အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မော်လူးမြို့အနီး တိုက်ပွဲတွင် စခန်းနှင့်သုံ့ပန်းများရ၊ အရပ်သား သေဆုံးမှုများရှိ

စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည့် မော်လူးမြို့တောင်ဘက်အနီး စစ်တပ်စခန်းထိုင်ရာ ရွာသုံးရွာကို KIA၊ KPDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ရေးပြင်းထန်နေပြီး လေယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲနေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် မော်လူးမြို့အနီး  နိုဝင်ဘာလ ၄ ရက်မှ စတင်၍  တိုက်ပွဲများ ပြင်းထန်နေ ပြီး ကချင်လွတ်လပ်ရေးတပ် (KIA)နှင့် ပူးပေါင်းတပ်များက စခန်းသုံးခုနှင့် သုံ့ပန်းများရရှိခဲ့သလို  လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

KIA နှင့် ကချင်ဒေသကာကွယ်ရေး (KPDF) ပူးပေါင်းတပ်များက မော်လူးမြို့ တောင်ဘက်  စီပိန်း၊ ဖားပန့်နှင့် ပင်ဝယ် စသည့်ကျေးရွာသုံးရွာ၌ တပ်စွဲထားသည့် စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA တပ်မဟာ(၈) ထောက်လှမ်းရေးတာဝန်ရှိသူ အမျိုးသားတစ်ဦးက ယနေ့ ပြောသည်။

“အဓိက ရတာကတော့ မော်လူးအစပ်နားက စီပိန်းရယ်၊ ဖားပန့်ရယ်၊ ပင်ဝယ်ရယ် အဲဒီစခန်းသုံးခုရတယ်။ အဲဒီနားမှာ တောက်လျှောက်တော့ ပစ်နေကြတယ်။ ဒီနေ့ကတော့ လေယာဉ်မလာသေးဘူး။ မနေ့ကတော့ လေယာဉ် ဆက်တိုက်လာတယ်။ ဒီနေ့ကတော့ ရာသီဥတုကြောင့်လားမသိဘူး လေယာဉ်မလာသေးဘူး။​ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပဲ”ဟု  ထိုသူက ဆိုသည်။

ထိုစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ သေဆုံးသူ ဆယ်နှင့်ချီ ရှိခဲ့ပြီး ပြည်သူ့စစ်မှုထမ်း (ပစ) များနှင့် အမှတ် (၅၁၉) ခြေမြန်တပ်ရင်းတို့မှ စစ်သုံ့ပန်း ၁၈ ဦး ဖမ်းမိခဲ့သည်ဟု ထိုသူထံက သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုရွာများကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မော်လူးမြို့တောင်ဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။ အဆိုပါတိုက်ပွဲတွင် စစ်တပ်က အင်အားကောင်းကောင်းနှင့် ဆက်လက်ခုခံနေဆဲဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်များထံက သိရသည်။

“မော်လူးမြို့ရဲ့ မြောက်ဘက်ခြမ်းမှာတော့ သူတို့ ခံစစ်ပြင်ပြီးတော့မှလုပ်နေတယ်။ ပြည်သူလူထုတွေလည်း တချို့က ထွက်မရတော့ ပိတ်မိနေတာလည်းရှိတယ်။ တိုက်ပွဲကတော့ ဒီမနက်လည်း ဆက်ပြီးတော့ ဖြစ်နေတယ်။ ဒီမနက် နန့်စီးအောင် (ရွာ) ဘက်ကနေပြီးတော့မှ လက်နက်ကြီးတွေ တောက်လျှောက် ပစ်ကူပေးနေတာတွေ့ရတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကသာခရိုင်အမှတ် (၂) တပ်ရင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

မော်လူးမြို့မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာရှိ  စစ်တပ်စစ်ဆေးရေးဂိတ်ကို ယမန်နေ့တွင် KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ်က မော်လူးမြို့နှင့် အနီးဝန်းကျင်ဒေသများ လက်မလွှတ်ရရေးအတွက် မိုးညှင်းမြို့မှ စစ်ကူများပို့နိုင်ရန် ပြင်ဆင်နေသည်ဟု အထက်ပါ KIA ထောက်လှမ်းရေးတာဝန်ခံက ပြောသည်။

“အခုမိုးညှင်းထဲမှာတော့ သူတို့တပ်တွေစုနေပြီ မိုးညှင်း ၁၅၊ ၉၀၄ အမြောက်တပ်။​ အဲဒီမိုးညှင်းနားတဝိုက် တပ်တွေနဲ့ SNA (ရှမ်းနီတပ်မတော်) တွေ ပြည်သူ့စစ်တွေစုဖွဲ့ပြီးတော့ မိုးညှင်းတပ်မထဲမှာတော့ အင်အား ၃၀၀ လောက် စုထားပြီးပြီ။ အဲဒီတပ်တွေနဲ့ နန့်စီးအောင်နားကနေပြီးမှ မော်လူးကို တပ်ကူဆင်းဖို့တော့ ပြင်နေတယ်”ဟု KIA ထောက်လှမ်းရေး တာဝန်ခံက ဆိုသည်။

မြေပြင်တိုက်ပွဲပြင်းထန်နေသည်နှင့်အမျှ စစ်တပ်ကလည်း နိုဝင်ဘာလ ၅ ရက်မှစတင်၍ ယမန်နေ့အထိ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ရာ နိုဝင်ဘာလ ၆ ရက် တစ်ရက်မှာပင် အကြိမ် ၂၀ ကျော် ဗုံးကြဲခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များအဆိုအရ သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၈ ရက်) နံနက် ၁၁ ခွဲခန့်က မော်လူးမြို့တောင်ဘက် သုံးမိုင်ခန့်အကွာ ပုန်းဟုန်ကျေးရွာကို တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်သောကြောင့် အသက် ခြောက်နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့်အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦးနှင့်မိခင်တို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသအခြေစိုက် Kachin Waves သတင်းဌာနက ဖော်ပြထားသည်။

မော်လူးဒေသခံအမျိုးသမီးတစ်ဦးကလည်း ပုံးဟုန်ရွာအတွင်း ဗုံးကြဲမှုကြောင့် လင်မယားနှစ်ဦးအနက် အမျိုးသမီး သေဆုံးသွားသည်ဟု ကြားသိရကြောင်း ဆိုသည်။

စစ်တပ်၏ နေ့စဉ်နီးပါးလေကြောင်းဗုံးကြဲမှုများကြောင့် မော်လူးမြို့တောင်ဘက်ရှိ ကျေးရွာအချို့ နေအိမ်များ ပျက်စီးနေပြီး စီပိန်းကျေးရွာမှာ အများစုပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။

“မော်လူးအနီးက ရွာတွေပေါ့၊​ အဲဒီထဲမှာမှ မော်လူးကပ်လျက်က စီပိန်းပေါ့၊ စီပိန်းရွာကတော့ တော်တော်ကို ပျက်စီးသွားတယ်” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။ 

တိုက်ပွဲပြင်းထန်မှုကြောင့် မော်လူးမြို့ခံ အချို့သည် ကချင်ပြည်နယ် နန့်စီးအောင်ရွာနှင့် မိုးညှင်းမြို့နယ်များသို့ တိမ်းရှောင်နိုင်ခဲ့ကြသော်လည်း မြို့ခံအချို့မှာ စစ်တပ်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ပိတ်ဆို့မှုကြောင့် မြို့တွင်း၌ပင် ပိတ်မိနေသည်ဟု ဒေသခံများထံက သိရသည်။ 

“ပြည်သူတွေကတော့ အပြင်ကို မထွက်ရဘူးပြောတယ်။ ထွက်တာနဲ့ ပစ်သတ်မယ်ပြောတယ်။ ပြီးတော့ မော်လူးမြို့ထဲမှာလည်း အောက်ကိုဆင်းမယ့် ကားတွေက တတန်းကြီးပိတ်မိနေတယ်”ဟု အထက်ပါ ဒေသခံအမျိုးသမီးက ပြောသည်။ 

တိုက်ပွဲစတင်ဖြစ်ပွားသည့် (နိုဝင်ဘာလ ၄ ရက်) က မော်လူးမြို့တွင်း၌ ဒရုန်းဗုံးများကျရောက်မှုကြောင့် ကားတစ်စီး မီးလောင် ပျက်စီးခဲ့ရာ ယာဉ်မောင်းတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်ဟု သိရပြီး Myanmar Now အနေဖြင့် မော်လူးတိုက်ပွဲမှ ဒေသခံထိခိုက်သေဆုံးမှု အရေအတွက်နှင့် အသေးစိတ်ကို အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ KIA၊ ကျောင်းသားတပ် (ABSDF) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မော်လူးမြို့ကို ၂၀၂၃ ခုနှစ်တွင် သိမ်းပိုက်ပြီးနောက် အင်းတော်မြို့ကို ၂၀၂၅ ခုနှစ်တွင် သိမ်းနိုင်ခဲ့ပြီး စစ်ကိုင်း- ကချင် နယ်စပ်ဒေသကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့ရာတွင် ၂၀၂၆ ခုနှစ် ဧပြီလကုန်နှင့် မေလတို့တွင် စစ်တပ်က အဆိုပါ မော်လူးနှင့် အင်းတော်နှစ်မြို့လုံးကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ ယင်းနောက် စစ်ကိုင်း- ကချင်အစပ် တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပိတ်ဆို့ထိန်းချုပ်နိုင်ရန်ကြိုးစားနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။

အောက်တိုဘာလဆန်းမှစတင်၍ စစ်တပ်က ၎င်းတို့ထိန်းချုပ်ထားသည့် အင်းတော်မြို့မှ အင်အား ၅၀၀ ကျော်ဖြင့် မြို့တောင်ဘက်ကို စစ်ကြောင်းထိုးခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) 

က အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံး၊ ၁၅ ဦး ဒဏ်ရာရပြီး စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၈ ရက်က ထုတ်ပြန်ထားသည်။

ထို့နောက် ရက်ပိုင်းခန့်အကြာ အင်းတော်မြောက်ဘက် ၂၁ မိုင်ကျော်ခန့်အကွာ မော်လူးမြို့ကို  KIA၊ KPDF ပူးပေါင်းတပ်များက ထိုးဆင်စစ်လာသောကြောင့် လတ်တလောတွင် စစ်ရေးပြင်းထန်နေသည်။

မော်လူးမြို့အနီး စစ်ရေးအခြေအနေပြမြေပုံ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles