သူ  လေညှင်းခံသူများဖြင့် စည်ကားခဲ့သည့် မန္တလေးကျုံးပတ်လည်တွင် ပေါ်တာဆွဲမှုများကြောင့် သွားလာသူမရှိသလောက် နည်းသွားသည်။ (ဓာတ်ပုံ- Myanmar Now)
ညချမ်းအချိန် လမ်းလျှောက်သူ  လေညှင်းခံသူများဖြင့် စည်ကားခဲ့သည့် မန္တလေးကျုံးပတ်လည်တွင် ပေါ်တာဆွဲမှုများကြောင့် သွားလာသူမရှိသလောက် နည်းသွားသည်။ (ဓာတ်ပုံ- Myanmar Now)

ကျုံးဘေးပတ်လည်လမ်းထောင့်များတွင်မူ စစ်သားနှင့် အရပ်ဝတ်အချို့ က လမ်းသွားလမ်းလာများအား စောင့်ကြည့်နေသည်ကို တွေ့ရသည်။

“ကျုံးဘေးနား အရက်သောက်နေတာတို့၊ မယောင်မလည် လုပ်နေတာတို့ ဆိုရင် မသိမသာနဲ့ လာခေါ်သွား ကြတာ။ ပြီးရင် စစ်ထဲထည့်လိုက်တာ၊ ဘာမှ အဆက်အသွယ် မရတော့ဘူး။ အဲဒီလိုတွေ ခဏခဏဖြစ်လို့ ကျုံးဘေးကို လူသိပ်မလာရဲတော့တာ” ဟု မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

ဟိုတယ်သို့ ပြန်ရောက်၍ အိပ်စက်ရန် ပြင်ဆင်နေစဉ် ည ၁၀ နာရီခန့်တွင် အခန်းတံခါး လာခေါက်သဖြင့် ဖွင့်ပေးလိုက်ရာ ရဲများ၊ စစ်သားများ၊   အရပ်ဝတ် ဝတ်ဆင်ထားသူများကို တွေ့ရသည်။

“ဧည့်စာရင်းစစ်တာပါ။ ဘယ်ကလာတာလဲ၊ ဒီမှာ ဘယ်လောက်ကြာမလဲ၊ ဘာအလုပ်လုပ်လဲ” စသည့် မေးခွန်းပေါင်းများစွာကို မေးမြန်းကြ၊ စစ်ဆေးကြသည်။ 

ထိုသူများက အခန်းအတွင်း လှန်လှောရှာဖွေပြီးနောက် အခြားအခန်းသို့ ကူးပြောင်းသွားကြသည်။ နာရီဝက်ခန့် စစ်ဆေးပြီးနောက် အခြားတည်းခိုခန်းတစ်ခုသို့ ဆက်လက် ထွက်ခွာသွားကြသည်ဟု သိရသည်။

“မှတ်ပုံတင်မပါရင် လက်မခံရဲတာ အဲဒါကြောင့်ဗျ။ လူငယ် အရွယ်ကောင်းတွေဆို မသင်္ကာရင် ခေါ်သွားတယ်။ ကျွန်တော်တို့က ဧည့်သည်တွေအတွက်တင် မဟုတ်ဘူး၊ နယ်ကလာတဲ့ ဝန်ထမ်းတွေအတွက်ပါ ညတိုင်း စိတ်ပူနေရတာ”ဟု ဟိုတယ်မန်နေဂျာက ဆိုသည်။

နောက်တနေ့နံနက်တွင် ညပိုင်းက တည်းခိုနေရာ၌ ဧည့်စာရင်းစစ်သည့်ကိစ္စအား မိတ်ဆွေဖြစ်သူနှင့် လက်ဖက်ရည် သောက်ရင်း ပြောပြရာမှ မန္တလေးမြို့တွင်း ဖြစ်ပျက်နေသည့် စစ်မှုထမ်းပေါ်တာဆွဲသည့်  အခြေအနေများကိုပါ ပိုမိုသိရှိခဲ့ရသည်။

မန္တလေးမြို့မြင်ကွင်း။ (ဓာတ်ပုံ- Myanmar Now)

ပေါ်တာဆွဲကြမ်းသည့် မြို့တော်

မန္တလေးမြို့၏ အဓိက လမ်းဆုံလမ်းခွများတွင် စစ်တပ်နှင့်၎င်းတို့၏ လက်ဝေခံ ပျူစောထီး (ပြည်သူ့စစ်) ၊ အပြာရောင်ယူနီဖောင်းဝတ်များ (ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အမည် တပ်ထားသူများ) က လွှတ်ထားသည့် အရပ်ဝတ်သတင်းပေးများ နေရာတိုင်းရှိနေပြီး စစ်မှုထမ်းရန်အတွက် လူငယ်များကို သားကောင် ရှာသကဲ့သို့ အမြဲတမ်းချောင်းမြောင်းနေကြသည်ဟု သိရသည်။ 

ဆိုင်ကယ်ကယ်ရီသမားများနှင့် အိုးဝေမောင်းသူတချို့လည်း သတင်းပေး ဖြစ်နေပြီး ပျူစောထီးများနှင့် ချိတ်ဆက်ထားကြသည်။ အထူးသဖြင့် အဝေးပြေးကားဝင်းများတွင် နယ်မှလာသည့် အမျိုးသား လူငယ်များကို အဓိက ပစ်မှတ်ထားလေ့ရှိသည်ဟု ဆိုသည်။

“နယ်ကလာတဲ့ လူငယ်တွေ အိုးဝေငှားစီးရင် သွားချင်တဲ့နေရာကို မပို့ဘဲ တခြားနေရာ ခေါ်သွားပြီး ပျူလက် အပ်လိုက်တာမျိုး မကြာခဏ ဖြစ်နေတာ။ မိသားစုတွေက နောက်မှ လိုက်ရတာ”ဟု မြို့ခံမိတ်ဆွေအချို့က ပြောပြသည်။

စစ်မှုထမ်းရန် သားကောင်တွေ့ပါက ပျူစောထီးများထံ အကြောင်းကြားရပြီး၊ အဆိုပါ ပျူစောထီးများက လာရောက်ခေါ်ဆောင်ကာ ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် တပ်ရင်းများမှ အရာရှိများထံ ပြန်လည် ရောင်းချသည့် ဈေးကွက်တစ်ခုပင် ဖြစ်ပေါ်နေကြောင်း မန္တလေးမြို့ခံများက ဆိုသည်။

“ရပ်ကွက်တွေထဲက စစ်မှုထမ်း မဲပေါက်လို့ မသွားချင်တဲ့သူတွေကို လမ်းမှာ ဖမ်းဆွဲထားတဲ့သူတွေနဲ့ အစားထိုးတာပေါ့ဗျာ။ ကျွန်တော့်အမျိုးထဲက ကလေးဆို သိန်း ၁၀၀ နဲ့ ရွေးမှ ပြန်လွတ်လာတာ။ ဒါတောင် ဒီတစ်ကြိမ် အတွက်ပဲ၊ နောက်တစ်ကြိမ်အတွက် တာဝန်မယူဘူးဆိုလို့ ကလေးကို တခြားနေရာ ပို့လိုက်ရတယ်” ဟု မန်းမြို့သား လုပ်ငန်းရှင်မိတ်ဆွေတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်များသည် ဥပဒေကြောင်းအရ ကြည့်ပါက လူကုန်ကူးမှုမြောက်သော်လည်း စစ်တပ်နှင့် ပတ်သက်နေသဖြင့် ရဲတပ်ဖွဲ့ကလည်း ကိုင်တွယ်ရဲခြင်း မရှိကြောင်း သိရသည်။

လက်ဖက်ရည်သောက်ပြီးနောက် အလုပ်ကိစ္စအတွက် မိတ်ဆွေနှင့်အတူ ဈေးချိုဘက်သို့ ထွက်ခွာခဲ့သည်။

ဈေးချိုတော်သည် အထက်မြန်မာပြည်တခွင် စစ်ကိုင်း၊ ကချင်၊ ရှမ်း စသည့် ဒေသများသို့ ကုန်စည်များစီးဆင်းရာ လက်ကားဗဟိုချက် ဖြစ်ရုံမျှမက မန္တလေးမြို့၏ ယဉ်ကျေးမှုနှင့် စီးပွားရေး သမိုင်းဝင် အမွေအနှစ်တစ်ခုလည်း ဖြစ်သည်။  ဈေးချိုတော်၏ တောင်ဘက် (၂၆ လမ်းနှင့် ၈၄ လမ်းထောင့်) တွင် တည်ရှိသော နာရီစင်ကြီးသည် မန္တလေးမြို့၏ အဓိက သင်္ကေတတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။

ငလျင်ကြောင့် မန္တလေးမြို့ ဈေးချိုတော်နှင့် အနီးအနားရှိ ဈေးဝယ်စင်တာများ ပျက်စီးခဲ့ရပြီး အချို့ကို ပြန်လည်ပြုပြင်နေကြောင်း တွေ့ရသည်။

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ် စသည့် ဒေသများသို့ ကုန်စည်လက်ကား ဖြန့်ဖြူးပေးသည့် မန္တလေး ဈေးချိုကြီးမှာ ယခင်က ကြက်ပျံမကျ စည်ကားခဲ့သော်လည်း လက်ရှိတွင် နိုင်ငံအနှံ့ ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် စစ်မှုထမ်း စုဆောင်းမှုများကြောင့် ဝယ်ယူသူမရှိဘဲ ခြောက်ကပ်နေသည်။

ယခင်က ဝယ်ယူသူများဖြင့် ကြက်ပျံမကျ စည်ကားခဲ့သည့် ဈေးချိုတော်ကြီးကို ယခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ဈေးချိုအနီးရှိ ပလာဇာအချို့တွင် ဆိုင်ခန်းအများအပြား ပိတ်ထားရသည်။ ဖွင့်လှစ်ထားသည့် ဆိုင်ရှင် အများစုမှာလည်း  နွမ်းလျသည့်မျက်နှာများဖြင့် စျေးဝယ်သူအလာကို မျှော်လင့်နေကြရသည်။

“စစ်ဖြစ်တာရော၊ လမ်းတွေမကောင်းတာရောဆိုတော့ ဖောက်သည်တွေ ပျက်သွားတာပေါ့။ ဖောက်သည် အသစ် မျှော်ဖို့ကျတော့လည်း ပေါ်တာဆွဲတာတွေနဲ့ နယ်ကဖောက်သည်တွေ မလာရဲကြဘူး။ အွန်လိုင်းကနေ နည်းနည်း ပါးပါး ရောင်းရလို့သာ ခံသာတာ” ဟု ဈေးချိုမြေညီထပ်တွင် ဈေးရောင်းချနေသူ အမျိုးသမီးတစ်ဦးက အရောင်းအဝယ်မဖြစ်သည့် အခြေအနေအကြောင်း ရှင်းပြသည်။

“သီတင်းကျွတ်အချိန်လေးကို မျှော်နေရတာ။ အဲဒီအချိန် ဧည့်သည်ကျရင်တော့ ဒီနှစ် ကုန်ကျစရိတ်လေး ဖာနိုင်တာပေါ့” ဟု ဈေးချိုအပြင်တန်း၌ ဈေးရောင်းသူတစ်ဦးကလည်း ညည်းတွားသည်။

မရှိမဖြစ်လိုအပ်သည့် နေ့စဉ်စားသောက်ကုန်များ ရောင်းချရသော်လည်း လူသုံးကုန်ပစ္စည်း အများစုမှာမူ အရောင်းအဝယ် လုံးဝမရှိသလောက် အေးစက်သွားသည်ဟု ဆိုကြသည်။

ဈေးချိုတွင် အလုပ်ကိစ္စများ ဆွေးနွေးပြီးနောက် မိတ်ဆွေက မြို့ခံအရောင်းအဝယ် လုပ်ငန်းရှင်တစ်ဦးနှင့် ထပ်မံမိတ်ဆက်ပေးသည်။

စစ်မှုထမ်းကိစ္စကြောင့် လူတန်းစားအလွှာအသီးသီး သောကရောက်နေရသကဲ့သို့ မန္တလေးမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်အချို့ကြားတွင်လည်း ပြန်ပေးဆွဲသည့်သူများ(အရပ်အခေါ် ဇိုးများ)ကြောင့် စိုးရိမ်ထိတ်လန့် နေကြရသည်။

“ရွှေဆိုင်သမားတွေ၊ ကျောက်သမားတွေဆို မလုံခြုံဘူးဗျ။ သတိထားနေရတယ်။ ငွေရှိတယ်ဆိုတဲ့ ပုံစံနဲ့ မနေရဲတော့ဘူး။ စစ်မှုထမ်းအကြောင်းပြပြီး ငွေညှစ်ခံရတာတွေရော၊ ပြန်ပေးဆွဲ ငွေတောင်းတာတွေရော ရှိတယ်။ စီးပွားရေးက ဒီမှာပဲရှိတော့ တခြားမြို့လည်း ရွှေ့လို့မရဘူး”ဟု အဆိုပါလုပ်ငန်းရှင်က ဖွင့်ဟသည်။

မန္တလေးမြို့တွင်း လုယက်မှုများ မကြာခဏဖြစ်ပွားနေသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရသော်လည်း ကောလာဟလဟုသာ ထင်မှတ်ခဲ့မိသည်ဟု မိတ်ဆွေများအား  ပြောပြရာ အားလုံးက ပြုံးပြကြသည်။ သူတို့၏ အပြုံးအောက်တွင် စိုးရိမ်ထိတ်လန့်မှုများနှင့် စိတ်မသက်မသာဖြစ်မှုများကို အတိုင်းသား မြင်နေရသည်။

အလုပ်ကိစ္စများ ပြီးပြတ်သွားခဲ့သော်လည်း မန္တလေးမြို့၏ မလုံခြုံသည့် အခြေအနေများနှင့် မြို့ခံ မိတ်ဆွေများ၏ သောကများကြောင့် မြို့၏ အထင်ကရနေရာများသို့ လည်ပတ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကာ နောက်တစ်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့သည်။

အပြန်လမ်းတလျှောက်တွင် စစ်မှုထမ်း သောက၊ ဇိုးနှင့် ပျူစောထီးများ၏ ဘေးအန္တရာယ်ကြောင့် နေ့စဉ်နှင့်အမျှ သောကရောက်နေကြရသည့် မန္တလေးမြို့ခံမိတ်ဆွေများ၏ ပူပန်ညှိုးငယ်သော မျက်နှာများကိုသာ မြင်ယောင်နေ မိတော့သည်။

မန္တလေးမြို့ ကျုံးဘေးတွင် စက်ဘီးစီးနေသူတစ်ဦး။ (ဓာတ်ပုံ – Myanmar Now)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။